Showing posts with label Myanmar Victims. Show all posts
Showing posts with label Myanmar Victims. Show all posts

Thursday, March 31, 2011

Aids / Donation to Myanmar Earth Quake Victims

အားလုံးသိတဲ့ အတိုင်းပဲ မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှမ်းပြည် အရှေ့ပိုင်းနားမှာ နေသူတွေ အနက် တာလေ၊ မိုင်းလင်း၊ ကျကူနီရွာမှာ နေသူတွေ ငလျင်ဒဏ်ခံခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သလို အသက်ဆုံးရှုံးမှုတွေလဲ ဖြစ်ခဲ့ပါတယ်။

အခုလဲ တတ်နိုင်သလောက် ကူညီပေးချင်တဲ့ ဆန္ဒနဲ့ မိမိတို့ တစ်နိုင် အလှူငွေများ ကောက်ခံပြီး ငလျင်ဒဏ်သင့် ဘေးဒုက္ခ ရောက်သူတွေကို ကူညီဖို့ ဆောင်ရွက်နေပါတယ်။
ရည်ညွှန်း ။ ။ နိုင်းနိုင်းစနေ ရဲ့ “အလှူခံပါရစေ


အကျဉ်းအနေနဲ့ ပြောရရင် နိုင်းနိုင်းစနေ ဘလော့ထဲက အချို့ကို တင်ပြပါရစေ။

ရရှိတဲ့ငွေတွေကို လှူဖို့ဘယ်လို အစီအစဉ်ရှိလဲလို့ မေးမြန်းလာသူတွေကို အကြမ်းဖျင်း (လိုအပ်တာကို ဦးစားပေးပြီး) တွက်ချက်ပါတယ်။ ဒါကလဲ ငလျင်ဒဏ်သင့်သူတွေ လိုအပ်မယ်ထင်တဲ့အရာတွေကို ကိုယ်တိုင်သွားရောက် ကူညီခဲ့တဲ့ စိုင်းရဲ့မျက်မြင်ကိုယ်တွေ့တချို့ပါ။
အဲဒီဒေသမှာ အဓိကလိုအပ်နေတာက သောက်သုံးရေ၊ မိုးကာ၊ ရွက်ဖျင်၊ စားနပ်ရိက္ခာတွေပါ။ 
တကယ်လို့ ရေတွေကြည်လာပြီဆိုရင် ရေကိစ္စက ပြီးသွားပါပြီ။
နောက် တခြားလှူဒါန်းသူတွေကြောင့် မိုးကာတွေ လုံလောက်ပြီဆိုရင် နေအိမ်အတွက် ကျွန်မတို့လှူဒါန်းနိုင်ပါတယ်။ 
အိမ်တော်တော်များများ၊ ဘုန်းကြီးကျောင်း တော်တော်များများလည်း ပြိုပျက်သွားတဲ့အတွက် ယာယီအိမ်၊ ကျောင်း၊ တတ်နိုင်ရင် တတ်နိုင်သလို လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ အလှူငွေ ကောက်ခံရရှိတဲ့အပေါ် မူတည်ပြီး ဒာလှူကကြီးသင့်သလို ကြီးသွားမှာပါ။ 
အဓိက လှူဒါန်းဖြစ်မယ့်နေရာက ဝေးခေါင်ပြီး လူသူအရောက်နည်းတဲ့ နေရာဖြစ်ပါတယ်။ 
လှူဒါန်းမယ့်သူရှိပြီဆိုရင် တာချီလိတ်မြို့က စက်အား၊ လူအားနဲ့ကူညီမယ့်သူတွေက အဆင်သင့်ရှိနေပါတယ်။ 
လှူဒါန်းရရှိတဲ့ငွေတွေကို နေ့စဉ် အပ်ဒိတ်ဖော်ပြသွားမှာပါ။ 
အလှူဖြစ်မြောက်ဖို့အတွက် လိုအပ်တဲ့အကြံဉာဏ်တွေကိုလည်း ပေးနိုင်ကြပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်...
ဆက်သွယ်လှူဒါန်းလိုသူများ အောက်ပါ အဆက်အသွယ်ကနေ စုံစမ်း လှူဒါန်းနိုင်ပါတယ်။ အခုအချိန်မှာ မိမိတို့ရဲ့ တတ်နိုင်သလောက် ကူညီမှုများဟာ ငလျင်ဒဏ်သင့်သူတွေအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်။

စေတနာရှိသလောက် ပါဝင်လှူဒါန်းချင်သူများ
- မြန်မာပြည်ဆိုရင် စိုင်း "soelintck@gmail.com" 
- စင်ကာပူဆိုရင် ဘွိုင်းဇ် "mr.boyz@gmail.com" 
- အမေရိကန်ဆိုရင် "nineninesanay@gmail.com"
- ယူကေက ဆိုရင် "redpapyrus@gmail.com" ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

- PayPal အကောင့်နဲ့ လွဲချင်တယ်ဆိုရင်လဲ ရပါတယ်။ကျွန်တော်တို့ဆီကို အီးမေးလ်နဲ့ ဆက်သွယ်လိုက်ပါခင်ဗျား။ ပေးပဲလ်အတွက် ဆက်သွယ်ရမယ့် လိပ်စာကို ပို့ပေးလိုက်ပါ့မယ်။
- အထက်ဖော်ပြပါ နေရာများကို လွဲပေးဖို့ အခက်အခဲ ရှိနေသူများအတွက် ကျွန်တော်တို့ စီစဉ်ပေးနေပါတယ်။ ထပ် အကြောင်းကြားပေးပါ့မယ်။


ဒါမှမဟုတ် ထိုင်းနိုင်ငံတွင်းက လှူဒါန်းချင်သူများအတွက် ထိုင်းဘဏ်အကောင့်လဲ ရှိပါတယ်။
Bank - SIAM COMMERCIAL BANK PUBLIC COMPANY LIMITED. THAILAND.
NAME - MISTER U MYINT LWIN
A/C No. - 636-215770-1

ကောက်ခံရရှိလာတဲ့ အလှူငွေနဲ့ အလှူရှင်များ စာရင်းကို ဒီမှာ ဖတ်ရှုပြီးတော့ ကုသိုလ်ယူ ပီတိပွားနိုင်ကြပါပြီ။

Monday, March 28, 2011

Myanmar Earth Quake Update Image 27/03/2011 (Kya-Ku-Ni)

တာချီလိတ်က သူငယ်ချင်း ကိုစိုင်း မနေ့က ကျကူနီ ရွာကို ရောက်အောင် သွားခဲ့ပါတယ်။
လမ်းအခြေအနေက အတော်ကို ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ သူကြုံခဲ့ရတာတွေကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါတယ်။

ခရီးမဝေးပေမယ့် လမ်းဆိုးတော့ ညနေ ၅နာရီခွဲလောက်မှအဲဒီကိုရောက်တယ်။ 
ကားလမ်းကသွားမရအောင်ဆိုးတယ်။ 
ဆိုင်ကယ်ပဲ မနည်းမောင်းရတယ်။ 
ရွာမှာ အိမ်၁၄၀ကျော်လောက် ပျက်စီးသွားတယ်။ 
အကုန်နီးပါးလောက်ဆိုပါတော့ ။ 
လူကတော 22 ယောက်သေပြီး 57 ယောက်ဆေးရုံတင်ထားရတယ်။ 
အနည်းအပါးထိခိုက်တာကတော့ မနည်းဘူး။
အဲဒီက အရမ်းခေါင် ဝေးလွန်းတဲ့အတွက် ကူမယ့်သူက ဘယ်သူမှမရောက်ဘူး။ 
ရွာမှာတော့ စစ်တပ်ကလာပို့ထားတဲ့ ခေါက်ဆွဲဖာနဲ့ ရေသန့်တွေနည်းနည်းပဲရှိတယ်။ 
 လူကြီး 2ယောက်3 ယောက်လောက်ပဲ ရွာမှာကျန်တော့တယ်။ 
ကျန်တဲ့သူတွေကတော့ ထွက်ပြေးကုန်ကြပြီ။ ညဆို ရွာမှာမအိပ်ရဲကြလို့ တောထဲ၊ တောင်ယာတဲတွေမှာ သွားအိပ်ကြတယ်။ 
သူတို့လူအများသေရတာက ဘုရားရှိခိုးကျောင်းထဲမှာ ဆုတောင်းပွဲကျင်းပနေချိန်မှာ ငလျင်လှုပ်လိုက်လို့ ဘုရားကျောင်းပြိုကျပြီး အကုန်လုံး ဒုက္ခရောက်ကုန်တာ။ 
သေတာ လူငယ်တွေများတယ်။ 
အဲဒီကျောင်းမှာ ပဲ 22ယောက်လုံး တစ်ချိန်တည်းသေသွားတော့ ရွာသားတွေ သွေးပျက်ကုန်တာ။ 
ဆေးရုံတက်တဲ့အထဲက တစ်ယောက်ကတော့ တနေ့က ထပ်သေသွားတယ်။ 
နောက်သူတို့က ဗဟုသုတမရှိတော့ သူတို့ရွာ မြေကြီးထဲရောက်မယ်လို့ယုံကြည်နေကြတယ်။ 
အဲမှာက မြေကြီးအော်သံ ခဏခဏကြားရတယ်။ 
ငလျင်ဗဟို(epicenter) နဲ့က ၃မိုင်လောက်ပဲဝေးတော့ တော်တော်ဆိုးဆိုးဝါးဝါးခံခဲ့ရပုံပဲ။ 
ကျန်ခဲ့တဲ့သူတွေ မနေရဲကြတော့ဘူး။

20°40'40.88" N  99°59'39.24" E
  အဲဒီ ကုဒ်ကို Google Earth ကနေကြည့်ရင်ရတယ်။ 
အဲဒါ ကျကူနီရွာပဲ။
 ပုံတွေကိုတော့ အောက်မှာ ပြထားပါတယ်။  











Friday, March 25, 2011

Myanmar Earth Quake Damages (Tarlay Town, Near TaChiLeik, Myanmar)

 AKM-Khuntha blog မှ ထပ်ဆင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ဘလော့ဂ်ပိုင်ရှင်ထံမှ စီဘောက်တွင် ခွင့်ပြုချက်တောင်းခံပြီး ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်။
All post and photos credit go to Ko Aung Kyaw Min
======================================================

တာလေမြို့ ငလျှင်လှုပ်ပြီး အခြေနေများ

မနေ့ညက လှုပ်ခတ်ခဲ့သော ငလျှင်သည် တာချီလိတ်မြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် တာလေမြို့နယ်တွင် ငလျှင်ဒဏ်အဆိုးဆုံး ခံခဲ့ရသည် လူအသေပျောက်ကို အတိအကျသိရသေးပါ. ရာကျော်နိုင်သည့်ဟု ခန့်မှန်းနေကြသည်. တာချီလိတ်-မယ်ဆိုင်တွင် လှုပ်ရုံသာလှုပ်ခဲ့ပြီး အပျက်အစီး မများခဲ့ပါ.

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Saturday, May 31, 2008

အကြင်နာတွေနဲ့ ဖေးကူပါ...။ (မြန်မာ အနုပညာရှင်များ သီဆိုသည်...။)

Update(11 June 2008) : Comment တွင်ရရှိသော request ကြောင့် ဤပိုစ့်တွင် မူလက တင်ထားသော mp3 file ကို ဖယ်ရှားထားပါသည်။ ကိုခင်မောင်သန့်မှ request လုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

I am khin mg thant (Iron Cross)who organized to produce a song regarding to Nargis donation.Our works not finish yet.But the song has been exposed to the website some unscrupulous people.Our intention is to donate for Nargis people . The singers also contributed out of their own heart for donation .Please i have to request not to use this song at this time. After we have donated you can use it If it is in ur blog pls cancel it .By helping us you r helping them also we hope u r in a position to help .Thanks for ur help.Please forward to other blog who might use this song
with thanks,

KMT(IC)

တစ်လောက စင်ကာပူမှာ တရုတ် ငလျင်ဘေးအတွက် ရန်ပုံငွေ ရှာဖွေပွဲအဖြစ် စင်ကာပူကနေ ကမကထလုပ်ပြီး ထင်ရှားတဲ့ အနုပညာရှင်များကို ဖိတ်ခေါ်ကာ အနုပညာစွမ်းနဲ့ လိုက်ဖ်ရှိုးတစ်ခု ကျင်းပခဲ့ပါတယ်...။
ရန်ပုံငွေပေါင်း ဒေါ်လာ သန်းနဲ့ချီပြီး ရသွားပါတယ်...။
အဲဒီပွဲကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည်က မုန်တိုင်း ဒုက္ခသည်များအတွက် ဒီလိုရန်ပုံငွေ ရှာဖွေပွဲတစ်ခု လုပ်ပေးနိုင်ခဲ့ကြရင် ကောင်းမှာပဲလို့ ချဉ်ခြင်းတပ်မိပါတယ်...။
မဖြစ်နိုင်မှန်းတော့ သိတာပေါ့...။
ဒီလို ကူညီမှုတွေနဲ့ ပါတ်သက်တဲ့ သီချင်းတွေကလဲ ရှားတော့ ပွဲလုပ်ဖြစ်ရင်တောင်မှာ အချစ်သီချင်း၊ အသဲကွဲ သီချင်းတွေနဲ့ပဲ ဖျော်ဖြေရမှာပါ့ လို့ ထင်မိခဲ့ပါတယ်...။ No offense! Just my thoughts only.
(အိုင်စီ ၁၅ နှစ်မြောက် အန်ပလဂ်တုန်းကတော့ ကွယ်လွန်သူ ထူးအိမ်သင် ရေးတဲ့ “လောကကို အလှဆင်ကြစို့” သီချင်းလား မသိဘူး..။ အဲဒီသီချင်းတစ်ပုဒ်ပဲ အချစ်အကြောင်းနဲ့ ကင်းတာ...။ စောဘွဲ့မှူး သီချင်းများလဲ ရှိရင်ရှိမှာပေါ့...။)
မှတ်မိတဲ့ တစ်ခြား သီချင်းကတော့ ဆောင်းဦးလှိုင်ရေးပြီး ဆောင်းဦးလှိုင်၊ အေးချမ်းမေ၊ စည်သူလွင် ဆိုတဲ့ “ငြိမ်းချမ်းရေး နှင်းဆီ” သီချင်း...
မျိုးကြီးဆိုတဲ့ “နေရောင်အောက်က အသက်ရှုသံများ” သီချင်းတို့....။

အခု နောက်ဆုံး သီဆိုလိုက်ကြတဲ့ သီချင်းကတော့ ရင်ကို တိုက်ရိုက်ထိရှတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်...။
အင်တာနက် ဘလော့ဂ်စာမျက်နှာများ၊ အီးမေးလ်များ၊ အွန်လိုင်း စာမျက်နှာများမှာ လတ်တလော ပျံ့နှံ့နေတဲ့ သီချင်းပါ...။
နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်သွားတဲ့သူတွေကို ရည်စူးပြီး ရေးသားသီဆို ထုတ်လုပ်တဲ့ သီချင်းလို့ ယူဆမိပါတယ်...။ “အကြင်နာတွေနဲ့ ဖေးကူပါ” လို့ အမည်ရပါတယ်...။
ဒီသီချင်းကြောင့် လူသားချင်း စာနာထောက်ထားတဲ့ စိတ်ထားများ ပွားများနိုင်ပါစေ...။
အချင်းချင်း ဒီ့ထက်မက ကူညီနိုင်ကြပါစေ...။ တေးရေးတော့ ဘယ်သူလဲတော့ သေချာ မသိဘူး။ စာသားကြည့်ရတာ ၀င်းမင်းထွေးနဲ့ တစ်ခြားသူနဲ့ ပေါင်းရေးတာလား မသိဘူး...။

သီဆိုတဲ့ အနုပညာရှင်များတော့ နားထောင်မိတဲ့အထဲက မှတ်မိသလောက်
၀၁။ လေးဖြူ
၀၂။ အငဲ
၀၃။ ၀ိုင်ဝိုင်း
၀၄။ မျိုးကြီး
၀၅။ ဇော်ပိုင်
၀၆။ ကြိုးကြာ
ဝရ။ လေးလေးဝါး
၀၈။ ထူးအယ်လင်း
၀၉။ ချောစုခင်
၁၀။ စင်ဒီ ???
၁၁။ ဆုန်သင်းပါရ်
၁၂။ ရှင်ဘုန်း or ခင်ဘုန်း ??? (တယ်လီဖုန်း သီချင်းဆိုတဲ့သူ)
၁၃။ ကိုအောင် ???
၁၄။ အယ်နောင်း ???
၁၅။ ဟန်ထွန်း
၁၆။ ဖြူဖြူကျော်သိန်း
၁၇။ R ဇာနည်
၁၈။ L လွန်းဝါ ???or လင်းနစ် ??? (နောက်ဆုံး chorus ပိုဒ် မတိုင်ခင် အသံချိုချိုနဲ့ ၀င်ဆိုတာ...။)

(???? တွေက မသေချာပါ...။ အသံကို သေချာ မကျက်မိတော့လို့ပါ...။)

တို့ ဖြစ်ပါတယ်...။

(မူရင်း တေးရေး/တေးဆို/ထုတ်လုပ်သူများထံ ခွင့်မတောင်းပဲ မျှဝေခြင်း ဖြစ်ပါသည်...။ စီးပွားရေးအတွက် မျှဝေခြင်း မဟုတ်တဲ့အတွက် နားလည်ကြပါလိမ့်မယ် ထင်ပါတယ်...။ အချိန် အတိုင်းအတာ တစ်ခုအထိသာ ကျွန်တော့် ဘလော့ဂ်ပေါ်မှာ တင်ထားမှာ ဖြစ်ပါတယ်..။ ညာဘက် အပေါ်က side bar မှာ အဲဒီ သီချင်းပေါင်းလေးပုဒ်ကို တင်ထားပေးပါတယ်...။)

အောက်ကတော့ အကြင်နာတွေနဲ့ ဖေးကူပါ သီချင်းရဲ့ စာသားတွေပါ...။


အကြင်နာတွေနဲ့ ဖေးကူပါ..။
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင် ပျက်စီးသွား

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား ...
အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့
အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ


Song Lyrics Credit to : နေနေနိုင်
ဖြည့်စွက်ချက်။ ။ သီချင်းကို သေချာ နားထောင်ပြီးတဲ့နောက် သီချင်းကို ရေးစပ်သီကုံးသူ တေးရေးဆရာ၊ ပါဝင် သီဆိုကြတဲ့ အနုပညာရှင်များ၊ တီးခတ်ပေးကြတဲ့ အနုပညာရှင်များ၊ ထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာများကို သန့်သန့်လေး ကျေးဇူးတင်မိတယ်...။

Monday, May 26, 2008

What a Wonderful and Unfair World ?

ဒီနေ့ကြားလိုက်ရတဲ့ သတင်း တစ်ခုကြောင့် လောကကြီးကို အရမ်း... အရမ်းကို အံ့သြမိပါကြောင်း...။
လောကပါလ တရားဆိုတာကို ပိုပြီး သံသယဖြစ်မိပါကြောင်း...။
ကောင်းတာ လုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ တရားကို မယုံကြည်သလို ဖြစ်လာတဲ့ အကြောင်း...။

အကြည်ဓါတ် ပိုခမ်းသွားပြီ...။
ရေးမလို့ ပြင်နေတဲ့ စာတွေ ပျောက်ကုန်ပြီ...။

စိတ်ကုန်တယ်...။
စိတ်ပျက်တယ်...။
စိတ်လေတယ်...။
ရွံရှာတယ်...။
စက်ဆုပ်တယ်...။

တစ်ကယ်ကို ပြောစရာ စကားတွေ ကုန်သွားပြီ...။
တစ်ကယ်... လေတယ်... ဒီနေ့...။

Saturday, May 24, 2008

နေရောင်အောက်က အသက်ရှုသံများ။

ခပ်ကြမ်းကြမ်းလေး ၀င်သရမ်းသွားတဲ့
သဘာဝတရားရဲ့ ကျီစယ်မှု...။
ဖန်လုံအိမ်ကြောင့်တဲ့...။
သဘာဝတရားကို လျှော့တွက်တတ်တဲ့
လူ့သဘာဝကြောင့်တဲ့...။
အရိပ်လို ကပ်ပါလာတဲ့
အတိတ်က ကံတရားကြောင့်တဲ့...။

အပြစ်ကင်းတဲ့ ကလေးများရဲ့
ချစ်စဖွယ် ရီသံများနဲ့
စည်ကားနေခဲ့တဲ့ နေရာက
အခုတော့
တစ်စပြင် တစ်ခုလို
တိတ်ဆိတ်လို့...။

အကွယ်အကာမဲ့တဲ့
အမိုးမဲ့တဲ့ဗလာထီးထီး
ကမ္ပလာမြေထု အထက်ဆီမှာ
တစ်ယောက်တည်း ရပ်နေရင်း
အနောက်ဘက်ဆီမှာ
မိုးညို့လာရင်ကို
စိုးထိတ်နေမိပြီ...။

ခိုနားဖို့ အတွက် အရိပ်တစ်ခု...။
နောက်မနက်တစ်ခု အတွက်
အသက်ဆက်ဖို့
ရေကြည်တစ်ပေါက်...။
နေ့သစ်တစ်ခုကို
တစ်ဖန်ပြန်ကြုံရဖို့
လိုအပ်နေတဲ့ အစားတစ်လုတ်...။
ဘယ်မှာလဲ... ဘယ်မှာလဲ... ဘယ်မှာလဲ...။

မျှော်လင့်ခြင်းနဲ့ ငတ်မွတ်နေတဲ့
မျက်လုံးအစုံများ...။
စိုးရိမ်မှုနဲ့ ထုံမွမ်းနေတဲ့
အတွေးနက်နက်များ...။
မရောရာတဲ့ မနက်ဖြန်ပေါင်းမြောက်များစွာ...။


အော်...
ဒါလား သဘာဝတရားရဲ့ ကျီစယ်မှု...။
ဒါလား ဖန်လုံအိမ် အာနိသင်...။
ဒါလား အတိတ်က ကမ္မ အကျိုးအာနိသင်...။

လောကကြီး...
ခင်ဗျား သိပ်ရက်စက်တယ်...။

(မယောင်ရာ ဆီလူးနေကြသော၊ တုံ့ပြန်မှု နှေးကွေးနေသော သူများသို့...။ )

Friday, May 23, 2008

Yesterday .... မနေ့က

မနေ့က
အားကုန်လုဆဲဆဲ ပန်းပွင့်ကို
မြေသြဇာ သွန်းလောင်းနိုင်ခဲ့တယ်...။

မနေ့က
ရွက်ကျပင်ပေါက် တစ်ပင်ရဲ့
တွယ်ရာမဲ့ နိဒါန်းကို
အဆုံးသတ်ဖို့
အစပျိုးတဲ့ ဇာတ်ကွက်ကို
တွေ့ရတယ်...။

မနေ့က
ကိုယ့်အရိပ်ကို ပြန်လန့်နေတဲ့
အတိတ်တစ္တေအခြောက်ခံသူများရဲ့
ဆင်ကန်းတောတိုး ကမူးရှုးထိုး
တုန့်ပြန်မှုကို
ခါတိုင်းလို ကြုံရပြန်တယ်...။

မနေ့က
မနိုင်ဝန်ထမ်းပြီး
မဖြည့်စွမ်းနိုင်တဲ့ ဂတိတွေ
အထပ်ထပ် အခါခါ
ပေးခဲ့တဲ့၊ ပေးနေတဲ့၊ ပေးနေဦးမယ့်
လူတစ်ယောက်ကို တွေ့ခဲ့တယ်...။

မနေ့က
ရှာမှရှားတဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခု
အစပျိုးခြင်းကို ကြုံလိုက်ရတယ်...။

မနေ့က
တစ်သက်လုံး ကြားလာခဲ့တဲ့
စကားပုံတစ်ခု
ပြောင်းပြန်ဖြစ်တာ
ကြားဖူးသွားတယ်...။

မနေ့က...
မနေ့က...
(မနေ့က...)။

Thursday, May 22, 2008

Keep It Up!!

ဒီခရီးကို ဒီထီးနဲ့ ဆက်သွားမလား...။
ဒီမိုးနဲ့ ဒီလေနဲ့...
ဒီလူနဲ့ ဒီအပူနဲ့...

ဆိုက်ချင်တဲ့ ကမ်းဆိုက်...
ရောက်ချင်တဲ့ သောင်ရောက်...

လက်သည်းကို ဆိပ်မိမှ
လက်ထိပ်နာမယ်...။

တွယ်ရာမဲ့ဗေဒါကို
ပန်းပန်ပေးလိုက်ရအောင်...။

ဒိုက်ဖတ်တွေ
ရေမှော်တွေ
အဝေးကိုသွား...။

ကဲ...လာခဲ့...။

ဟိုး.... အရှေ့မှာ
ရောင်နီပျို့လာပြီ...။
မိုးရိပ်မဆင်ခင်
အရောက်သွားရအောင်...။

(လှမ်းလင့်ကူညီနေကြသော လက်အစုံပေါင်းများစွာသို့...။)

Sunday, May 18, 2008

လာခြင်းမကောင်းခဲ့သော...။

ငါ...
အံကြိတ်နေတယ်။

မနေ့က
တွေ့ဖြစ်သေးတယ်။
ဒီနေ့ မရှိတော့ဘူးတဲ့။
မျှော်လင့်ချက်တွေကို
ရိုက်ချိုးသွားတဲ့
ချိုးဖြူငှက်ကို
ရှားမီးခဲထဲ
ငါ...
စိတ်ကူးနဲ့ ပစ်ထည့်လိုက်တယ်။

မြင်ကွင်းထဲမှာ
(သူတို့တွေ)ရေထဲမှာ မတ်တပ်ရပ်လို့၊
(သူတို့တွေ)အရှက်တရားကို လမ်းဘေးမှာ ခ၀ါချခဲ့လို့၊
(သူတို့တွေ)လှမ်းနေတဲ့ လက်တစ်စုံ၊
(သူတို့တွေ)ပုတ်ချဖို့ ကြိုးစားနေတဲ့ လက်တစ်စုံ၊
လေဟာနယ်ထဲမှာ
ပျောက်ကွယ်သွားတော့မယ့် ၀ိညာဉ်တစ်ခု၊
အော်.... ဒီလိုနဲ့ မိုးချုပ်သွားပြီလေ။

မနက်ဖြန်မှာ ပြူထွက်မယ့် နေမင်းတစ်စင်းကို
မြင်နိုင်ဖို့ အခွင့်အလမ်း...။
နေ့သစ်တစ်ခုကို စတင်မယ့် အခွင့်အလမ်း။
လတ်တလော ဟာနေတဲ့ ၀မ်းကို
ဖြည့်ပေးမယ့် အာဟာရ တစ်ခု။
သူတို့တစ်တွေ
လောကဓံရဲ့ အလှည့်အပြောင်းမှာ
ဘယ်လောက်ကြာကြာ
အံတုနိုင်မှာလဲ...။

“အဘတို့ အစ်မတို့ကလဲ ကြာလိုက်တာ”တဲ့...။
ဂျာရစ်က ဦးခွေးကို ပြောနေတုန်းလား။
ဘုန်းဘုန်း ကျက်သရေခန်းထဲက ငှက်ပျောသီးရော
ရှိသေးရဲ့လား...။

“မကြာခင် မင်းနို့စို့ရမှာပါ”တဲ့...။
အမေပျောက်နေတဲ့ သားကလေးကို
ဇနီးပျောက်နေတဲ့ အဖေက နှစ်သိမ့်ရင်း
ဘယ်တော့မှ မတွေ့နိုင်တော့တဲ့
သူ့ကြင်သူသက်ထားကို မျှော်နေတယ်...။

“ကျွန်တော်ပါ လိုက်သွားရမှာ”တဲ့...။
သစ်ကိုင်းကို ဖက်တွယ်ရင်း
သူတို့ကလေး ရေထဲမျှောသွားတာကို
မိန်းမ သိအောင် ပြောလိုက်လို့
နောင်တရနေတဲ့ သူတစ်ယောက်။
သိသိချင်း သစ်ကိုင်းကို လွှတ်လိုက်တဲ့
မိန်းမကို သူမြင်ယောင်နေမလား...။

ငါ...
အံကြိတ်နေတယ်။

(နာဂစ်ရေ...။
တစ်ကယ်တော့ မင်းဟာ
ဘယ်တုန်းကမှ
လာခြင်းကောင်းသော ဧည့်သည်တစ်ယောက်
မဟုတ်ခဲ့ဘူးဆိုတာ ...။)

Monday, May 12, 2008

Nargis True Story ...

နေးတစ်ဖိုရမ်က ကိုမင်းအို တင်ထားတဲ့ စာလေးတစ်ပုဒ်ပါ...။ သူကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်...။

“ကျွန်တော် ငိုနေခဲ့တယ်...။ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ စီးကျလာတယ်...။ လူမမြင်အောင် တစ်ဖက်လှည်ပြီး သုတ်နေရတယ်...။

ထမင်းစားတာဗျာ... ငရုတ်သီးနဲ့ စားနေရလို့...။

...ကျွန်တော် ထမင်းဆာနေတယ်အစ်ကို... ခင်ဗျားဘယ်မှာနေလို့လဲ... ဒုက္ခသည်စခန်းမှာပါ... ခင်ဗျားတို့စခန်းက ထမင်းမကျွေးဘူးလား... ကျွေးပါတယ်အစ်ကို... ဒါပေမယ့် ကျွန်တော် မစားနိုင်ဘူးဖြစ်နေတယ်... ဟင်းမကောင်းလို့လား... မဟုတ်ဘူးအစ်ကို ကျွန်တော် ရူးနေပြီ၊ ကျွန်တော် ဘာမှ စားမ၀င်တော့ဘူး၊ အဲဒီနေ့က ကျွန်တော်ရယ် ကျွန်တော့်မိန်းမရယ် သမီးသုံးယောက်ရယ် အတူတူရှိနေခဲ့တယ်၊ ၀ုန်းဆိုတဲ့အသံကြီးနဲ့အတူ အိမ်က ပွင့်ထွက်သွားပြီး ရေတွေထဲကို ကျွန်တော်ရောက်သွားတယ်၊ ကျွန်တော် သတိရတော့ ကျွန်တော့် မိန်းမနဲ့ သမီးလေးတွေ မရှိတော့ဘူး၊ ဘယ်မှမှ ရှာမတွေ့တော့ဘူး၊ ကျွန်တော့်သမီးအကြီးလေးဆို ၁၈နှစ်ပြည့်တာ လပိုင်းပဲ ရှိသေးတယ်...

...ကျုပ်ဗျာ ဟောဒီလက်နဲ့ ကျုပ်မိသားစုကို ဆုပ်ထားတာ၊ ရေတွေက တ၀ုန်းဝုန်းနဲ့လာရိုက်နေတယ်... လက်တွေက တဆတ်ဆတ်တုန်နေတယ်... ကျုပ်လက်ကို မလွှတ်ဘူး... ဒီဆုပ်ထားတဲ့လက်ကလေးတွေ လွတ်ထွက်သွားရင် သူတို့ကို တစ်သက်လုံး ပြန်တွေ့ရတော့မှာ မဟုတ်ဘူး... ဒါပေမယ့်ဗျာ ကျုပ်ဆုပ်ထားပါလျက်နဲ့ အဲဒီလက်တွေ ပြုတ်ထွက်သွားတယ်... အခု ဒီစခန်းမှာ ကျုပ်တစ်ယောက်တည်း...

... လေတွေက အနီရောင်ကြီး မြင်နေရတာ၊ ကျွန်မတို့ကြည့်နေတုန်းပဲ မီးပွားတွေ လွင့်လာတယ်... ဘယ်ကမီးတွေ ပါလာတာလဲ... သဲတွေက လေထဲမှာ အချင်းချင်းပွတ်ပြီး မီးပွင့်လာတာပြောတာပဲ၊ သေသေချာချာတော့ မသိဘူး၊ ကျွန်မယောက်ျားဆိုရင် ကျောမှာ မီးလောင်ဒဏ်ရာတွေကိုမနည်းဘူး...

... ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရေလည်းမလာပါဘူး၊ စားစရာလည်းမလာပါဘူး၊ အဲဒါနဲ့ အခု ကျွန်တော်နဲ့ ဒီကကောင်လေးတွေ အကူအညီရောက်လာတဲ့ ပစ္စည်းတွေ ကူထမ်းပေးနေတယ်၊ ရတဲ့ ရိက္ခာလေးကို ဒီစခန်းမှာ ပြန်မျှကျွေးနေပါတယ်...

... သူတို့စားတဲ့ဆန်ကို ကြည့်ပါဦးဟယ်၊ ၀ါထိန်နေတာပဲ၊ ပုပ်စော်လည်း နံနေသေးတယ်... အဲဒါရေစိုလို့ ပျက်စီးနေတဲ့ ဆန်တွေလေ... ဟယ် ငါတို့လာလှူတဲ့ ဆန်တွေရော... အဲဒါတွေက ဂိုဒေါင်တွေမှာ သိမ်းထားတယ်... မမိုက်ပါဘူးဟယ်၊ သူတို့က ဆန်စိုက်ပြီး သူတို့ပြန်စားတဲ့ဆန်တွေကျတော့ ဒီလောက်တောင် ဆိုးရသလား...

... ကျွန်တော်က စီဒီအမ်အေဖုန်းကျတယ်ဆိုလို့ ပုသိမ်မှာ ဖုန်းသွားထုတ်တာ... အခုတော့ ကျွန်တော့် တစ်အိမ်လုံးမှာ ကျွန်တော် တစ်ယောက်တည်းကျန်တယ်ဗျာ...

...ဘုန်းကြီးပြော ဘာကိစ္စလည်း... ဒီလိုပါ ဥက္ကဋ္ဌကြီးရယ်၊ ဦးဇင်းကျောင်းမှာ ဒုက္ခသည် ၆၀၀ကျော် ရောက်နေပါတယ်၊ ဦးဇင်းတို့လည်း တတ်နိုင်သလောက် ကျွေးထားပါတယ်၊ အခုဟာက ၆ရက်ရှိသွားပြီ၊ အဲဒါ ဦးဇင်းတို့မှာ ကျွေးဖို့မရှိတော့လို့ အကူအညီလာတောင်းတာပါ... အဲဒီကိစ္စကို ဦးဇင်းတို့ ရ.ယ.က ဥက္ကဋ္ဌနဲ့ပြောပြီး၊ သူထောက်ခံရင် တပည့်တော်နဲ့ ၀န်ကြီးလာကြည့်မယ်၊ အပြည့်တော့မရနိုင်ဘူး၊ ရသလောက် လှူမယ်... ဘယ်အချိန်လောက်လာမလဲ ဒကာကြီး... ဒီမှာ ဒီလောက် အလုပ်များနေတာ ဦးဇင်းတွေ့တာပဲ၊ အားတဲ့အချိန်လာမှာပေါ့၊ အလှည့်ကျလာနေတာပဲဟာကို...

...အဲဒီနားတွေက သွားလို့မရဘူးအစ်ကို၊ ဘေးပတ်လည်မှာ အလောင်းတွေ ပုံနေတာပဲ၊ လူတွေလည်း ၀မ်းရောဂါဖြစ်နေကြတယ်၊ ကယ်ဆယ်ရေးကလည်း အဲဒီဒေသတွေကို မရောက်သေးဘူး၊ သူများတွေပြောတာတော့ အဲဒီလူတွေဆီက ရောဂါပိုးတွေ ဒီဘက်မကူးအောင် သေပလေ့စေလို့များ ပစ်ထားတာတဲ့...

... မြင်မကောင်းပါဘူးဗျာ... သစ်ပင်တွေပေါ်မှာ ချိတ်နေတဲ့ အလောင်းတွေဆိုတာ နည်းမှ မနည်းတာ...

... ပင်လယ်ဝမှာတော့ အများကြီးပဲဗျ... အလောင်းတွေရယ်... ဒီလိုပဲ ရေထဲမှာ ပုပ်ပွနေကြတာပဲ... ဆယ်ရက်လောက်ပါပဲ သူ့ဘာသာ အရိုးကျသွားမှာပါ...

... ကျွန်တော်ဗျာ ရေလုံးကြီးနဲ့ပါသွားပြီး လက်ကို သစ်ကိုင်းတစ်ခုလာထိလို့ ဖမ်းဆွဲထားလိုက်တာ... ရေကျသွားတော့ ကျွန်တော်ရောက်နေတာ အုန်းပင်ထိပ်ဖြစ်နေတယ်...

... လေကြောင့်သေတာမဟုတ်ရပါဘူးဗျာ... ဒီရေက ပေ ၂၀လောက်တက်လာလို့ ကျုပ်တို့ရွာ ရွာလုံးကျွတ်သွားတာ...

ခင်ဗျားတို့ရော မျက်ရည်ကျနေသလား...။

ကျွန်တော့်လိုပဲ ထမင်းဖြူကို ငရုတ်သီးစိမ်းနဲ့ စားမိဟန်တူပါရဲ့...။

ဒီငရုတ်သီး သိပ်စပ်တယ်ဗျာ...။ နော်...။

မနေ့က...။””

နေရောင်အောက်က အသက်ရှုသံများ။ Pls Help Myanmar Nargis Victims

အခုလို အချိန်မှာ ဒီသီချင်းနဲ့ လက်ရှိအခြေအနေဟာ အလိုက်ဖက်ဆုံးပါ...။
တို့လက်တွေ မြဲမြဲတွဲပြီး ကူညီပေးကြပါစို့...။


Get Music Tracks! Create A Playlist!


တစ်လက်စတည်းမှာပဲ ကိုထရက်ရှ် ပြောပြတဲ့ ဒီဇာတ်လမ်းလေး ဖတ်ကြည့်ပါဦး...။
ဖတ်ရင်းနဲ့ ရင်ထဲဆို့သွားတယ်...။
သတ္တ၀ါများ ကျန်းမာပါစေ...။ ချမ်းသာပါစေ...။ ဘေားကင်းကြပါစေ...။
အချင်းချင်း အပေါ်မှာလဲ မေတ္တာ ထားနိုင်ကြပါစေ...။

Thursday, May 8, 2008

Help Nargis Victims !! (Aid Agencis and Contacts)


မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များကို အကူအညီ ပေးလိုသူများ ဆက်သွယ်နိုင်ရန်အတွက် နိုင်ငံအရပ်ရပ်တွင် ဆောင်ရွက်နေသော လိပ်စာများ....။
(ကိုဟန်သစ်ငြိမ် ဘလော့ဂ်မှ ရရှိသော လိပ်စာများ ဖြစ်ပါသည်...။)
(နိုင်ငံတကာ အဖွဲ့အစည်းတွေ)

http://www.unicefusa.org/
http://www.icrc.org/
http://www.wfp.org/english/
http://www.savethechildren.org/
http://www.worldvision.org/
http://foundationburma.org/
http://doctorswithoutborders.org/
https://my.care.org/
http://www.reliefweb.int/
http://www.adra.org/

https://www.worldvision.com.au/appeals/myanmarCyclone/Donate.aspx

(အမေရိကားမှာဆို)

http://www.mahasiusa.org/
http://uscampaignforburma.org/index.php
myintw@greenmtn.edu
burmagirl@gmail.com
cyclamen.Mom@gmail.com

(စင်္ကာပူဆိုရင်)

အလှူကောက်ခံနေသော နေရာများမှာ
လင်းလက်၊ ဒုတိယထပ် Peninsula Plaza
Sin Myanmar တတိယထပ် Peninsula Plaza
သပြေနု (ဒေါ်သန်းသန်းနု) နှင့်
လမ်းပြကြယ် စာကြည့်တိုက်တို့မှာဖြစ်ပါတယ်။
http://cyclonerelief.wordpress.com/

သို့မဟုတ် ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ

ကိုအေးကိုကို - ၉၆၃၅ ၂၀၆၄
ကိုဝင်းကျော် - ၈၁၈၉ ၈၄၂၀
ကိုစိုးထွန်း - ၉၄၈၇ ၄၄၁၃
ကိုမင်းသိန်း - ၈၁၈၆ ၀၀၄၂
ကိုညီ - ၉၇၄၂ ၀၉၀၅
ကိုသူရိန်ဝင်း - ၈၁၈၆ ၈၁၅၆
မလဲ့လဲ့ - ၉၂၇၂ ၆၇၄၄ တို့ကိုလည်း ဆက်သွယ်ကာလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

(ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မည်သည့်နေရာတွင်မဆို လှူဒါန်းနိုင်ပါတယ်လို့လည်း သိရပါတယ်။)

RIT-Alumni Singapore, jointly with Myanmar Club and BBT, will organize a prayer service and donation drive for our people who have suffered from Cyclone Nargis.

Venue - Burmese Buddhist Temple (BBT)
Time - 11th May (Sunday) 9:30 am
Please forward this massage to reach the whole Myanmar community in Singapore.
“Give a helping hand, Save our people’s lives”
Please see the following link for more information.
http://www.rit-alumni-singapore.org/

ဆက်သွယ်လှုဒါန်းရန် အီးမေးလ်များ

Daw Soe Soe Aung @ Catherine - 92986743
Se Thu Aung @ Chris - 81681121
YeThway @ Danny – 91084611

ရာဇာကျော် (ဒဏ္ဍာရီစာအုပ်ဆိုင်) - ၉၁၈၆၇၃၇၅၆, ၆၃၃၆၁၁၀၇

(မေလကုန် ပိုလီစာမေးပွဲများအပြီးတွင် ရန်ကုန်ပြန်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်မည့် ပိုလီကျောင်းသားများထံသို့ အလှုငွေများ ပေးအပ်မည် ဖြစ်သည်။ အင်္ကျီအဟောင်းများ အသုံးအဆောင်အဟောင်းများလည်း ပေးနိုင်သည်။)

(သြစတေးလျ ဆိုရင်)

1. World Vision Australia

2. Dr. Soe Htet
69 Glendale Road

Springvale VIC 3171
Melbourne, Australia
Mobile: +61 424 836 727
Email: dr.htet@gmail.com
http://www.soehtet.blogspot.com/

(အင်္ဂလန်မှာ ဆိုရင်)

1.
Sayardaw U San Naw Bar Tha
Bank Name: Barclays
Account Holder Name: Mr A Candobhasa
Sortcode: 20-80-71
AccountNo: 9000 2836
Contact Info: 0787 7297 205,
email: ucandobhasa@googlemail.com
More Info: http://ko-htike.blogspot.com/

2.
Burmese Student Organisation UK
Bank Name: HSBC
Account Holder Name: Burmese Student Organisation UK
Sortcode: 40-01-13
AccountNo: 4154 6694
Ref: CDA-[your mobile number]
Last Day: 10th May, 2008
Contact Info: Ko Win T - 0785 2175 467,
Ko Chan N - 0780 4725 077
More info: http://www.bsouk.org/

3.
Miss Tharaphi Than
Bank Name: Barclays
Account Holder Name: Miss M T Than
Sortcode: 20-89-15
AccountNo: 6055 2232
OR please send a check to
Miss Tharaphi Than
SEAsia Department
SOAS, University of London
London WC1H 0XG
Last Day: She is going to Burma for providing First Aid Support in next three or four days

(ထိုင်းနိုင်ငံမှာ ဆိုရင်)

Ko Kyaw Naing Win
AITMF@ait.ac.th
st105800@ait.ac.th

မကြည်စင်ရွှင် (AIT Student)
Mobile: + (66) (8) 4376 3287
Email: st105907@gmail.com

မျိုးဟန်ထွန်း (ခ) ကိုတိုး
Mobile: + (66) (8) 9994 2042
Email: myohanhtun@gmail.com

(http://www.ait.ac.th/)

(ရုရှမှာ ဆိုရင်)

နတ်သျှင်နောင်ဆီမှ ကူးယူပါသည်

Bauman State University BMSTU

Me: Room no( 607) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094)
Ph: +7- 909 -157 -11- 74
Naung Naung :Room no: (508) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094) .

MIET

MIET မှ ကျောင်းသားများ မြန်မာပြည် မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများ အတွက် အလှူငွေများကို အောင်စိုးလွင် (၄၄၂၃) တွင် ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

ရုရှားနိုင်ငံရောက် ကျောင်းသားများ အနေနဲ့ မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အတွက် အလှူငွေများကို မိမိကျောင်း မှ ကျောင်းသား ခေါင်းဆောင်များနဲ့ အတူ မော်စကိုမြို့ Mephi ကျောင်းမှ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်း (YMBA ) ymba.mephi@gmail.com Ph:897420905,894874413,81898420 ကို ဆက်သွယ် လှူဒါန်း နိုင်ပြီး ၊

စင်္ကာပူ နိုင်ငံမှာဆိုရင်တော့ ကိုအေးကိုကို Ph:96352064 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ။

ရုရှားနိုင်ငံတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသားများ အနေဖြင့်လည်း အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန်နှင့် အလှူငွေများ ဆက်သွယ် လှူဒါန်းနိုင်ရန် အောက်ပါ လိပ်စာများသို့ ဆက်သွယ် မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း။

ဖုန်းနံပါတ်- +၇၉၂၆-၁၃၇-၄၃၅၉ | အီးမေးလ် - ( myanmarpyithar1@gmail.com)
ဖုန်းနံပါတ် - +၇၉၂၆-၃၉၈-၀၆၇၄ | အီးမေးလ် - ( songster.boy@gmail.com )
ဖုန်းနံပါတ် - +၇၉၂၆-၁၃၇-၈၅၃၁ | အီးမေးလ် - ( adawe46@gmail.com )

(ဂျပန်မှာ ဆိုရင်)

http://www.unicef.or.jp
phone 0120-88-1052

(မလေးရှားမှာ ဆိုရင်)

Blank Paper
ဖုန်း-0173109722
ဖုန်း-0162645761
blankpaperofme@gmail.com
ordinaryguyz@gmail.com

(မြန်မာပြည်တွင်းမှာ ဆိုရင်)

ဒေါ်သန်းမြင့်အောင် (ကလျာမဂ္ဂဇင်း) 01- 579920
ဒေါက်တာတင်တင်ဝင်း (ဆရာမဂျူး) 09-5009600, 01-704656
နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း ဆက်သွယ်နိုင်ပါသည်။
yangonthiha@gmail.com - ကိုသီဟဟာ ရန်ကုန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ သူ့ဆီကို အီးမေးလ်ပို့ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်။

Wednesday, May 7, 2008

Google Helps Myanmar Victims of Nargis Cyclone

နာမည်ကြီး ရှာဖွေရေး အင်ဂျင် တစ်ခုဖြစ်တဲ့ Google ကနေပြီးတော့ သူ့ရဲ့ Home Page မှာ မြန်မာ မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးဖို့ ဖန်ရှင်တစ်ခု လုပ်ထားပေးပါတယ်...။

http://www.google.com ကို နှိပ်လိုက်ရင် အောက်က Home Page ပေါ်လာပါလိမ့်မယ်...။




အဲဒီနောက် မင်နီနဲ့ ၀ိုင်းပြထားတဲ့ ခလုတ်ကို နှိပ်လိုက်ရင် အောက်က မြန်မာမုန်တိုင်း ဒုက္ခသည်များကို ငွေကြေး ပါဝင်လှူဒါန်းရန်အတွက် Homepage ပေါ်လာပါလိမ့်မယ်...။



ဒီနေရာမှာ ယူနီဆက်ဖ်ကနေတစ်ဆင့် လှူဒါန်းချင်တယ်ဆိုရင် အပြာရောင် ယူနီဆက်ဖ် လိုဂိုဘေးက အကွက်ထဲမှာ ကိုယ်လှူချင်တဲ့၊ ကူညီချင်တဲ့ ငွေပမာဏကို ရိုက်သွင်းလိုက်ပြီး ဘေးနားက Donate ဆိုတဲ့ အပြာရောင် ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ...။

အဲဒီဒိုနိတ် ဆိုတဲ့ ခလုတ်ကို နှိပ်ပြီးလိုက်တာနဲ့ နောက် စာမျက်နှာမှာ ကိုယ့်ရဲ့ ကိုင်ဆောင်ထားတဲ့ ခရဒ်ဒစ်ကဒ်၊ Credit Card, Master Card, Visa Card, American Express Card စတာတွေရဲ့ အချက်အလက်တွေ ထည့်သွင်းပေးရပါလိမ့်မယ်...။ ကျန်တာတော့ လွယ်သွားပါပြီ...။

မြန်မာနိုင်ငံကို ကူညီမယ့် မိတ်ဆွေများအတွက် မိမိ ကူညီလိုကတဲ့ ငွေတွေဟာ ချက်ချင်းပဲ ယူအန်၊ ယူနီဆက်ဖ်ရဲ့ မြန်မာ့မုန်တိုင်း ကူညီကယ်ဆယ်ရေး ရန်ပုံငွေ အကောင့်ထဲကို တိုက်ရိုက်ရောက်သွားနိုင်တဲ့ နည်းလမ်းတစ်ခုပါ...။

စင်ကာပူ၊ ယူအက်စ်၊ ယူကေက အဝေးရောက် မြန်မာများအနေနဲ့လဲ မိမိတို့မှာ အထက်ပါ ကဒ်
များ ကိုင်ဆောင်ထားရင် ချက်ချင်း လှူဒါန်းနိုင်တဲ့ အခွင့်အရေး တစ်ရပ်ပါ...။ အကယ်၍ အထက်ပါ ကဒ်ထဲမှ တစ်ခုခု ကိုင်ဆောင်ထားခြင်း မရှိရင် မိမိတို့နဲ့ နီးစပ်ရာ မိတ်ဆွေထဲက ကဒ် ကိုင်ဆောင်သူကို တစ်ဆင့် အကူအညီ တောင်းခြင်းဖြင့် ပါဝင် ကူညီ လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်...။