လိုက်တုန်းက ပြေးနေသူ
မောလို့ ရပ်လိုက်တော့ ကျီစယ်ပြန်တယ်။
ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို
ခဲတစ်လုံး ပစ်ချလိုက်သလို ဂယက် ပြန်ထသွားတယ်။
ကမ်းစပ်ကိုတောင် လှိုင်းတွေ ခတ်သွားလေရဲ့။
ဒီလိုနဲ့ သစ်စိမ်းတွေ အခါခါ ကျိုးပြန်ပေဦးမပေါ့။
လရောင်ကို ယစ်မူးနေလို့ ဂယောင်ဂတမ်း ရေးမိတယ် ထင်ပါ့။ ခွင့်လွှတ်ပါကုန်။
အစ်မကြီး ယို။ :P
Wednesday, March 3, 2010
Chaser, Runner, Bystander
ရေးသားသူ
Ko Boyz
at
11:38 PM
10
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Sunday, July 5, 2009
လူမိုက်
အမိုက် နင့်ပြင် ရှိသေးလား။
ခွင့်သာတုန်းမှ မရုန်းချင်
အရှုံးနင့်ပြင် ရှိသေးလား။
ခွင့်သာဆဲမှ မခဲချင်
အလွဲနင့်ပြင် ရှိသေးလား။
မာန်လည်ဆရာတော် ရေးစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်လို့ သိရပါတယ်။ အဲဒီကဗျာထဲ ပါတဲ့အတိုင်း လောကကြီးမှာ ရခဲလှတဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ခြင်း မပြုပဲ လက်လွှတ်လိုက်တဲ့ လူ့အန္ဓ၊ ဗာလနံ၊ လူမိုက်များစွာ ရှိသေး/ဆဲ/လတ္တံ့ ဆိုတာကို သိလိုက်ရတယ်။
ရေးသားသူ
Ko Boyz
at
3:40 AM
16
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Thursday, October 23, 2008
မိုး (၁)
မိုးတို့ ပျော်မြူးချိန် ၀ဿန်ခါ မုတ်သုံကို ရောက်ချေပြီ...။
မျှော်သာ မျှော်ချေသည်...။
မိုးကား မရွာချေ...။
တောင်အရပ်ဆီမှ ခြိမ့်ခြိမ့်မြူးသံ ကြားရ၏။
မိုးငွေ့ကား မလာသေး...။
ကိုရင်သာအေးတို့ ရင်ဆို့ချေပြီတည်း...။
ရေးသားသူ
Ko Boyz
at
5:59 PM
2
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Wednesday, July 30, 2008
အိမ်လွမ်းခြင်း...။
လရောင်ကို ငတ်မွတ်တယ်...။
စပါးခင်းကို ဖြတ်တိုက်လာတဲ့ ရိုးပြတ်နံ့သင်းတဲ့ ညလေပြေကို တောင့်တတယ်...။
မောင်ရင်ဆိုင်းထမ်း နဲ့ ဖျောက်ဆိပ်ကြယ်ကို လွမ်းတယ်...။
ညမွေးပန်းနံ့ကို သယ်လာတဲ့ ဆောင်းလေကြမ်းကို အောက်မေ့တယ်...။
ပွဲခင်းထဲက ခဲလံချောင်းကို သတိရတယ်...။
ဘုရားရင်ပြင်က ကျောက်ပြားဖြူဖြူ အေးအေးတွေကို တမ်းတတယ်...။
မနက်မနက် ဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံကို လွမ်းတယ်...။
ရွာက ပါးနီနီနဲ့ မတ်ခုတ်ခတ် ကောင်မလေးတွေ မြင်ယောင်တယ်...။
“ပေါဆူမီ ခံ(မ်)ဖါ့ဖါ ဟိုဆူ...။
ပေါဟောင်းမီး ခံ(မ်)ကျေးကျေး ...
အောင်ဟိတ်မေး တော်ကျို” လို့ ကိုယ့်ဖက်ကို ယက်ဆိုတတ်တဲ့ ရိုးရာဓလေ့ သီချင်းကို အမှတ်ရတယ်...။
အဲဒီသီချင်းနဲ့ အတူ ရှေ့နှစ်လှမ်းတက် နောက်တစ်လှမ်းဆုတ် အကလေးကို လွမ်းတယ်...။
“ကုံးက” သီချင်းသံကို လွမ်းတယ်...။
နောင်တုံကန်ဘေးက ညညရောင်းတတ်တဲ့ ခေါက်ဆိမ့်ကို လွမ်းတယ်...။
ကောက်ညှင်းဆန်နဲ့ ဖေါက်တဲ့ စပါးမီးတောက်ကို လွမ်းတယ်...။
လွမ်းတယ်....။
လွမ်းတယ်....။
အဖြည်။ ။
မတ်ခုတ်ခတ် - ဂုံးဂင်းလို့ တစ်ချို့နယ်တွေမှာ ခေါ်တတ်တဲ့ အံစာတုံး တစ်မျိုးပါ...။ အဲဒီ အံစာတုံးရဲ့ မျက်နှာပြင်မှာ အကောင်ပလောင်တွေ (ဥပမာ - ပုဇွန်၊ငါး၊လိပ် စသည်) ပုံတွေကို ဆွဲထားပြီး အဆိုပါ အံစာတုံး သုံးတုံးကို လျှောစောက်ပေါ် တင်ထားပါတယ်...။ တန်းနဲ့ တားထားပြီး အဲဒီတန်းကို ထိုးသားက ကြိုးနဲ့ ဆွဲလို့ အံစာတုံးများ ကျလာရာက အပေါ်က ပေါ်လာတဲ့ အကောင်ကို ပေါက်ကောင်အနေနဲ့ ဖွင့်တာပါ...။ ဒဲ့ တစ်ဆရပြီး နှစ်ကောင်ကို ကြိုးအောလို့ နှစ်ကောင်စလုံး ထွက်လာရင် ငါးဆ ရတဲ့ ရှမ်းပြည်က လောင်းကစားနည်း တစ်မျိုးပါ..။
(အိမ်ပြန်မယ်လို့ ညီမလေးတစ်ယောက်က မက်ဆေ့ခ်ျပို့လာတော့ လိုက်ပြန်ချင်တဲ့ အတွေးများကို ချရေးခြင်းပါ...။)
ရေးသားသူ
Ko Boyz
at
10:06 PM
3
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Tuesday, July 29, 2008
မိအေး နှစ်ခါနာခြင်း...။
မနေ့က ပြူတင်းပေါက်မှာ ငှက်ကလေးတစ်ကောင် လာနားတယ်...။
မိုးရေတွေစိုလို့ ...။
ငါ့အတွက် သတင်းကောင်းတွေ သယ်လာခဲ့တယ်တဲ့...။
ရှောလမုံ လက်စွပ်များ ယူလာမလားလို့...။
နောက်တော့ ခါတိုင်းလိုပဲ အဖျားရှုးသွားပြန်ရော...။
တောင်လေတိုက်တော့ အိုက်စပ်စပ်နဲ့...။
မန်းလေးညများကို သတိရသေးတယ်...။
ရင်ဘတ်မှာတော့ အနာတွေက ဒဏ်ရာ မကျက်သေး...။
သွေးညှီနံ့ စို့စို့ကို ခုထိ ရတုန်း...။
အခု စာကလေး၊ အခု ဆီထမင်း
စားချင်တဲ့သူတွေ အုံနဲ့ ကျင်းနဲ့...။
အဖြေသိပြီးသား ပြိုင်ပွဲကို ဘာလို့ ဆက်ဝင်နေတော့မှာလဲ...။
တစ်ယောက်တည်း ပြိုင်လဲ သူနိုင်မှာပဲ...။
သူကိုယ်တိုင် ဒိုင်၊
သူကိုယ်တိုင် တာဖမ်းသူ၊
သူကိုယ်တိုင် ခရာမှုတ်သူ ဖြစ်နေမှတော့...။
လက်ထဲက ငှက် သေလို့ ပုပ်ချင်ပုပ်ပလေ့စေ...။
ချုံထဲက ဖမ်းဖို့ ခက်တဲ့ ငှက်နှစ်ကောင်ထက်တော့
လက်ဆုပ်လက်ကိုင် ပြနိုင်သေးတယ်...။
ဒါပေမဲ့ မိအေး တစ်ယောက် နှစ်ခါနာလို့ ကောင်းတုန်း...။
ရွက်တိုင် ကျိုးနေပြီလား...။
တက်မ ပျောက်သွားပြီလား...။
မျက်စိကို အ၀တ်စည်းခံထားရတဲ့ လှေငယ်ရှင် ဘယ်မှာလဲ...။
ကမ်းမြင် လမ်းမြင်နေတဲ့ ဒီဝဲဂယက်မှာ
ဥပေက္ခာ ပြုနေသူတွေ ပါးစပ်ညောင်းသွားအောင် ကူးခတ်ပြလိုက်စမ်း...။
ထန်နေတဲ့ မုန်တိုင်း မာန်ကျသွားအောင် မဆုတ်မနစ်တဲ့ ဇွဲကို ပြလိုက်စမ်း...။
ဒီလိုနဲ့ မိုးတွေ အခါခါရွာလို့ နှင်းတွေ အခါခါ ကျခဲ့တယ်...။
သစ်ရွက်တွေ အခါခါကြွေလို့ ရွက်နုတွေ အခါခါ ဝေခဲ့တယ်...။
မိအေးကတော့ မိအေးပဲ...။
သြော်...။
ဒီလိုနဲ့ နောက်ပြက္ခဒိန်စာရွက် တစ်ခု ထပ်ဆုပ်ရတော့မှာပါလား...။
(မိအေးရေ...
နင့်အတွက်
နောက်ထပ် ပြက္ခဒိန် နှစ်အုပ်စာ စုထားတယ်...။)
ရေးသားသူ
Ko Boyz
at
11:13 PM
3
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Thursday, July 24, 2008
ချိတ်ပိတ်လိုက်သည်...။
တစ်ကယ်တော့ ကျွန်တော်ဟာ သူ့လက်ထဲက သိုးငယ်တစ်ကောင်ပေါ့...။
သွေးဆာနေတဲ့ သူ့လက်ထဲက ဓါးကောက်ဟာ လေထဲ မြှောက်လိုက်တယ်ဆိုရင်ပဲ
ကျွန်တော်ဆိုတဲ့ သိုးငယ်ဟာ သူ့ရဲ့ မာယာယစ်ပလ္လင်မှာ အခါခါ ကျဆုံးပေါ့...။
မာယာတစ်သိန်း၊ ပလိန်း အနန္တ
ကြံသမျှ ပြီးအောင်
ဖြီးနိုင် ချွဲနိုင် သဲနိုင်ခဲ့တဲ့
ပလီတီတာ၊ မာယာနှုတ်ခမ်းတစ်စုံကို
ကျွန်တော် တပ်မက်နေခဲ့တာ ဆယ်စုနှစ် တစ်ခုတောင် မကတော့...။
ချိုက်ကော့ဗ်စကီရဲ့ ကန်လေးထဲမှာ ငွေငန်းတွေ ပျော်စံနေလေရဲ့....။
သူ့ရဲ့ ချစ်ခြင်း သားရဲတွင်းမှာတော့ ကျွန်တော် ငမိုက်သား အချစ်ကျေးကျွန်ရဲ့ နှလုံးသားက မွေ့လျော်နေလေရဲ့...။
ရှေ့တစ်လှမ်း တိုးမယ်ကြံတိုင်း နောက်ကို နှစ်လှမ်း ရောက်နေတတ်တာ
သူ့ကျော့ကွင်းကြောင့်လား...။
သူ့ညို့မျက်ဝန်းကြောင့်လား...။
ခရာတာတာနဲ့ နွဲ့တတ်တဲ့ သူ့အပြုံးတွေကြောင့်လား...။
ဒီလိုနဲ့ ဆယ်စုနှစ်တွေသာ တစ်ခုပြီး တစ်ခု ပြောင်းသွားတယ်...။
သူ့အချစ်ပြက္ခဒိန်က ရက်စွဲတွေကတော့ ဖေဖေါ်ဝါရီ ၂၉ ကို တွင်တွင်ကြီး ပြနေလေရဲ့...။
မာယာကို ကိုးကွယ်တာ မင်း...။
အချစ်ကို ကိုးကွယ်တာ ကိုယ်...။
တိမ်းညွှတ်ဖို့ကောင်းတဲ့ ချစ်ရနံ့ကြောင့် စစ်ရှုံးခဲ့တာ ကိုယ်....။
ကျေးဇူးပြုပြီးတော့ ပြက်ရယ်မပြုလိုက်ပါနဲ့...။
လှောင်ရီသံကို ၀ှက်ထားပေးပါ...။
ငါ့နှလုံးသားလေး ဆယ်စုနှစ်တစ်ခုစာ
ဖျားနာနေတာ ခုထိ နာလံ မထူနိုင်သေးလို့ပါ...။
(မသက်ဆိုင်တော့သော၊ ပြတ်စဲခဲ့သော လွမ်းရက်တာရှည်နေ့များသို့...။)
ရေးသားသူ
Ko Boyz
at
9:15 PM
3
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Wednesday, July 23, 2008
ကြယ်ဆန်ည
မဝေးသေးတဲ့ အတိတ်တစ်ခုဆီကပေါ့။
ပြန်မယ်ပြောပြီး နောက်ချန်နေရစ်တာ ဘယ်သူလဲ။
ဘူတာအမှတ် ၉၄ မှာ ကိုယ်ဆင်းခဲ့တယ်...။
ဘူတာအမှတ် ၉၄ သွားဖို့အတွက် ကိုယ်ရထားမှီခဲ့တယ်...။
လက်မှတ်ကြိုဖြတ်ထားခဲ့တယ်လေ...။
အထူးတန်းနဲ့ လိုက်ခဲ့တာပေါ့...။
ကိုယ်ဆင်းရမယ့် ဘူတာကို ကြိုတင် ရင်ခုန်ရင်းနဲ့ အဲဒီတုန်းက အနာဂတ်ဟာ ရောင်စုံလွှမ်းနေခဲ့တယ်...။
ကိုယ့်လိုပဲ ရထား မှီရဲ့သားနဲ့ လိုက်မလာခဲ့တဲ့ သူတွေ ရှိတယ်...။ သူ့လမ်းသူ သွားခဲ့သလို ကိုယ်လဲ ကိုယ့်လမ်းကို ရွေးခဲ့တာပဲ...။
ရထားလေးကတော့ လှုပ်တုတ် လှုပ်တုတ်နဲ့ တစ်ရွေ့ရွေ့ သွားခဲ့တယ်...။
ဆင်းသူဆင်း တက်သူတက်နဲ့ သူတတ်စွမ်းသလောက်၊ သူ့ကို အနားပေးခဲ့တဲ့ အချိန်အထိ သူ တာဝန်ကျေခဲ့တယ်...။
ဒီလိုနဲ့ ရထားကြီး ချထားပေးခဲ့တဲ့ ဘူတာမှာ လိုတာလေးတွေ ၀ယ်ခြမ်း၊ မြို့ကလေးထဲ လှည့်လည် ကျက်စားနေတုန်းမှာပဲ (အချိန်မတန်သေးခင်) နောက်ထပ် ရထားအသစ်တစ်စီး (အဟောင်းကို ဖြစ်ကတတ်ဆန်း မွမ်းမံထားတဲ့) ဟာ ကိုယ့်ရှေ့ကို ရောက်လာခဲ့ပြန်တယ်...။
ဒီတစ်ခါတော့ ကိုယ့်လိုအင်မပါပဲနဲ့ အတင်းတက်ခိုင်းလို့ တက်လိုက်ရတယ်...။
ရိုးရိုးတန်းတောင်မှ ရပ်စီးခဲ့ရတယ်...။
ကွမ်းယာဆိုင်တောင်မှ ကချော်ကချက် မည်ကာမတ္တ ရှိတဲ့ ကြားဘူတာ...။
လော်ကယ်ရထားတောင်မှ ဆိုက်ဖို့ အနိုင်နိုင်...။
မရှိမှုတွေနဲ့သာ အသားကျနေတဲ့ ကိုယ့်အတွက် ဒီကြက်သွန်တွေကိုသာ ၀ါးရင်းနဲ့ ဆက်ဝါးနေခဲ့ရတယ်...။
တစ်ခရီးတည်းသွားတဲ့ သူတွေ....
စိတ်ဓါတ်ကျသူတွေ...
ကြုံရာတက်နဲ့ လှော်မယ့်သူတွေ...
လမ်းခုလတ်ကနေ ဖဲ့ဆင်းသွားတဲ့သူတွေ...
လှေကြီးထိုး ရိုးရိုးသွားတဲ့သူတွေ...
သူတို့တစ်တွေနဲ့ ခရီးဆုံးထိ ကိုယ်ရောက်အောင် သွားခဲ့တယ်...။
ဟော... ခုတော့လဲ အဲဒီ ခရီးဆုံးဟာ နောက်ခရီးတစ်ခုရဲ့ အစဆိုတာကို ဇာတ်ရှိန်မြင့်ခါမှ သိလိုက်လေရဲ့...။
အချိန်မနှောင်းလောက်သေးဘူး ထင်ပါရဲ့...။
လာ... ကြယ်ကြွေကောက် သွားကြစို့...။
(ရောင်နီမပျို့ခင် အမှီရောက်ရမယ်...။)
ရေးသားသူ
Ko Boyz
at
9:42 PM
4
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Sunday, July 20, 2008
ရိုးသားမှု
မဝေးသေးတဲ့ အတိတ်တုန်းကပေါ့...။
ငါ့ရင်ထဲက နှင်းဆီတစ်ပွင့်ကို
လက်ကြမ်းတွေနဲ့ ချေဆုပ်သွားကြတယ်...။
နှင်းခါးမိုးတွေကြောင့် တောင်ယာမှာ နှံကောင်တွေ ညိုးငယ်နေလေရဲ့...။
ပျံလွှားငှက်များကတော့ အနောက်ဘက်အရပ်ကို အသိုက်ရွှေ့သွားလေရဲ့...။
စင်ယော်တောင်ပံခတ်သံတွေ သင်းထုံနေတဲ့ ဆားငန်လေတွေကို နှစ်သက်ခဲ့လေသလား...။
တောင်ပေါ်က ထင်းရှူးရနံ့ပါတဲ့ လေနုအေးကို ယစ်မူးမိခဲ့ပါသလား...။
နေကြာပန်းခင်းထဲက လိပ်ပြာရယ်သံများကို သယ်ဆောင်လာခဲ့တဲ့ ပန်းဝတ်မှုံရနံ့များကို တိမ်းမောမိခဲ့ လေသလား...။
မန်းချယ်ရီဆောင်ရှေ့ ညမွေးပန်းနံ့နဲ့ ရောပြွမ်းနေတတ်တဲ့ အညာလေပူကို တပ်မက်မိခဲ့သလား...။
ခုတော့...
ဖုန်ထူနေတဲ့ ကတ္တရာလမ်းပေါ် ဖြတ်တိုက်လာတဲ့ အဆိပ်ငွေ့မှုန်တွေတော့ မုန်းမိပါရဲ့...။
ကားမှတ်တိုင်က နီကိုတင်းတွေ မှုတ်ထုတ်တတ်တဲ့ ရွေ့လျားမီးခိုးခေါင်းတိုင်များကို မုန်းမိပါရဲ့...။
လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဟန်ဆောင်စကားပြောသူတွေရဲ့ အာပုတ်နံ့ကို မုန်းမိပါရဲ့...။
မုသားတွေနဲ့ တစ်ကိုယ်လုံး လိမ်းကျံ ပြည့်နှက်နေတဲ့ သူတွေရဲ့ အကောင်းစားရေမွှေးတွေနဲ့ ဖုံးကွယ်ထားတဲ့ ကိုယ်နံ့ကို မုန်းမိပါရဲ့...။
အတ္တတွေ...
ကိုယ်ကျိုးတွေ...
တစ်ကိုယ်ကောင်းဆန်မှုတွေ....
ဘယ်တော့မှ ပြည့်နိုင်မှာ မဟုတ်တဲ့ လိုဘတွေ...
မပြည့်အိုးတွေ...
အို အသင်လောက
အသင်သည် အံ့သြဖွယ်ရာ ကောင်းလှချည်ပါသကား...။
(စကားချပ်။ ။ “ဖါတစ်လုံး ခေါင်းကျား” ရုပ်ရှင်မှ နာမည်ကျော် Phrase ကို ငှားရမ်း သုံးစွဲထားသည်...။)
ရေးသားသူ
Ko Boyz
at
10:06 PM
1 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Monday, July 7, 2008
အတ္တတစ်ခုကို ပုံဖော်ခြင်း...။
ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
ငါ့လက်ထဲက မရှိမုန့်ကို လာလာတောင်းနေတော့
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။
နိုးချိန်တန်လို့မှ ထ မလာတာ ငါ့အပြစ် မဟုတ်...။
ငတက်ဖြားက ငါ့ကို သူခိုးလို့ လာဟစ်နေတယ်...။
(အိပ်မက်ထဲထိတောင် ငါပြုံးမိရဲ့...။)
ဥယျာဉ်မှူးတစ်ယောက် မဟုတ်သလို
မာလီလဲ မဟုတ်ဘူး...။
ငါပြုံးနေခဲ့တာ မဟုတ်ဘူး...။
မချိရင်ကွဲ ဖြစ်နေတာ...။
မင်းသား မဟုတ်တောင် ဆိုင်းနောက်ထ လို့
အထင်ရှိနေတဲ့ နင့်ရဲ့
ဟန်ဆောင် မျက်နှာဖုံး ကွာကျတော့
အလို ...။
ဘီလူးမဟုတ်ဘူးကိုး...။
စပျစ်သီးချဉ်တယ်လို့
ငြီးနေတဲ့ လျှာနှစ်ခွနဲ့ မြေခွေး ဖြစ်နေပါရော့လား...။
လက်ထဲမှာလဲ ဓါးမြောင်တစ်ချောင်းနဲ့
သွေးတွေ စွန်းနေတယ်...။
ငါ့ကျောမှာတော့ သွေးတွေ စက်စက်ယိုလို့...။
အဒ်ဂါ အယ်လဲန်ပိုး၊ ဆီမွန် ဒီပူးပွား
တိုက်ဂါးဝုဒ်၊ မော်စီတုန်း
....
....
သူတို့နဲ့တူပေမဲ့ မတူခဲ့ဘူး...။
မကာရ်းကောင်ကြီးရေ့...။
နင့်မှာ ချိုနှစ်ချောင်းတောင် ရှိခဲ့ပေမယ့် လိုက်မဝှေ့ခဲ့ပါလား...။
လင်းပိုင်လို အမြီး ရှိပေမယ့် ရေမကူးခဲ့ပါလား...။
စကားမစပ်
တန်ရာတန်ရာပဲ ပြောစမ်းတဲ့...။
သင်္ကြန်အမြောက်လို မဖြစ်ချင်စမ်းနဲ့တဲ့...။
ရှေ့မှီ နောက်မှီ ပုဂ္ဂိုလ်များ ပြောခဲ့ကြတယ်...။
ဥပုသ်စောင့်ချင်ယောင်ဆောင်တဲ့
ကျားတစ်ကောင်တော့ တွေ့ခဲ့တယ်...။
ဝက်ပျိုမ များကတော့ တစ်နေ့ထက်တစ်နေ့ လျော့လျော့သွားတာပဲ...။
ဟိမ၀န္တာက သင်းကွဲငှက်ကြီးရေ...။
(တစ်ကယ်တော့ အပုပ်ကောင်ကို စားတဲ့ လင်းတ တစ်မျိုးပါ...။)
ရေခြား မြေခြားမှာ နေတတ်အောင် နေပါ့လား...။
အတောင်ညောင်းလို့ နားမယ်ဆိုလဲ
လွတ်ရာကျွတ်ရာနေကွဲ့...။
သာဂိ လေးဂွစာ မိသွားလို့
အရှေ့မြောက် လေစီးကြောင်းထဲ မပါသွားပဲ နေဦးမယ်...။
နက္ခတ်တွေ စုံတော့မယ့်နေ့ကို ရောက်တော့မယ်...။
လတစ်စင်းကတော့ ပျောက်နေတုန်း...။
တဂိုးရေ...။
နေမင်းနဲ့လွဲလို့ ငိုနေခဲ့တာ မဟုတ်ပါဘူး...။
လမ်းမတန်းက ဖုန်ထူနေလို့
မျက်စိမှိတ်ထားခဲ့တာပါ...။
နေ့တိုင်း မြင်နေရတာပဲ...။
တစ်ရက်လောက် လွဲတာနဲ့ ဘာမှ ဖြစ်လောက်မှာ မဟုတ်ဘူး...။
(ပြန်ကောက်ရရင်တော့)
ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
.......
.......
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။
(အလွမ်းသင့် ကွင်းပြင်ကို ဖြတ်တိုက်လာသော မကျေနပ်ခြင်း လေညှင်းများကို ခံစားထားခြင်း ဖြစ်သည်။
အရမ်းကာရော ဘာသာပြန်လိုပါက မူပိုင်ခွင့် ရှိသည်ကို သတိချပ်လေ...။)
ရေးသားသူ
Ko Boyz
at
12:05 PM
4
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Poem
Thursday, June 19, 2008
စိတ်အဆာ...။ Hunger of Wish
ဖမ်းဆုပ်ထားတဲ့ တိမ်တစ်မွကို
လွှတ်ချခဲ့တယ်...။
ကမ်းတစ်နေရာဆီက ခရမ်းရင့်ရင့်မျှော်လင့်ချက် တစ်စုံကို
ရိုက်ချိုးချင်နေတဲ့ မိစ္ဆာတစ်ကောင်ရဲ့ ငိုညည်းသံကို ကြားလား...။ကျားနာခဲ ခဲထားတဲ့ သူ့လက်အစုံက
ရုန်းထွက်လို့မရအောင် ပိတ်မိနေလေရဲ့...။
ချစ်ခြင်းတရားများ ခေါင်းပါးတဲ့
ဝေသီခေါင်ဖျား ကန္တာရဆီက နှင်းတစ်စက်ကို မေ့ပစ်လိုက်ပါ...။
ကျဉ်းကျပ်နေတဲ့ အမှောင်ထုထဲမှာ ကျန်နေခဲ့တဲ့
တစ်ယောက်တည်းသော သူရဲကောင်းကို မမေ့ကြပါနဲ့...။
သူမဟာ သွေးတွေနဲ့ နီစွေးနေတဲ့ နှင်းဆီ တစ်ပွင့် ဖြစ်တယ်...။
သူမဟာ နီစွေးနေတဲ့ ဦးခေါင်းအစုံကို မငုံ့တမ်း မော့နေသူ ဖြစ်တယ်...။
သူမဟာ ရောင်နီကို သယ်ပျိုးလာမယ့် လက်အစုံကို ပိုင်စိုးသူ ဖြစ်တယ်...။
သူမဟာ အားလုံးရဲ့ ကိုယ်စား ဖြစ်တယ်...။
သူမဟာ...
သူမဟာ...
ပျို့လာတော့မယ့် အာရုဏ်ဦးကို
လွှတ်ထွက်မသွားလေအောင် ပိုက်ထွေးရအောင်။
ဟိုမှာဆီက မိုးသောက်ကြယ်အလင်းနဲ့
လမ်းသစ်ကို
ဆက်လျှောက်ကြစို့...။ ဆက်ဖေါက်ကြစို့...။
(တစ်ခုသော မျှော်လင့်ချက်ဆီသို့...။)
Sunday, May 18, 2008
လာခြင်းမကောင်းခဲ့သော...။
ငါ...
အံကြိတ်နေတယ်။
မနေ့က
တွေ့ဖြစ်သေးတယ်။
ဒီနေ့ မရှိတော့ဘူးတဲ့။
မျှော်လင့်ချက်တွေကို
ရိုက်ချိုးသွားတဲ့
ချိုးဖြူငှက်ကို
ရှားမီးခဲထဲ
ငါ...
စိတ်ကူးနဲ့ ပစ်ထည့်လိုက်တယ်။
မြင်ကွင်းထဲမှာ
(သူတို့တွေ)ရေထဲမှာ မတ်တပ်ရပ်လို့၊
(သူတို့တွေ)အရှက်တရားကို လမ်းဘေးမှာ ခ၀ါချခဲ့လို့၊
(သူတို့တွေ)လှမ်းနေတဲ့ လက်တစ်စုံ၊
(သူတို့တွေ)ပုတ်ချဖို့ ကြိုးစားနေတဲ့ လက်တစ်စုံ၊
လေဟာနယ်ထဲမှာ
ပျောက်ကွယ်သွားတော့မယ့် ၀ိညာဉ်တစ်ခု၊
အော်.... ဒီလိုနဲ့ မိုးချုပ်သွားပြီလေ။
မနက်ဖြန်မှာ ပြူထွက်မယ့် နေမင်းတစ်စင်းကို
မြင်နိုင်ဖို့ အခွင့်အလမ်း...။
နေ့သစ်တစ်ခုကို စတင်မယ့် အခွင့်အလမ်း။
လတ်တလော ဟာနေတဲ့ ၀မ်းကို
ဖြည့်ပေးမယ့် အာဟာရ တစ်ခု။
သူတို့တစ်တွေ
လောကဓံရဲ့ အလှည့်အပြောင်းမှာ
ဘယ်လောက်ကြာကြာ
အံတုနိုင်မှာလဲ...။
“အဘတို့ အစ်မတို့ကလဲ ကြာလိုက်တာ”တဲ့...။
ဂျာရစ်က ဦးခွေးကို ပြောနေတုန်းလား။
ဘုန်းဘုန်း ကျက်သရေခန်းထဲက ငှက်ပျောသီးရော
ရှိသေးရဲ့လား...။
“မကြာခင် မင်းနို့စို့ရမှာပါ”တဲ့...။
အမေပျောက်နေတဲ့ သားကလေးကို
ဇနီးပျောက်နေတဲ့ အဖေက နှစ်သိမ့်ရင်း
ဘယ်တော့မှ မတွေ့နိုင်တော့တဲ့
သူ့ကြင်သူသက်ထားကို မျှော်နေတယ်...။
“ကျွန်တော်ပါ လိုက်သွားရမှာ”တဲ့...။
သစ်ကိုင်းကို ဖက်တွယ်ရင်း
သူတို့ကလေး ရေထဲမျှောသွားတာကို
မိန်းမ သိအောင် ပြောလိုက်လို့
နောင်တရနေတဲ့ သူတစ်ယောက်။
သိသိချင်း သစ်ကိုင်းကို လွှတ်လိုက်တဲ့
မိန်းမကို သူမြင်ယောင်နေမလား...။
ငါ...
အံကြိတ်နေတယ်။
(နာဂစ်ရေ...။
တစ်ကယ်တော့ မင်းဟာ
ဘယ်တုန်းကမှ
လာခြင်းကောင်းသော ဧည့်သည်တစ်ယောက်
မဟုတ်ခဲ့ဘူးဆိုတာ ...။)
ရေးသားသူ
Ko Boyz
at
3:51 PM
1 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Myanmar Victims, Nargis Cyclone, Poem