ကျွန်တော်တို့ ငယ်ငယ်ကတည်းက နတ်မြင်းပျံနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် (ဒေါ်)မေဆွိ ရဲ့ သီချင်းတွေပါ။ သီချင်းတွေကို တစ်စိုက်မတ်မတ် သီဆိုလာခဲ့သူမို့ သူ့ကို သတိထားမိပါတယ်။ ရုပ်ရှင်တွေ ဘာတွေ သူရိုက်လိုက်ပါသေးတယ်။ သီချင်းဆိုတာ ပိုကောင်းပါတယ်။ ခေတ်ဟောင်း ရုပ်ရှင်မင်းသမီး (အခုခေတ် တစ်ချို့ အမေခန်းတွေမှာ ပါ သရုပ်ဆောင်တဲ့) အန်တီ မြင့်မြင့်ခင်ရဲ့ သမီးပါ။ အဆိုပါရမီကို အတော့်ကို ပါတဲ့ ၊ အတော်ကို ထူးချွန်တဲ့ မဆွေ ခေါ် မေဆွိပါ။ တစ်ခေတ်တစ်ခါ ဆိုသလို မေဆွိ သီချင်းတွေဟာ အတော့်ကို ခေတ်စားခဲ့ပါတယ်။
သီချင်းဆိုတာမှာ ရင်ထဲက လာတဲ့ အသံနဲ့ ဆိုပါတယ်။ ဌာန်ကရိုဏ်း မှန်တယ်။ မြင်ဆရာ၊ ကြားဆရာပေါ့။ စိုင်းထီးဆိုင်ပြီးရင် သူ့သီချင်းတွေက ဒုတိယ နားထောင်ဖြစ်တယ်။ ငယ်ငယ်တုန်းက သူ့သီချင်းတွေကို အိမ်က လူကြီးတွေ တော်တော်များများ ဖွင့်ကြလို့ နားထောင်ဖူးပါတယ်။ သီချင်းတွေ ဘာတွေ ဆိုရင် သူ့သီချင်းတွေ ညည်းမိတာ ပိုများပါတယ်။ အဟဲအရှိုက်လေးများဆို သူဆိုပုံဆိုနည်းတွေကနေ အတုယူပါတယ်။
အခုတော့ ခွေမထုတ်တော့ပါဘူး။ အမေရိကားမှာ ကြင်သူသက်ထား ခင်ပွန်းသည်နောက်ကို သျှောင်နောက် ဆံထုံးပါသွားပြီး နောက်ပိုင်း မွေးနေ့ အမှတ်တရ ခွေ ထုတ်တယ်။ နောက်ပိုင်း ထပ်ထုတ်တာ သိပ်မတွေ့တော့သလိုပဲ။ ဗွီစီဒီ ထွက်တဲ့နေ့က မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ခင်ကသာ လာရောက် လက်မှတ်ထိုးပေးတယ် သိရတယ်။
အခု မေဆွိ သီချင်းတွေကို အင်တာနက်ထဲမှာ အမှတ်မထင် တွေ့ရာက နားထောင်ရင်းနဲ့ နောင်တစ်ချိန်မှာ ကိုယ်ပြန် နားထောင်ချင်ရင်၊ အရုပ်နဲ့ ကြည့်ချင်ရင် ကြည့်လို့ရအောင် စုစည်းသိမ်းထားချင်တဲ့ သဘောပါ။ ဒီအတွက် အခုပို့စ် ဖြစ်လာရပါတယ်။
ပထမဦးဆုံး ကျေးဇူးတင်ချင်တာကတော့ အခုပို့စ်ထဲမှာ ပါတဲ့ Youtube လင့်ခ်ထဲက ဗွီဒီယို တွေကို upload လုပ်ထားတဲ့ USannAung ကိုပါ။ တစ်ဆက်တည်းပဲ ဒီကနေပြီး လင့်ခ်တွေ အသုံးပြုခွင့်ကို တောင်းခံပါတယ်။
ဒေါ်မေဆွိလဲ သူ့သီချင်းတွေကို ဒီမှာ ပရိသတ်တစ်ယောက်က စုစည်းပေးထားတာကို နားလည်ခွင့်လွှတ် ပေးနိုင်မယ်လို့ ယူဆပါတယ်။ ထုတ်လုပ်သူများကလဲ ရှားပါးလှတဲ့ ဒီလို ကလစ်တွေကို အဝေးရောက်သူတွေ အနေနဲ့ ဒီလို တစ်နေရာတည်းမှာ စုစည်းထားရတဲ့ ရည်ရွယ်ချက်ကို သဘောပေါက် ခွင့်လွှတ်မယ် ထင်ပါတယ်။
၀၁။ အိပ်ဆေး မရှိ။
Masterpiece လို့ မဆိုနိုင်ပေမဲ့ ဒီသီချင်းနဲ့ မေဆွိကို တွဲသိကြတာ များပါတယ်။ ငယ်ငယ်က မြန်မာ့အသံမှာ ခေတ်ပေါ်သီချင်းတွေ လာရင် တီဗွီရှေ့ တစ်မေ့တစ်မော သွားကြည့်ကြတဲ့ သီချင်းထဲက တစ်ပုဒ် အပါအ၀င်ပါ။
Link : ဒီမှာပါ။
နောက်ပိုင်း အမေရိကားမှာ ပြန်ဆိုတဲ့ ဗားရှင်းကတော့ ဒီမှာပါ။
၀၂။ ဂီတာတီးပေါ့ ကိုကိုရယ်။
စိတ်ညစ်နေတဲ့ ရည်းစားကို စိတ်ညစ်ပျောက်အောင် ဂီတာတီးခိုင်းတဲ့ သီချင်းပေါ့။ ကျွန်တော်တို့ တစ်တွေ ဖျက်ဆိုတာက စိတ်ညစ်ရင် ဘီယာသောက်ပါလား ကိုကိုရယ်...။
Link : ဒီမှာပါ။
၀၃။ အချစ်ဆူး။
ဒီသီချင်းတော့ ရုပ်ရှင်သီချင်းလား မသိဘူး။ နားထောင်မိတဲ့ အခွေတွေထဲမှာ မကြားမိသလိုပဲ။
Link : ဒီမှာပါ။
၀၄။ မြန်မာပြည်သား။
နိုင်ငံတော် အကျိုးပြု သီချင်းပါ။ အနုပညာရှင် အစုံ ပါဝင်တဲ့ ဒီကလစ်မှာ မေဆွိလဲ ပါဝင်ဆိုထားသေးတယ်။ (အမျိုးသား အနုပညာရှင်များ မိတ်ကပ်တွေ ဖွေးနေတာပဲ။)
Link : ဒီမှာပါ။
၀၅။ မယ်သီတာလို မိန်းမသား။
သီချင်းခေါင်းစဉ်က မှားချင် မှားနိုင်ပါတယ်။ မယ်သီတာလို မိန်းမသား (သို့) ဒဿလို မိန်းမ ဖြစ်မယ်။ ပြင်ပေးကြပါ။ ကျွန်တော် ဒီသီချင်းနဲ့ မဆွေကို စသိခဲ့တာပါ။ မဆွေ အဲဒီသီချင်းဆိုတုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပရို တစ်ယောက်လိုပဲ။ အဲဒီတုန်းက အနိုင်တို့ မင်းအောင်တို့ ခေတ်စားနေတုန်း ထင်ပါရဲ့။ သီတာ၊ ရာမ၊ လက္ခဏာ ဆိုတာ ဒီသီချင်း နားထောင်ပြီး စာအုပ်တွေထဲ လိုက်ရှာဖတ်မိတယ်။ ရွှေသွေး အထူးထုတ်ထဲမှပဲ သိတော့တယ်။ အခုသီချင်းကတော့ မူရင်း သီချင်း မဟုတ်ပဲ အမေရိကားက ကွန်ဆတ် တစ်ခုမှာ ဆိုထားတဲ့ သီချင်းပါ။ အဲဒီတုန်းက မဆွေ အက်ဆီးဒင့်ဖြစ်တယ်ဆိုတဲ့ ကောဟလဠတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလ ဖြစ်ပါလိမ့်မယ်။ သီချင်း မဆိုခင်မှာ မဆွေ ဖြေရှင်းချက် ထုတ်ထားတာ တွေ့ရပါတယ်။
ဒီလင့်ခ်တင်သူကတော့ asian4u007 ဖြစ်ပါတယ်။
Link : ဒီမှာပါ။
၀၆။ မင်းအချစ်တွေ ယူ ထွက်မသွားနဲ့။
မြန်မာ့အသံက လွင့်တဲ့ မေဆွိ မွေးနေ့ အမှတ်တရမှာ အဲဒီတုန်းက အပျိုကြီး စာရင်းဝင်တွေလို့ စာနယ်ဇင်းတွေက ခဏခဏ စနေတဲ့ မဆွေနဲ့ တစ်ခေတ်ထဲ သီချင်းဆိုလာတဲ့ မကော် ခေါ် ကော်နီတို့ တူတူ ဆိုတဲ့ သီချင်းပါ။
Link : ဒီမှာပါ။
၀၇။ မယ်သီတာလို မိန်းမသား။
ဒီသီချင်းကို မဆွေ မွေးနေ့ပွဲမှာ နီနီဝင်းရွှေနဲ့ နှစ်ယောက်တွဲပြီး ပြန်ဆိုထားတာပါ။ တစ်ယောက်တစ်ပိုဒ်စီ ဆိုထားတာပေါ့။ အလေးနဲ့ အပေါ့ ရောထားတဲ့ ဟင်းတစ်ခွက်လိုပေါ့...။
Link : ဒီမှာပါ။
၀၈။ နန်းစတော့်ပ် သီချင်း။
ဒီသီချင်းမှာတော့ သီချင်းသုံးလေးပုဒ်ကို တစ်ဆက်တည်း ဆိုထားတာ။ မြန်မာ့အသံနှစ်ပါတ်လည်လား၊ မေဆွိ မွေးနေ့လား မသိဘူး။ ၁၉၉၇ တုန်းက ဆိုထားတာ။ “ကော်နဲ့ ကပ်ထားတယ်”တို့၊ “ကမ်းစပ်နဲ့ ရေလှိုင်း”တို့၊ ကို ဆက်ဆိုထားတာ။ မြူးတယ်။
Link : ဒီမှာပါ။
၀၉။ မမြင်နိုင်သော ကြိုးများ။
ဒီသီချင်းကို ဆရာဝန်၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် စိုးသူနဲ့ နှစ်ယောက်သား ဆိုထားပါတယ်။ ဒီသီချင်းကို နောက်ပိုင်းမှာ သံစဉ်သာ ယူထားပြီး စာသားပြောင်းဆိုထားတဲ့ အငဲနဲ့မဒီ စုံတွဲ ထွက်သေးတယ်။
Link : ဒီမှာပါ။
၁၀။ အချစ်ရဲ့သီချင်း။
သုခမိန်လှိုင်ရေးထားတဲ့ သီချင်းပါ။ လေယာဉ်ပျံ စီးရီးစ်ထဲက ဖြစ်ပါတယ်။ ဒီသီချင်းကို မခိုင်ခေါ် ထွန်းအိန္ဒြာ
ဗိုလ်နဲ့ ဆိုထားပါတယ်။ မဆွေပဲ ပိုကောင်းပါတယ်။ ဒီသီချင်းကို ဇော်ဝင်းထွဋ်လဲ ဆိုထားပါတယ်။
Link : ဒီမှာပါ။
၁၁။ စနိုးဝှိုက်။
ငြိမ်းငြိမ်းအိ သီချင်းကို မဆွေက ဆိုတာပါ။ ဒီမွေးနေ့ အမှတ်တရ ပွဲမှာ မဆွေက ငြိမ်းငြိမ်းအိနဲ့ နှစ်ယောက်တွဲ ဆိုထားပါတယ်။ မဆွေက ဟာမိုနီ လိုက်ပေးထားတယ်။ စွယ်စုံရတဲ့ မဆွေပါ။ မဆွေကို တော်တော် လေးစားပါတယ်။
Link : ဒီမှာပါ။
၁၂။ စကားရှိတိုင်း ပြောရမှာလား။
ဒီသီချင်းကတော့ မြန်မာ့အသံ ခေတ်ပေါ်တေးကဏ္ဍမှာ လွှင့်ထားတဲ့ ကလစ်ပါ။ ဇော်ဝင်းထွဋ်က နောက်စာသားပြောင်းပြီး အရွယ်လွန်အချစ်လို့ ပြန်ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။
၁၃။ ဧဒင်ဥယျာဉ်ထဲက အနမ်း။
တေးရေး မျိုးသိင်္ခရဲ့ သီချင်းပါ။ စိမ်းမို့မို့နဲ့ နှစ်ယောက်တွဲ ဆိုထားတာပါ။ Take Me Home Country Road သီချင်းအလိုက် ယူထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။
၁၄။ မောင်။
မေဆွိရဲ့ Masterpiece လို့ဆိုရမယ့် သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို မြန်မာ့အသံမှာ ခဏခဏ လွှင့်သလို့ ဗွီဒီယိုရုံတွေမှာ ကားတွေ မပြခင် ပရိသတ်ခေါ်တဲ့ အခါမှာ ဒီသီချင်းကို ခဏခဏ လွှင့်နေကျပါ။ တေးရေးကတော့ အာယု ဖြစ်ပါတယ်။ အာယုဆိုတာ သုမောင်တို့ညီအစ်ကို အာယု၊၀ဏ္ဏ၊ သုခ၊ ဗလ ထံက တစ်ယောက်လား၊ သတ်သတ် အာယုလားတော့ မသိဘူး။ ဒီသီချင်းတစ်ပုဒ်ထဲ ရေးခဲ့တယ်လို့တော့ သိရတယ်...။ (မူရင်း မောင် သီချင်းတော့ မတွေ့မိဘူးဗျာ။ ) Update : မူရင်းသီချင်း တွေ့ပါပြီ။ စာဖတ်သူ ပလုံက လင့်လေး လာပေးထားပါတယ်။ ဒီမှာ မောင်မူရင်းကို နားဆင်နိုင်ပါပြီ။
Link : ဒီမှာပါ။ (ဆန်ဖရန်စ္စကိုမှာ ဆိုထားတဲ့ ဗားရှင်းပါ။ အချီပိုဒ်ပြီးတော့ chorus ပိုဒ်မှာ ဒရမ်ဘိဒ်ကို မြူးမြူး တီးရမှာကို အတီးဆရာတွေ နည်းနည်းမှားသွားတယ်။ မဆွေ နည်းနည်းထိန်းဆိုသွားရတယ်။ မူရင်းကို နားထောင်ဖူးသူဆို သိပါလိမ့်မယ်။)
ဟေမာနေ၀င်း သီဆိုတဲ့ မောင် သီချင်းကတော့ ဒီမှာပါ။ မဆွေ ဆိုထားသလောက်ကို ရင်ထဲ မထိဘူး ဖြစ်နေတယ်။
၁၅။ မီးမီးလေးရဲ့ မေ့မေ့ကျောင်း။
သီချင်းရေးစရာ နေဇော်အောင် ရေးထားတဲ့ သီချင်းပါ။ အဆိုကဝေ၊ ဘုရားပေး အသံပိုင်ရှင် အန်တီနွဲ့ယဉ်ဝင်းနဲ့ တွဲဆိုထားတာပါ။ အမေ့ကျောင်း လား တော့ မသိပါ။
Link : ဒီမှာပါ။
၁၆။ မြန်မာသံ မိုနို သီချင်းတစ်ပုဒ် (နာမည် မသိ)။
ခေတ်ပေါ် သီချင်းသာမက မြန်မာသံကို ပါ ပိုင်နိုင်ကျွမ်းကျင်တဲ့ မေဆွိရဲ့ သီိချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။
၁၇။ အိမ်ပြန်ချင်တယ်။
sukiyaki ဆိုတဲ့ နာမည်ကြီး ဂျပန်သီချင်းကို ကော်ပီလုပ်ထားတဲ့ မေဆွိရဲ့ သီချင်း တစ်ပုဒ်ပါ။
Link : ဒီမှာပါ။
၁၈။ ရှေးကုသိုလ်။
မေဆွိနဲ့ အောင်ရင်တို့ နှစ်ယောက် တွဲဆိုထားတဲ့ မြန်မာသံ စုံတွဲ သီချင်းလေး တစ်ပုဒ်ပါ။
Link : ဒီမှာပါ။
၁၉။ နေရာတိုင်းမှာ။
ရင်ထဲက စိုင်းထီးဆိုင်၊ နှလုံးသားထဲက စိုင်းထီးဆိုင် ဆိုပြီး ကိုထီး သီချင်းတွေနဲ့ သီဆိုခဲ့တဲ့ မေဆွိတစ်ယောက် အခု ကလစ်မှာ ကိုထီးနဲ့ တွဲဆိုထားပါတယ်။
Link : ဒီမှာပါ။
၂၀။ အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။
၂၁။ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်။
စိုင်းထီးဆိုင် သီချင်း တစ်ပုဒ်ဖြစ်တဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ် ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ။ အမေရိကားမှာ ဆိုထားတဲ့ သီချင်းပါ။ (ဒီသီချင်းက တေးရေးဆရာ စိုင်းခမ်းလိတ်က သူ့မဟေသီ ဒေါ်နွဲ့တင်အတွက် ရေးပေးခဲ့တယ်ဆိုလား။)
Link : ဒီမှာပါ။
၂၂။ အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။
၂၃။ နားပန်းဆံ။
မေဆွိနဲ့ သူ့မာတာမိခင် အန်တီမြင့်မြင့်ခင် တို့နှစ်ယောက် တူတူဆိုထားတာပါ။ ဒီသီချင်းက အန်တီ ဒေါ်မြင့်မြင့်ခင်ရဲ့ နာမည်ကျော် သီချင်းပါ။ နတ်မြင်းပျံ စီးရီးစ်မှာ ပါတာလား မသိဘူး။ မှားချင် မှားနိုင်ပါတယ်။ ကျိုင်းတုံ ရှိုးပွဲလာတုန်းက အန်တီ ဒီသီချင်းကို ညတိုင်းညတိုင်း ဆိုတယ်။
Link : မြန်မာ့အသံ ဗားရှင်း ၁၉၉၇ က ဒီမှာပါ။ နောက်ထပ် မွေးနေ့ပွဲ ကျင်းပတော့ ၂၀၀၀ ခု နောက်ပိုင်း ထင်ပါရဲ့။ အဲဒီပွဲက ဗွီစီဒီ ဗားရှင်းကတော့ ဒီမှာပါ။
၂၄။ ကိုကိုစိတ်ကူးယဉ်။
မေဆွိနဲ့ မေခလာတို့ တူတူ တွဲဆိုထားတဲ့ သီချင်းလေးပါ။ အနုပညာ မောင်နှမ နှစ်ယောက် :D ဆိုထားတဲ့ မလေးကော်ပီ သီချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။
၂၅။ အချစ်အချစ်အချစ်။
ကုလား သီချင်း တစ်ပုဒ်လို့ သိရပါတယ်။ မှားရင် ပြင်ပေးပါ။
Link : ဒီမှာပါ။
၂၆။ တင့်တင့်တယ်တယ်။
ရွှေတိုင်ညွှန့် (ဇော်ဝင်းထွဋ်တို့ အဖိုး) ရဲ့ သီချင်းကို တွံတေးသိန်းတန်နဲ့ တွဲပြီး ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။
၂၇။ အနီးဆုံးလူ။
စိုးပိုင်ရဲ့ သီချင်းတစ်ပုဒ်ပါ။ ရင်ထဲက စိုးပိုင် စီးရီးစ်ထဲမှာ မေဆွိဆိုထားတာပါ။ စိုးပိုင်လဲ တွဲဖက် ပါဝင်ကူညီ သီဆိုပေးထားပါတယ်။
Link : ဒီမှာပါ။
၂၈။ နော်ကိုကိုနော် (ကိုကိုရေ)။
မေဆွိဆိုရင် နော်ကိုကိုနော် သီချင်းကို မေ့ထားလို့ မရပါဘူး။ တစ်ခေတ်တစ်ခါမှာ ပျိုပျိုမေတို့ အသည်းစွဲ သီချင်းလေးပေါ့။ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ဘာညာ စီးရီးစ်ထဲက။
Link : ဒီမှာပါ။
၂၉။ မနဲ့မောင်။
နောက်ဆုံး တစ်ပုဒ်အနေနဲ့ မေဆွိရဲ့ Masterpiece ဖြစ်တဲ့ မနဲ့မောင် သီချင်းကို တင်ချင်ပါတယ်။ အဆိုမှော်အောင်ထားတဲ့ မဆွေ အစွမ်းပြထားတဲ့ သီချင်းပေါ့။ မနဲ့ မောင် ဇာတ်လမ်းလေးတွေ အတွက် ဒီသီချင်းလေးက အသင့်တော်ဆုံးပေါ့။ အဲဒီခေတ်က ရုပ်ရှင်ကားတွေမှာ ပလေးဘက်အနေနဲ့ ခဏခဏ သုံးခဲ့တဲ့ သီချင်းပေါ့။ ကော်ပီ သီချင်း တစ်ပုဒ်။ I've Never Been To You ဆိုလား မသိဘူး။
Link : ဒီမှာပါ။
သီချင်းလေးတွေကတော့ အခုနောက်ပိုင်းကလေးတွေ သိပ်မသိလောက်တော့ပါဘူး။ တစ်ချို့တစ်လေသော သီချင်းတွေကို နောက်ပေါက် အဆိုတော် တစ်ချို့က ပြန်ဆိုထားလို့သာ သိချင် သိနေပါလိမ့်မယ်။ မဆွေ သီချင်းတစ်ပုဒ်ကို ဒီဘက်ခေတ် အဆိုတော်ကောင်မလေး တစ်ယောက်က ပြန်ယူဆိုထားတာကို အန်တီကြီးတစ်ယောက် လိုက်ဆိုတာ သူ့တူမလေး ကြားတော့ ခေတ်မှီတယ်၊ သူတို့ခေတ်က သီချင်းတွေကို အန်တီ လိုက်ဆိုနိုင်တယ် ဆိုပြီး ချီးကျူးနေတော့ သူ့အန်တီခင်မျာ ဘာပြောရမှန်း မသိဘူးတဲ့။