Showing posts with label htoo ein thin. Show all posts
Showing posts with label htoo ein thin. Show all posts

Saturday, October 15, 2011

မှားတဲ့ဖက်မှာ




မှားတဲ့ဖက်မှာ တဲ့....။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီက ကြိုက်တတ်ခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ပါ...။
ကွယ်လွန်သွားတဲ့ အနုပညာရှင် စောဘွဲ့မှူး ရေးစပ်ခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ပေါ့..။
မျိုးကျော့မြိုင်က စဆိုခဲ့ပါတယ်။

စောဘွဲ့မှူး ကွယ်လွန်ပြီးတဲ့နောက် သူ့အတွက် အမှတ်တရ သီချင်းအယ်လ်ဘမ် စီစဉ်ရာမှာ... စောဘွဲ့မှူး အမှတ်တရ (၁)နဲ့(၂) ဆိုပြီး တေး စီးရီးစ်စ်ခွေ ထွက်ခဲ့ပါတယ်။ အခုသီချင်းက အဲဒီ အမှတ်တရထဲက သီချင်းလေး တစ်ပုဒ်ပါ...။
အဆိုတော် ပေါင်းစုံ ဝိုင်းဖွဲ့ ဆိုထားတာပါ....။
စောဘွဲ့မှူး သီချင်းတွေနဲ့ သီဆိုအောင်မြင်လာတဲ့ အဆိုတော်တွေ အများစု ဝိုင်းဆိုတဲ့ သီချင်းလေးပေါ့...။
လေးဖြူကတော့ စောဘွဲ့မှူး သီချင်း မဆိုဖြစ်ခဲ့ဘူး ထင်တယ်။ သူက စောဘွဲ့မှူး ထောင်ထားတဲ့ Iron Cross တေးဂီတနဲ့ပဲ ပတ်သက်မှု ရှိတယ် ထင်တယ်။ အငဲလဲ ထိုနည်းတူပဲ ထင်ပါရဲ့။
ဒါပေမယ့် မြန်မာ့စတီရီယိုခေတ်မှာ မှတ်တိုင် တစ်ခု စိုက်ထူခဲ့တဲ့ စောဘွဲ့မှူး အမှတ်တရ အခွေထဲမှာ သူတို့လဲ ဝိုင်းပြိး ဂုဏ်ပြု ဆိုထားပါတယ်။
ဖင်စီဒိုင်းတို့ ငါ့အသည်းကို မြန်မြန်ခွဲပါတို့ က လေးဖြူနဲ့ အငဲ ပြန်ဆိုထားတာပဲ။

အခု သီချင်းလေးမှာ အဲဒီတုန်းက ခေတ်ပြိုင် ရော့ခ် အဆိုတော် လေးဖြူနဲ့ ဇော်ဝင်းထွဋ်တို့ ဒုတိယအကြိမ် ပြန်ဆုံပြိး တူတူဆိုဖြစ်တဲ့ သီချင်းလေးပေါ့...။
ဒီသီချင်းအတွက် Arrangement ကို ထူးအိမ်သင်က ဦးစီးလုပ်ဆောင်တယ်လို့ သိရတယ်။
အဆိုတော်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့.. သူ့ထက်ငါကောင်း ပညာစွမ်းတွေ ထုတ်ကြတာ တွေ့ရတယ်။
အငဲ၊ လေးဖြူနဲ့ ထူးအိမ်သင်တို့ရဲ့ ဆိုပေါက်နဲ့ ဟာမိုနီ လိုက်တာကို သဘောအကျဆုံးပဲ...။

မေဆွိက အသံစူးစူးနဲ့ ဆိုထားသလို မေခလာက မာပြတ်ပြတ်နဲ့ ဝင်ချလိုက်တာ တစ်မျိုးကောင်းတယ်...။
ပိုးဒါလီသိန်းတန်ကတော့ သူ့စတိုင် ကြည်အေးအေးလေးနဲ့ ဆိုသွားတယ်။
ကော်နီကတော့ ထုံးစံအတိုင်း ရှတတနဲ့ ပြတ်တောင်းပြတ်တောင်း ဆိုပေးတယ်။

ထွဏ်းထွဏ်းလဲ ခပ်ရှရှပဲ...။
မာရဇ္ဖက နာမည်ခံလောက်ပဲ ထင်ပါရဲ့.. သိပ်မပြလိုက်ရရှာဘူး...။

မူရင်း မျိုးကျော့မြိုင် ဆိုတဲ့ ဗားရှင်းထဲမတော့ သီချင်းဆိုလို အပိုဒ်မှာ ဗိုလ်အောင်ဒင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်း စကားပြောတွေ ထည့်ထားတယ်....။
ဗိုလ်အောင်ဒင်က သူ့တပည့်ရာမက သူ့ကို ခြေရာတိုင်းချင်တဲ့ အခန်းထဲကဟာပေါ့...။

"လွယ်သလား ခက်သလား ရာမ.... ဒီမှာ ရာမ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ ဟောဒီလို သေနတ်ကို လက်ညိုးလေးနဲ့ ကွေးကွေးလေး" ဆိုပြီး ဘာညာ ဘာညာ ပြောတဲ့ စကားတွေ ထည့်ထားတယ်...။
ကိုယ်တွေက အဲဒီ စကားပြောကို ဖျက်ဆိုကြတယ်။
ဒီမှာ ဗိုလ်လုပ်ချင်တဲ့ ကောင်ဟာ ဗိုလ်သင်တန်း တက်ရတယ်ကွ.. ဆိုပြီး ဘာညာ... (ဒါက စကားမစပ်ပါ။)

သီချင်းလေးက ကောင်းပါတယ်....။
သီချင်း သီဆိုသူနဲ့ ဆိုထားတဲ့ အပိုဒ်လေးကို နားထဲ ကြားမိသလောက် ပြန်ချရေးလိုက်တယ်။ မှားနေရင် ခွင့်လွှတ်...။


မှားတဲ့ဖက်မှာ။


ဝလုံးကလေးမှ ဝိုင်းအောင် မရေးနိုင်ခင် ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်...။ (ဇော်ဝင်းထွဋ်)
အမေဆိုပြလိုက်တော့... ရွှေသားအတိပြီးတဲ့ လင်ဗန်းကြီးပဲ မက်မောကာ... ( လေးဖြူ)
ဝိုးဝိုး..ငါဟာ လောဘတက်လာတယ်။ (ထွဏ်းထွဏ်း)

ပုခက်တွင်းမှဆင်း မြေကြီးပေါ်နင်းခါစ ရွှေယုန်လေးနဲ့ ရွှေကျားပုံရယ်...။ (မေဆွိ)
အင်မတန်ကောက်ကျစ်တဲ့... ယုန်ဆိုးလေးကို သိပ်ပြီးအားကျနေခဲ့တော့ ငါဟာ ကောက်ကျစ်တတ်လာတယ်။ (မေခလာ)

ဝိုး.. မျက်လုံးတစ်ဖက် ကန်းနေခဲ့ပါရဲ့နဲ့ ဘုရင်ကို ဖမ်းပြီး အကျဉ်းချဝံ့သူ (ထူးအိမ်သင်)
ငရမာန်ကန်းကြီးအား အရမ်းဂုဏ်ပြုမိတော့ (မာရဇ္ဖ)
တို့ကျောင်းက သမိုင်းဆရာလေးတောင် လူပေလေးလို့ ငါ့ကိုခေါ်.... (အငဲ)

ဘိုင်စကုတ်ကြည့်တော့ လူကြမ်းကိုအံ့ကျော်ကို အလွန်တရာ နှစ်သက်တတ်ခဲ့တယ်။ (ကော်နီ)
ငါ့နံဘေးနားက ချစ်သူလေးကတောင် တစ်ဖြည်းဖြည်း ငါ့ကိုလန့်ကာ ကြင်နာတတ်မယ့် တစ်ယောက်ကိုရှာ (ပိုးဒါလီသိန်းတန်)

ဒီလိုနဲ့ ဆန့်ကျင်ဖက် အမြင်တွေကို သုံးသပ်ရင်လူတွေအပေါ် (မိန်းကလေး သံပြိုင်)
ဝိုး ... ဘယ်သူက မှားပြီး မှန်တယ်လို့ ဆုံးဖြတ်ခဲ့တာလဲ... (လေးဖြူ၊ ထူးအိမ်သင် ဟာမိုနီ ဆိုသည်။)

အဆိုးနဲ့ အကောင်း တွဲနေတတ်တာကို မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်။ (မိန်းကလေး သံပြိုင်)
လ့ကျင့်ခဲ့တယ်။ (ကော်နီ)

ဒီအတွက် အကျိုးအမြတ်က အများတကာ မေးငေါ့ကာ (ထွဏ်းထွဏ်း)
အမြင်ကပ်လို့ မုန်းစရာ ဖြစ်ကာ (ဇော်ဝင်းထွဋ်)
အရိုင်းအစိုင်းအဖြစ် မြင်လာ။ (အငဲ)

ဒီလိုနဲ့ ဆန့်ကျင်ဖက် အမြင်တွေကို သုံးသပ်ရင်လူတွေအပေါ် (မိန်းကလေး သံပြိုင်)
ဝိုး.. သုံးသပ်ရင်းနဲ့... (ထူးအိမ်သင်)
ဘယ်သူက မှားပြီး မှန်တယ်လို့... (လေးဖြူ)

မှားခဲ့... (ထူးအိမ်သင်)
ဆုံးဖြတ်ခဲ့တာလဲ.. (လေးဖြူ)
အိုး... သိပ်ခက်... (ထူးအိမ်သင်)

အဆိုးနဲ့ အကောင်း တွဲနေတတ်တာကို မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်။ (မိန်းကလေး သံပြိုင်)
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်။ (ထွဏ်းထွဏ်း)
ဒီအတွက် အကျိုးအမြတ်က အများတကာ မေးငေါ့ကာ (ဇော်ဝင်းထွဋ်၊ ထွဏ်းထွဏ်း)
အမြင်ကပ်လို့ မုန်းစရာ ဖြစ်ကာ.. (ဇော်ဝင်းထွဋ်)
အရိုင်းအစိုင်းအဖြစ် မြင်လာ (အငဲ)


Sunday, August 15, 2010

သီချင်းငှက်သို့ အမှတ်ရခြင်း (၆ နှစ်ပြည့် အမှတ်တရ)

Photo Credit to : Manohary

ကိုထူးအိမ်သင် ဆုံးပါးသွားခဲ့တာ ဒီနေ့မှာ 6 နှစ်တင်းတင်း ပြည့်သွားပါပြီ။

ပြီးခဲ့တဲ့နှစ်တုန်းက ရေးခဲ့ဖူးတဲ့ ပို့စ်လေးကို ပြန်တင်ပေးလိုက်ပါတယ်။

==========================================

ကျွန်တော့်ရဲ့ လူငယ်ဘဝ သက်တမ်းတစ်လျှောက်မှာ သီချင်းနဲ့ ပတ်သက်လို့ အဆိုပညာ ကို သေချာ သင်ကြားမိတာ ကိုထူးအိမ်သင်ရဲ့ သီချင်း အများစု ပါပါတယ်။ ကိုငှက်အကြောင်းကတော့ ရေးပြီးသူများ ရေးပြီးနေကြတော့ ထူးထူးထွေထွေ မရေးတော့ပါဘူး။ ကျွန်တော် ခံစားမိသလောက် ကိုငှက် အကြောင်းများကိုသာ မျှဝေချင်ပါတယ်။ မှတ်မိသလောက်လေးပါ။


နာရီပေါ်က မျက်ရည်စက်များ။
အဲဒီ အခွေထွက်တုန်းက သီချင်းစာအုပ်က နှစ်မျိုးထွက်ဖြစ်တယ် တင်တယ်။ အဲဒီတုန်းက ၇ တန်းလားမသိဘူး။ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က စာအုပ် ယူလာပြတယ်။ သီချင်းစာအုပ် အဖုံးက အနက်ရောင်မှာ ရွှေမှင်ရောင် ပန်းချီလေး။ နာရီတစ်လုံးရဲ့ ဒိုင်ခွက်ကို ဆွဲပြထားတာ။ အဲဒီမှာ ရောမ ဂဏန်းတွေနဲ့ နာရီ အချိန်တွေကို ရေးထားတယ်။ အီဂျစ် အရုပ်စာတွေလဲ ပါလေရဲ့။ တစ်ခွေလုံးကို ကြိုက်သွားတယ်။ ညီလေးရေ ဆို အကျိုးပြု သီချင်း တစ်ပုဒ် မပါမနေရ ထည့်ရတယ် ဆိုပေမယ့် ပြီးပြီးရော မလုပ်ပဲ အသေအချာ အားစိုက်ထားတာ တော်တော် သိသာတယ်။

နောက်ပိုင်းမှာတော့ ခေါင်းလောင်းလေးတွေ မြည်နေပြီ။ တစ်နေ့နေ့တော့ ချစ်၍ လာလိမ့်မည် စတဲ့ သီချင်းတွေဟာ ကျွန်တော်တို့ ကျောင်းသား လူငယ်ထုကြားမှာ တော်တော်လေးကို ရေပန်းစားလာခဲ့တယ်။ ကိုယ့်စိတ်တွေ မရိုးသားတော့ဘူး ဆိုတာ သူငယ်ချင်း ကောင်မလေးကို ဆိုပြနေကျ သီချင်းလေး။
အမေ့အိမ်ဆိုတဲ့ သီချင်းလေးအစမှာ ဒရမ်သံလေးနဲ့ ရထားသံပေါက်အောင် ထည့်ထားတဲ့ အိုင်ဒီယာကို သဘောကျတယ်။ ရထား မရှိတဲ့ ကျွန်တော်တို့ မြို့လေးမှာ သူ့သီချင်းကို ခံစားလို့ရခဲ့တယ်။ ရော့်ခ်အဲန်ရိုး အပျိုမ ဆိုတဲ့ သီချင်းလေးဟာ အစက ကော်ပီ သီချင်းလို့ အငြင်းအခုံ ဖြစ်ကြသေးတယ်။ အမှတ်မမှားဘူးဆို ကိုငှက်ကိုယ်တိုင် ရေးထားတဲ့ ရော့်ခ်အဲန်ရိုး သီချင်းပါတဲ့။

မဟေသီ??? အလင်္ကာ??? မှာ ကိုငှက်ဘိုင်အိုဂရပ်ဖီကို ဝတ္ထုလို ရေးထားတဲ့ အခန်းဆက်လေးက စောင့်ဖတ်ရတဲ့ ကဏ္ဍ ဖြစ်ခဲ့တာပေါ့။ ပုသိမ် ကန်သုံးဆင့် ရေကန်ဆိုလား သူ့ကြောင့် သိခဲ့တယ်။ သူက ပုသိမ်ကို တော်တော် သံယောဇဉ်ကြီးတယ်။ အစ်မခင်မင်းဇော်တို့နဲ့ တစ်နှစ်ထဲလား မသိဘူး။ ပုသိမ်မှာ သူ တီးဝိုင်းထောင်တာ ဘာညာ။ နောက်တော့ မော်လမြိုင်ကို ပြောင်းသွားရပေမယ့် ပုသိမ်ကို ခဏခဏ လာဖြစ်တာ။ ပုသိမ်မှာ ဆရာသမား ကောင်းကောင်းနဲ့ ဂီတကို သေချာလေ့လာ ဖြစ်တာ။အားကျစရာတွေပဲ။

ကျွန်တော်တို့ ဆယ်တန်းဖြေတော့ အထီးကျန်ဆိုတဲ့ သီချင်းလေးက တော်တော်ညည်းလို့ ကောင်းတဲ့ သီချင်းလေး။ သူငယ်ချင်းတွေနဲ့ တူတူစု စာကျက်တော့ အိပ်ချင်လာပြီဆို ချမ်းစီးစီးညလေးထဲကို တစ်ယောက်ထဲ ထွက်လာခဲ့။ ထိန်ထိန်သာနေတဲ့ လမင်းကို မော့ကြည့်ရင်း ငါဟာ တစ်ယောက်တည်း အထီးကျန်ဆိုတဲ့ သီချင်းလေးကို အဖော်ပြု။ အဲဒီတုန်းက အသည်းကွဲ ဝေဒနာ ဆိုတာကို စတင် ထိတွေ့ မြည်းစမ်းနေခဲ့တာ ဆိုတော့ သီချင်းလေးနဲ့ ကိုယ့်အနေအထားက အတော်ကို လိုက်ဖက်နေခဲ့တယ်...။

လွမ်းမိတယ် ဆိုတဲ့ သီချင်းက ဂျပ်စင်ဆိုတာလေး ပါတော့ ဘာမဆိုင် ညာမဆိုင် ကိုယ်လဲ ရောယောင်ပြီးတော့ လွမ်းနေမိခဲ့တယ်။ ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်လာ မတက်တော့တဲ့ တစ်ယောက်သောသူကို လွမ်းနေရှာတဲ့ အဆောင်သူတစ်ယောက် နေရာကို ကိုယ်တိုင် ဝင်ခံစားနိုင်လောက်အောင် သီချင်းက ထိရှနေခဲ့။

သိပ်ကိုရှက်တတ်တဲ့ ကိုယ့်ရဲ့မိန်းမလှလေး ဒီလို တစ်လှမ်းချင်း လျှောက်လာလား။
ကိုယ့်နှလုံးသွေးများ ရပ်တန့်သွားပြီဟေ့ ရီဝေမိန်းမော မူးမိုက်သွား။
ကိုယ့်နှလုံးသားထဲ မင်းဟာ နတ်မိမယ်။
ဒါကို မင်းလေ... သိရဲ့လား။
အတော်ကို ဆိုရခက်တဲ့ odd beat သီချင်းလေး တစ်ပုဒ်ပါ။ နတ်မိမယ် ထင်ပါ့။ ဘိဒ်တွေ အကြောင်း သိပ်မသိပါ။ 4/4 timing လား 6/8 တို့ 3/4 လား...။ အဲလိုမျိုးထဲက ထင်ပါ့။ အချစ်နဲ့ ဂီတာက simigol တစ်ယောက် လာဖတ်မိရင် ပြောပါနော့။ အဲဒီသီချင်းကို ဆိုတတ်အောင် ကက်ဆက်ရှေ့မှာ ဝမ်းလျားမှောက်ပြီး သီချင်းကို တစ်ကြောင်းချင်း အနုလုံ ပဋိလုံ နားထောင်နေခဲ့တာ မှတ်မိသေးတယ်။ တစ်ကယ်လဲ ဆိုရခက်တဲ့ သီချင်းတစ်ပုဒ်ပါ။ ဘယ်လို အနုပညာမှော်နဲ့ ဖန်တီးခဲ့လဲဆိုတာ အံ့သြယူရတယ်။ အဲဒီခေတ်က 32 track တွေ မပေါ်သေးဘူး ထင်တယ်။ (ထပ်ဖြည့်။ ။ ကော်မန့်မှာ ကို ck လာပြင်ပေးသွားပါတယ်။ နတ်မိမယ် သီချင်းက 4/4 timing ပါတဲ့။ )

စုံတွဲသီချင်းတွေ ဆိုတာ ရှားတဲ့ ကိုငှက်။ စုံတွဲတစ်ပုဒ် ပါခဲ့တယ်။ တစ်ပုဒ် ဆို တစ်ပုဒ် ပြောရလောက်အောင်ကို ကောင်းနေခဲ့တယ်။ “ဝေးသွားတဲ့အခါ” ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းကို ကိုငှက်က စိမ်းမို့မို့နဲ့ ဆိုဖို့ စီစဉ်ထားပြီးသား။ အဲဒီမှာ စိမ်းမို့မို့ဘက်က အကြောင်းတစ်ခုခုကြောင့် မဆိုနိုင်တော့တဲ့ အခါ ကိုငှက် အတော်ကို ဒုက္ခရောက်သွားတယ်။ အဲဒီမှာ သူ ပုသိမ်တုန်းက ကျောင်းတူတူတက်ခဲ့တဲ့ ပေါက်ပေါက်ကို သတိရမိတယ်။ ပေါက်ပေါက်က တာမွေမှာ ရောက်နေတယ်ဆိုတော့ ချက်ချင်း သွားခေါ်ပြီး ဆိုနိုင် မဆိုနိုင် မေးမနေတော့ပဲ ပေါက်ပေါက်ကို ဆိုခိုင်းတယ်။ ကိုငှက်က အနုပညာနဲ့ ပါတ်သက်လာရင် တော်ရုံ ပြီးစလွယ် မလုပ်တတ်ဘူးတဲ့။ ပေါက်ပေါက်ကို သူတစ်ကယ် ယုံကြည်လို့ ဆိုခိုင်းတာပဲ။ အဲဒီတုန်းက ပေါက်ပေါက်ဆိုပြီး သူနဲ့ တွဲဆိုတော့ ကျွန်တော်တို့ တစ်တွေက ပေါက်ပေါက် ဘာအခွေတွေ ထုတ်ဖူးလဲဆိုတာ အသည်းအသန် လိုက်ရှာကြသေးတယ်။ အဲဒီ စုံတွဲ သီချင်း တစ်ကယ်ကောင်းပါတယ်။

နောက်တော့ “ရင်ခုန်ရင် အချစ်” တို့... (ပေါက်ပေါက်နဲ့ ဆိုပြီးမှာ မေဆွိနဲ့ နောက်ပြန်ဆိုတာလား မသိဘူး) “နှလုံးသား ကျမ်းစာ”တို့... နောက် ကော်နီနဲ့ ဆိုတဲ့ သီချင်းက ဘာပါလိမ့် အဲဒါတော့ မသိတော့ဘူး။ ဘာသာ မတူတာ ဘာကြောင့်လဲ .. တို့တော့ ဒါတွေ နားမလည်... မေရယ် မောင်ရယ် ကံကို ဆိုးတယ်...။ (ကာရန်မညီသော ဖြစ်ပါတယ်။ ကျေးဇူးပါ မသက်ဝေ)

ကိုငှက်က စုံတွဲတွေကို ကြိုကြားကြိုကြား တွေပဲ ဆိုတယ်။ လက်ချိုးရေလို့ ရတယ်။ နောက်ဆုံး ဆိုသွားတဲ့ စုံတွဲ သီချင်းက အမှတ် မမှားဘူးဆိုရင် မို့မို့ရဲ့ ပထမဦးဆုံး အခွေမှာ ဝင်ဆိုပေးတဲ့ “မျက်စိမှိတ် ချစ်နေမယ်” ဆိုတဲ့ သီချင်းလေးပဲ။
သီချင်းကောင်းပဲ။ မို့မို့လဲ အဆိုကောင်း၊ ကိုငှက်လဲ ဟာမိုနီဆိုတာ ကောင်း ဆိုတော့ သီချင်းကောင်းလေး တစ်ပုဒ် ပေါ်လာတာ မဆန်းပါဘူး။

နောက် ၁၉၉၃ မှာ ရာဇဝင်များရဲ့ သတို့သမီး ဆိုတဲ့ ကိုငှက်ရဲ့ မာစတာ ပစ်စ် သီချင်း တစ်ပုဒ် ပေါ်လာခဲ့တယ်။ မှတ်မှတ်ရရ ပြည်ပ ရောက်နေချိန်မှာ အဲဒီသီချင်းကို လေးဖြူက ဂျပန်မှာ ကျင်းပတဲ့ အာရှလူငယ် ရော့်ခ်သီချင်း ပွဲတော်မှာ သီဆိုခဲ့တာကို တီဗွီဖန်သားပြင်ပေါ်က တွေ့ခဲ့ရတယ်။ အဲဒီတုန်းက လေးဖြူဆိုတာ မသိဘူး။ ဆံပင်ရှည်နဲ့ မြန်မာသီချင်းကို မာန်ပါပါ ဆိုတာကို အောက်က ဂျပန်စာတန်းထိုးပြီး တိုက်ရိုက် ဘာသာပြန်ပေးနေတာကို မှတ်မိနေခဲ့တယ်။

၉၄ မှာ ကိုလေးဖြူ စန်းထနေချိန်။ ကိုငှက်လဲ သူ့ခေတ်ပဲ...။ တာရာ ဆိုခဲ့တဲ့ ပုလဲသီ တစ်ကွဲစီ စီးရီးစ်ထဲက သီချင်းမှာ ကိုငှက် စုံတွဲ ဝင်ဆိုပေးတဲ့ သီချင်းလေး။ အသည်းကွဲ ညနေခင်း ဆိုတဲ့ သီချင်းပေါ့။ နောက်ပိုင်းမှာ ကိုအောင် က ပြန်ဆိုထားတာ ရှိတယ်။ မှန်အိမ်လေး အခွေထဲမှာ...။

အလင်းမဲ့တဲ့ အခန်းကျဉ်းထဲက ဝိုးတစ်ဝါး တေးကဗျာ အပိုင်းအစတွေ။
ရှိခဲ့တဲ့ ချစ်သံယောဇဉ်လေးတွေ ပြန်မြင်ယောင်တမ်းတ။
ဟိုးတုန်းက ရှိခဲ့ဖူးတဲ့ မင်းရဲ့အချစ်ကို ယုံကြည်ရင်း
လျှောက်ခဲ့တဲ့ လမ်းလေးထက်က မင်းရဲ့အရိပ်တွေ မြင်ယောင်ရင်း။
ရှိခဲ့တဲ့ ချစ်သံယောဇဉ်လေးတွေ ပြန်မြင်ယောင်တမ်းတ။
ဒီလို အသက်မဲ့ နေ့ရက်များနဲ့ ကိုယ့်ရဲ့ အသည်းကွဲ ညနေခင်းများ
မာနများလဲ တစ်စစီ ကွဲရှ ကိုယ့်ရဲ့ အသက်မဲ့ ညနေခင်းများ
ရင်ခုန်ရင်း (ရင်ခုန်ခြင်းတွေလဲ)
ငိုရှိုက်ရင်းနဲ့ (ငိုရှိုက်ရင်းနဲ့)
လွမ်းမဆုံးဘူးလား.....။
(သီချင်းစာသားများ မှားယွင်းနိုင်သည်။)
အဲဒီမှာ ထူးအိမ်သင်က တာရာနဲ့ စုံတွဲဆိုတယ်ဆိုပေမယ့် ဟာမိုနီအနေနဲ့သာ လိုက်ပေးခဲ့တာပါ။ သံစဉ်တွေ စီထားတာ လှတယ်။ ကိုအောင် ပြန်ဆိုတာကျတော့ ကိုအောင့်စတိုင်အတိုင်း နည်းနည်း မာနေတယ်။ နောက် ဂရေဟမ်လဲ ပြန်ဆိုထားတယ် ထင်ပါရဲ့။ ဒါပေမယ့် တာရာ ဗားရှင်းကို နားထဲ စွဲနေတော့ နောက်ပေါ်တဲ့ ဗားရှင်းကို စိတ်ထဲ မဝင်မိဘူး ဖြစ်တယ်။ ကျွန်တော် ဟာမိုနီတွေ သဘောကျလာတာလဲ အဲဒီ သီချင်းကြောင့်လဲ ပါတာပေါ့။

၁၉၉၅ နှစ်ဦးပိုင်းလောက်မှာ ကျွန်တော် ရန်ကုန်ကို တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်ပွဲ ဝင်နွဲဖို့ ကြုံခဲ့တယ်။ မန္တလေးကနေ ညရထား စီးလာခဲ့တဲ့ ကျွန်တော် ရန်ကုန်ရောက်ခဲ့တဲ့ ညမှာပဲ ကိုထူးအိမ်သင်ရဲ့ One Man Show Unplugged Show ကို သိမ်ကြီးဈေးနားက မေဟွားခန်းမမှာ ကျင်းပခဲ့တယ်ဆိုတာ အတော်နောက်ကျမှ သိလိုက်ရတယ်။ (ထပ်ဖြည့်။ ။ ကိုck ကပဲ ပွဲကျင်းပတဲ့ နေရာကို ထပ်ပြင်ပေးသွားပါတယ်။ မေဟွားမှာ ကျင်းပတာ မဟုတ်ပဲ အောင်ဆန်းကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ကျွန်တော်က သိမ်ကြီးဈေး မေဟွားမှာ ရှိုးပွဲကို ဆိုင်းဘုတ်ကြီးကြီး တပ်ထားတာ မေဟွား ခန်းမ လို့တော့ တွေ့ခဲ့တာပဲ။) ကျွန်တော် ကပ်လွဲသွားတယ်။ သီချင်းသည် တစ်ယောက် ဝမ်းစာပြည့်တယ် မပြည့်ဘူးဆိုတာ သူ့ရဲ့ သီချင်းအယ်လ်ဘမ် တစ်ခုတည်း မကြည့်ရဘူးတဲ့။ အပြင်မှာ လိုက်ဖ် ဆိုနေချိန်မှာ ဒီတစ်ယောက် တစ်ကယ် ဆိုတတ်တယ် မဆိုတတ်ဘူး ဆိုတာ ပိုထင်ရှားတယ်တဲ့။ ကိုငှက်ကတော့ အဲဒီပွဲမှာ အသေအချာကို ထုတ်ပြသွားတာပါ။ ကိုလေးဖြူလဲ အဲဒီပွဲမှာ ကိုငှက်ကို မေတ္တာနဲ့ အားဖြည့် သီဆိုပေးခဲ့ပါတယ်။ အဲဒီ ပွဲကို ဗွီစီဒီ မထုတ်ဖြစ်ခဲ့ပဲ စီဒီ အနေနဲ့သာ ထုတ်ခဲ့တယ်။ ကျွန်တော်ကတော့ ရန်ကုန် ဆင်းလာတာ နောက်ကျလို့ အဲဒီပွဲကို မကြည့်လိုက်ရဘူး။ စီဒီပဲ ဝယ်နားထောင်ရတယ်။ စီဒီကာဗာက ဟောလိုဂီတာကို အဝါရောင် ခပ်ကဲကဲနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီလေး။ unplugged ဆိုတဲ့ စာလုံးကို လက်နှိပ်စက် ဖွန့်နဲ့ ရိုက်ထားတာ မှတ်မိတယ်။ အမ်တီဗွီံ ထွက်မလား မျှော်လင့်သေးတယ်။

အဲဒီအခွေကို နားထောင်ဖူးသူတိုင်း ကိုငှက်ရဲ့ အနုပညာကို ပိုပို လို့သာ လေးစားလာခဲ့တယ်။ အမေ့ရဲ့ ဒုက္ခအိုးလေး ဆိုတာမှာ နောက်ဆုံးမှာ အသံဆွဲဆိုတာ နားထောင်ကြည့်ပါ။ မြူးဇစ်ရဲ့ သဘောသဘာဝ အနိမ့်အမြင့်ကို သေချာ ကျေညက်သူ တစ်ယောက်မို့လို့သာ လိုသလို သံစဉ်လေးကို ကစားသွားတာ တွေ့ရပါမယ်။ “အမေ့အိမ်” သီချင်းကို ကိုငှက်နဲ့ ကိုလေးဖြူနဲ့ နှစ်ယောက်သား အပေးအယူ မျှမျှတတနဲ့ သမ္ဘာတွေ ထုတ်ပြီး ဆိုသွားခဲ့တယ်။

လွမ်းသူ့အိပ်မက်ကို ဗားရှင်းပြောင်းဆိုတယ်။ ဆိုလိုမှာ ဒရမ်ကို လှလှပပလေး ကစားစေခဲ့တယ်။ Come on Baby, Come On Baby ဆိုပြီး ဒရမ်သံကို ဆွဲခေါ်တဲ့ ကိုငှက်ရဲ့ creation။ “အိုး.. တစ်ဆောင်းသစ်ပြန်ပြီ” ဆိုတဲ့ တစ်ကြောင်းထည်းကိုပဲ ရသ အမျိုးမျိုး၊ သံစဉ် အမျိုးမျိုးနဲ့ လှလှပပလေး သီကျူးခဲ့တယ်။ ကိုငှက်ရဲ့ ပညာတွေ ထုတ်သုံးထားခဲ့တယ် အံဒီ Unplugged Show ကို လွဲသွားတဲ့ ကျွန်တော်.. အခွေကို နားထောင်လိုက်ရချိန်မှာ ပိုလို့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ အဲဒီပွဲကို သွားတဲ့လူတွေတော့ အတော်ကံကောင်းခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ကိုငှက်က နောက်ပိုင်းမှာ တစ်ကိုယ်တော်ပွဲတွေ မရှိတော့လို့ပဲ။ အနုပညာအရသာ သီချင်းကို သီဆိုချင်ခဲ့တဲ့ ကိုငှက်က စီးပွားရေးအတွက်ကို အာသီသ မရှိခဲ့လို့ ကိုငှက်ပွဲတွေဟာ ရှားတယ်။

မျက်နှာနာရတဲ့ ပွဲတွေမှာသာ ကိုငှက် တက်ဆိုပေးတော့တယ်။ သူဝါသနာပါရာ သီချင်းဆိုတာကိုတော့ အခွေတွေ လုပ်ရင်းနဲ့သာ နှစ်မြုပ်နေခဲ့တယ်။ ရူးချင်ယောင်ဆောင် မနေနဲ့ ဆိုတဲ့ သီချင်းက လေးဖြူ က ကမ္ဘာသစ်တေးမှာ ဆိုထားတဲ့ သီချင်းလေးပါ။ ထူးအိမ်သင်က အောင်ရင်၊ ဘိုဘိုတို့နဲ့ တွဲဆိုတဲ့ ဗားရှင်းက စုပေါင်းစပ်ပေါင်း အခွေတစ်ခုထဲမှာ တွေ့နိုင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ထွက်တယ် ထင်ပါရဲ့ (အမှတ်မှားနိုင်ပါတယ်။)

တစ်ခါသားမှာ မြဝတီက လွှင့်ခဲ့တဲ့ ကိုငှက် သီချင်းတစ်ပုဒ်မှာ ကိုငှက် တော်တော်ကို ရုပ်ကျနေတာ သိခဲ့တယ်။ အလွမ်းရဲ့ မီးလျှံများ ဆိုတဲ့ သီချင်းပေါ့။ လက်နှစ်ဘက်ကို မြှောက်ပြီး သီချင်းဆိုနေတာ ဆေးစွဲနေတဲ့ ပုံစံဗျ။ ခေါင်းကို ပုဝါကြီးကြီးနဲ့ ပတ်ထားတယ်။ ပင်လယ်ဒမြ လိုလို ဘာလိုလိုနဲ့။ စတူဒီယိုထဲလား စတိတ်ရှိုးကလား ဆိုတာတော့ မသိဘူး။ မြဝတီကလဲ နောက်ပိုင်း အဲဒီသီချင်းကို သိပ်မလွှင့်ဖြစ်ခဲ့ဘူး ထင်တာပဲ။ ကိုငှက်က ပြင်ပ ဗဟေဒ္ဓိကသာ ကျနေပေမယ့် သီချင်းဆိုတော့ မလျှော့ဘူး။ အပြည့်ပေးတယ်။

နောက် မှတ်မှတ်ရရ ပုဂံဆိုဒ်ဘာတက်ခ်က သူရဲ့ သုံးစွဲသူများကို ကျေးဇူးဆပ်ပွဲဆိုပြီး မြရိပ်ညိုမှာ ဂီတပွဲတော် ကျင်းပတယ်။ အဲဒီမှာ ကိုငှက်လဲ ပါတယ်။ ဒါပေမယ့် အဲဒီမှာ ကျွန်တော် ကိုငှက်ကို စိတ်ထဲ ချဉ်သွားတဲ့ ကိစ္စ တစ်ခု တွေ့လိုက်တယ်။ ကိုငှက် အဲဒီနေ့က ကုတ်အကျီင်္ ဝတ်လာခဲ့တယ်။ ဂျင်းပဲန်နဲ့ပေါ့။ သီချင်းဆိုရင်း တစ်ဝက်လောက်မှာ ကုတ်အကျီထဲက ပုလင်းထုတ်လိုက်ပြီး အထဲက တစ်ခုခုကို မော့သောက်တာ လူတိုင်း မြင်နေရတယ်။ ရေမဟုတ်တာတော့ သေချာတယ်။ ပုလင်းက ဂျက်ဒန်နီရယ်လိုလိုပဲ အဝေးက ဆိုတော့ သေချာ မမြင်ရဘူး။ ဒါပေမဲ့ အဲဒီညမှာ ကိုငှက် နည်းနည်း ယိုင်နေတယ်။ မဆိုနိုင်ဘူး ထင်နေတာ။ သီချင်းဆိုတော့ အကောင်းပဲ။ အိတ်ထောင်ထဲက ဘာဂျာတောင် ထုတ်ပြီး မှုတ်ပြလိုက်သေးတယ်။
(ကိုယ်ချစ်တဲ့ အနုပညာရှင်ကို ခြောက်ပစ်ကင်း သဲလဲစင်စေချင်တဲ့ စေတနာလားတော့ မသိဘူးဗျာ...။)

ကိုငှက်နဲ့ ပါတ်သက်ပြီး ပြောရရင် အများကြီးပါ။ ကျွန်တော် သီချင်းတွေ ဘာတွေ စိတ်ဝင်စားတာ ဘာညာကလဲ ကိုငှက် လွမ်းမိုးမှုတွေ အများကြီးပါတယ်။ သိပ်တော့ မရေးတတ်ဘူးဗျာ။ ခုထိ ကိုငှက်သီချင်းတွေဆီက ပညာတွေ ရနေတုန်းပဲ။

လှပတဲ့ သီချင်းများနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုငှက်။

Sunday, May 10, 2009

မေမေ

မာတာပိတု ဂုဏော အနန္တော...။
မိခင် ဖခင်တို့၏ ဂုဏ်ကျေးဇူးသည် အတိုင်းအဆ မရှိ ကြီးမြတ်ကုန်၏။

ကမ္ဘာပေါ်ရှိ အမေအားလုံးသို့ ရည်ရွယ်လို့ နွေးထွေးလှတဲ့ အမေ့ရဲ့ တုနှိုင်းမရတဲ့ အတိုင်းအဆမရှိ မေတ္တာတရားကို အောက်က သီချင်းနဲ့ ဂုဏ်ပြု လိုက်ပါတယ်။


မေမေ နေကောင်းလား။
မေမေ နေကောင်းလား။


အမေ့အိမ်
အမေ့အိမ်


ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ။
ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ။


မေမေချစ်တဲ့ သားကြီး။
မေမေချစ်တဲ့ သားကြီး။


အရိပ်စစ်
အရိပ်စစ်


အမေ့အေးရိပ်
အမေ့အေးရိပ်


ကျေးဇူးပါမေမေ
ကျေးဇူးပါမေမေ


All Youtube Video Clip Credit to : Ainmat

Friday, December 26, 2008

ချစ်သူ့ လက်ဆောင်

ငယ်ငယ်တုန်းက ကြားဖူးခဲ့ပြီး ခုထက်တိုင် ကြိုက်နေတဲ့ ၊ ကြိုက်နေဆဲ ဖြစ်တဲ့ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်ပါ...။
မှတ်မှတ်ရရ ဒီသီချင်းကို ရှစ်တန်း အစိုးရစစ် တုန်းက သူငယ်ချင်းတွေ စာစုကျက်တော့ ကြားမိတဲ့ သီချင်း ထင်တာပဲ။ ဆောင်းနှင်းဖုန်ဖုန် ကျတဲ့ နတ်တော်၊ ပြာသိုညချမ်းတွေမှာ ဒီသီချင်းကို စာစုကျက်တဲ့ နေရာကို မသွားခင် ခဏတစ်ဖြုတ် လက်ဖက်ရည်ဆိုင် ထိုင်ရာကနေ ကြားမိပြီး ကြိုက်သွားတာ...။

ထူးအိမ်သင် သီချင်းတွေကတော့ အကုန်ကြိုက်တယ်...။ အနှစ်တွေချည်းပဲ...။ အခု သီချင်းလေးကတော့ “အတ္တပုံဆောင်ခဲများ” အခွေထဲက ဖြစ်ပါတယ်။ “ချစ်သူ့လက်ဆောင်” လို့ အမည်ရပါတယ်။



Credit to : အိပ်မက် Youtube

ဒီသီချင်းရဲ့ အမ်ပီသရီး ဗားရှင်းကိုတော့ မြန်မာ အမ်ပီသရီးဒေါ့နက် မှာ သွားရောက် နားဆင်နိုင်ပါတယ်။

(သီချင်းအကြောင်း ရေးရင်းနဲ့ ကိုယ်နဲ့ သီချင်းတွေ အကြိုက်တူတဲ့ မမေကို သတိတောင် ရနေပါသေးတယ်။ မတွေ့တာ ကြာလို့ နေကောင်းလား၊ အဆင်ပြေလားလို့ တွေးနေမိတယ်။ သီချင်းချိုချိုအေးအေး လေးတွေကို ရှာလာတတ်ပြီး မျှဝေတတ်တဲ့ မမေကို လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းကြားတိုင်း သတိရနေတယ်...။)