Showing posts with label local food. Show all posts
Showing posts with label local food. Show all posts

Monday, June 6, 2011

ငါးပိရည်ကျို လုပ်စားဖြစ်တယ်။

ကိုယ်မနေ့က ငပိရည်ကျို လုပ်စားဖြစ်တယ်။
ရှိသမျှ တံခါးတွေ ဖွင့်..
ပန်ကာ အကုန်ဖွင့်ပြီး လုပ်တာ.....
မျှင်စိမ်းစားငပိကို သေချာမီးဖုတ်...
နောက် ပွက်ပွက်ဆူအောင် ပြုတ်
ငရုတ်သီးခြောက်ကို မီးဖုတ် ထောင်း..
ကြက်သွန်ဖြူကိုလဲ မွေးသွားအောင် မီးဖုတ်ထောင်း..
ပုဇွန်ခြောက်ကို ဘလဲန်ဒါထဲ ထည့်..
အမှုန့်မဖြစ်တစ်ဖြစ်လောက်အောင် ခြေ..
နောက် ပွက်နေတဲ့ ငပိရည်ကျို အိုးထဲ ထည့်မွေ..
နာရီဝက်လောက် လုပ်လိုက်တာ...
အပေါ်ထပ်က ပွစိပါစိ အော်သံကြားလောက်တော့မှ ဂက်စ်ပိတ် မီးဖိုပေါ်ချ...
ဂေါ်ဖီထုပ်ပြုတ်၊ ပဲသီးတောင့်ရှည်နဲ့ တို့စားလိုက်တာ...
ဆွေမျိုးတောင် မေ့တယ်။
ပုံမတင်တော့ပါဘူး။ 

ဟင်.. ဒါလဲ ပို့စ်တင်တာပဲလားဆိုတော့ တင်လိုက်ချင်လို့ပါ။ 
ငါးပိက ဒီအတိုင်းဆို ငန်နေလို့ ပုဇွန်ခြောက်လေးထည့်လိုက်မှ အငန်သက်သာသွားတယ်။

Friday, February 6, 2009

EZ Link ကဒ် နောက်ဆက်တွဲ။

ဒီမှာ အရင်က နည်းနည်း ရေးဖူးထားတာ ရှိပါတယ်။ အခု အဲဒီကဒ်နဲ့ ပါတ်သက်ပြီး နည်းနည်းပါးပါး အသုံးဝင်လာတာလေး တွေ့ရလို့ ပြန်လည် တင်ပြခြင်းပါ။

မှတ်မှတ်ရရ ဇန်န၀ါရီ ၂၂ ရက်နေ့ပါ။ လေဆိပ်က အပြန်မှာ SMRT တက်စီ စီးမိပါတယ်။ ယာဉ်မောင်းသူနဲ့ စကားစမြည်ပြောပြီးတော့ ဟိုဟိုဒီဒီ ကြည့်မိတာ အောက်က ပုံလေး တွေ့တယ်ခင်ဗျ။

သူ့ကို မေးကြည့်တော့ အဲဒါ အီးဇီးလင့်ခ်ကဒ်နဲ့ တက်စီဖိုး ချေလို့ရတယ်တဲ့..။ ကဒ်ကို ဒီအတိုင်း တင်လိုက်ရုံနဲ့ ငွေချေပြီးသားတဲ့။ အဆင်ပြေတာနဲ့ အဲဒီနေ့က တက်စီဖိုးကို အသင့်ပါလာတဲ့ အီးဇီးလင့်ခ်ကဒ်နဲ့ ချေလိုက်တယ်။ တစ်ခါကလည်း ဆဲဗင်းအီလဲဗင်းမှာ ပိုက်ဆံ မလောက်တာနဲ့ ချေဖူးတယ်။ နောက်ဆို ဘယ်နေရာတွေမှာ အီးဇီးလင့်ခ်ကဒ်နဲ့ ချေနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ကြပါစို့။


ဘောနပ်စ်
ဘောနပ်စ်အနေနဲ့ကတော့ ဟိုတစ်လောက အင်းလေးမှာ သွားစားလာဖြစ်တဲ့ စားသောက်စရာ ပုံတွေကို တင်ပေးလိုက်ပါတယ်။



ဝက်သားနီချက်ပါ။ အဲဒီနေ့က မနူးလို့လား မသိဘူး နည်းနည်းမာတယ်။


တောင်ကြီး တိုဟူးနွေးနဲ့ ဆင်တယ်။ နည်းနည်းကျဲတယ်။ ကျိုင်းတုံ တိုဟူးနွေးကတော့ ပိုပျစ်တယ်။



တိုဟူးနွေးနဲ့ တွဲစားဖို့ မုန်ညင်းချဉ်။


တိုဟူးနွေးနဲ့ တွဲစားဖို့ တိုဟူးခြောက်ကြော်။

စားပြီးသောက်ပြီး အအီပြေ သောက်ဖို့ မန်ကျည်းဖျော်ရည်။

(Bonus က မူရင်းပို့စ်ထက်တောင် ပိုများသွားတယ်။)

Tuesday, January 27, 2009

တရုတ်နှစ်ကူးအတွင်း စားမိသော...

ဒီတရုတ်နှစ်သစ်ကူးမှာ ဘယ်မှ အပြင်ကို သိပ်မထွက်ဖြစ်တာနဲ့ အိမ်ထဲမှာ ရှိတာလေးနဲ့ စားလိုက်ရပါတယ်။
ဘလော့ဂ်ကြွလာ မိတ်သဟာများ လာရောက်စားသောက်လှည့်ပါ။ (မုဒိသာ မပွားနိုင်တဲ့ ချို့ချို့တွေအတွက် သွားရည်ယိုကုန်သော်ဝ်...။ )


၁။ မာလာဟင်း
(အစ်ကိုတော်က လုပ်ကျွေးတာ နှစ်ရက်ဆက်တိုက်။) စားချင်စိတ် များသွားတာနဲ့ ပုံမရိုက်လိုက်ရပါ။

၂။ ငါးခြောက်ဆီဆမ်း (မြန်မာပြည်က ပို့လာတာ)

မီးထိုးတာ များသွားလို့ တစ်အား လင်းနေတယ်။ ဒါပေမဲ့ ငါးခြောက်က ငါးခြောက်ပါလေ...။ ဟဲဟဲ။
မီးမထိုးပဲ ရိုက်တာ ... မှောင်နေတယ်ကွယ်။

၃။ ကော်ပြန့်ကြော်။
ကော်ပြန့်ကြော်။ ပြောင်းဖူးစေ့လေးပါ ပါတယ်တဲ့ကွယ်...။

၎။ ငါးခူမန်ကျည်းချက်။

ချဉ်စပ်စပ်နဲ့ဗျား...။

၅။ မန်းလေး ထိုးမုန့်။

အချိုတည်းစရာလေးတွေပေါ့။ အခါးရည်တစ်ကျိုက် ထိုးမုန့်တစ်ကိုက်။ ကိုရီးယားကားလေး ကြည့်လိုက်နဲ့။ မိုက်နေတာ... မိုက်နေတာ။

၆။ ငါးခူကြော်

ငါးခူကြော်က သုံးကောင်မရှိတစ်ရှိပဲ ကျန်တော့တယ်။ ၁၀ ကောင်လောက် ရှိတယ် ထင်တယ်။ ကြွပ်ကြွပ်လေးတွေ။ အနေအထိုင်ကို မတတ်ဘူး ရွနေတာပဲ။ ဟိ။

ရ။ ၀က်သားတုတ်ထိုး။
သူ့ကို နှစ်ရက်ဆက်တိုက် နှစ်ကြိမ်စလုံး လုပ်တာမှာ စားချင်စိတ်က ကြီးစိုးသွားလို့ ဓါတ်ပုံရိုက်ဖို့ မေ့သွားတယ်ကွယ်...။ ကြာဇံကြော်လေးနဲ့။

တော်သေဘီ။
ဟိ

Saturday, May 24, 2008

ပြန်ရဦးမလား...။

တစ်ခါက ဒါတွေ ရှိခဲ့တာပေါ့လို့ ပြောစမှတ် ပြုရတော့မှာလား...။

၁။ ပုသိမ် ထီး၊ ဟာလ၀ါ။
၂။ ဖျာပုံ ပေါ်ဆန်းမွှေး။
၃။ ဘိုကလေး မီးသွေး၊ ပုဇွန်ခြောက်။
၎။ လပွတ္တာဆား။

ဘယ်တော့များမှ ပုံမှန် အခြေအနေကို ပြန်ရောက်မှာပါလိမ့်...။
ဖန်တီးရှင်များ ဘ၀ကို စာနာမိတယ်...။ သူတို့တစ်တွေ အခြေအနေ ဘယ်လိုရှိနေကြပါလိမ့်...။

Tuesday, April 15, 2008

ကျိုင်းတုံဒေသထွက် အစားအစာများ 3 : နမ်းဖစ်ခို (ခမေ့်ဖိတ့်ခူဝ်;)


ဒီတစ်ခေါက်တော့ အိမ်လွမ်းသူများ အထူးသဖြင့် ရှမ်းပြည်က သယ်ရင်းများကို နှိပ်စက်ဖို့ အလှည့်ကျတဲ့ ကျိုင်းတုံဒေသထွက် အစားအသောက်ကတော့ “နမ့်ဖစ်ခို” ရှမ်းလိုဆို “ခမေ့်ဖိတ့်ခူဝ်;”လို့ အမည်ရတဲ့ ရှမ်းရိုးရာ အစားအစာ တစ်မျိုး ဖြစ်ပါတယ်...။

ဝက်ခေါက်အထွက်များ၊ အစားများတဲ့ ဒေသဖြစ်လို့ ၀က်ခေါက်နဲ့ ပါတ်သက်တဲ့ စားသောက်ဖွယ်ရာများ ပေါများနေတာ အဆန်း မဟုတ်ပါဘူး...။ ၀က်ခေါက်နဲ့ ပါတ်သက်လို့ အရင်ပို့စ်တွေမှာ ၀က်ခေါက် ဘယ်နှစ်မျိုး ရှိတယ်ဆိုတာကို ဒီမှာ နဲ့ ဒီမှာ တွေမှာ ရှင်းပြဖူးပါပြီ...။ အခု ဒီနမ့်ဖစ်ခိုမှာ ပါတဲ့ ၀က်ခေါက်အမျိုးအစားကတော့ သုံးထပ်သား (သစ်သား သုံးထပ်သားကို ပြောတာ မဟုတ်ကြောင်း သတိချပ်ပါလေ...။) ကို ကြော်ထားတဲ့ “င်္ခပ်;မူင်္ဂမ်း” အမျိုးအစား ဖြစ်ပါတယ်...။

အမေလုပ်တာ လွယ်လွယ်လေးရယ်...။ ပထမ ကြက်သွန်ဖြူကို အခွံပါရုံလေး သင်ပြီး မညက်တစ်ညက် ထောင်းရတယ်...။ နောက် ၀က်ခေါက်ကို အနေတော် အရွယ်လေးရအောင် ကပ်ကြေးနဲ့ ညှပ်ထားလိုက်...။ လက်တစ်ဆစ်လောက် အရွယ်ဆို ရပါပြီ...။ သင်ထားတဲ့ ကြက်သွန်ပြူတွေကို မတူးအောင် ကြော်ပါ...။ ငြုပ်သီးမှုန့်၊ ဆား၊ အချိုမှုန့် တို့ကို အနေတော် ထည့်ပါ...။ ပြီးရင်တော့ မီးဖိုပေါ်က ဒယ်အိုးကိုချ (ဂက်စ်မီးနဲ့ ချက်ရင်တော့ ဂက်စ်မီးကို ငြိမ်းလိုက်ပေါ့...။ ) ညှပ်ထားတဲ့ ၀က်ခေါက်ကို ဒယ်ထဲ ထည့်ပြီး ခုနင်က ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်တွေနဲ့ ရောပြီး ဂလောက်ဂလောက်နဲ့ မွေလိုက်ပေါ့...။

ရပါပြီဗျား ... ရိုးရာ ဟင်းလေးတစ်ခွက်...။

အဲဒီဟင်းနဲ့ တွဲဖက်စားဖို့ အရည်သောက်လေး တစ်ပွဲက ပါတတ်ပါတယ်...။ အဲဒီ အရည်သောက်ဟင်းလေးကိုတော့ နောက်မှပဲ တင်တော့မယ်...။ ဒီနေ့ နည်းနည်း ပင်ပန်းလို့ ဒီလောက်နဲ့ပဲ တော်ပါရစေ...။

အိမ်လွမ်းသူများ နမ့်ဖစ်ခို ၀က်ခေါက်ဟင်းကို ကြိုက်သလောက် အိမ်သယ်သွားနိုင်ပါကြောင်း စေတနာ ဗလပွနဲ့ အလှူကြီး လုပ်လိုက်ပါတယ်...။