Monday, June 23, 2008

iPhone Killers !!!!

ခုတစ်လော Blogging ဘက်ကို အချိန်မပေးနိုင်တာ ကြာသွားတယ်...။ ရေးမယ်လို့ ကြံတဲ့ အကြောင်းအရာ တွေကလဲ ခေါင်းထဲမှာ တစ်ပုံတစ်ပင်ကြီး...။ ဘယ်ကစပြီး ရေးရမယ်မှန်း မသိလို့...။ ရေးဖို့ကလဲ လက်က မတက်ချင်တော့ စိတ်လျှော့နေရတယ်...။ ဒါပေမဲ့ အလည်လာခဲ့သော မိတ်ဆွေများကို အားနာမိတဲ့ အတွက် မရေးမဖြစ် တစ်ပုဒ်တော့ အားတင်းပြီး ရေးလိုက်ရပါကြောင်း...။ ဆားလဲ မချက်တတ်/ မချက်ချင်ဆိုတော့ :D ...။


အခု တင်ပြမယ့် အကြောင်းအရာကတော့ အိုင်တီသတင်းများကို စဉ်ဆက်မပြတ် နားစွင့်သူများအတွက် ကြားဖူး၊ သိဖူးပြီးသား အကြောင်းအရာ ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်...။ ဒါ့ကြောင့် သိပြီးသူများအတွက် အသစ်အဆန်း မဟုတ်တော့ပေမယ့် မသိသေးသူများအတွက် သိသွားအောင် ဝေမျှပေးလိုက်ရပါတယ်...။

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့တုန်းက Apple ကနေ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ လူကြိုက်များတဲ့ iPhone ကို 3G Version အဖြစ် အဆင့်မြှင့် ထုတ်လုပ်လိုက်ပါတယ်...။


3G iPhone

ဖြန့်ချိမယ့်ရက်ကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့ အစောဆုံးထားပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်...။
ပထမဆုံး ဖြန့်ချိတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ စင်ကာပူနိုင်ငံတော့ မပါရှိခဲ့ပါဘူး...။ (အရာရာတိုင်းမှာ ထိပ်ဆုံး၊ ပထမဆုံး ဖြစ်ချင်တဲ့ ကိုကို စင်ကာပူ၊ မမ စင်ကာပူတို့ မခံချိမခံသာ ဖြစ်သွားတာပေါ့...။) ဒါတောင် ပြောလိုက်သေးတယ်...။ ပထမအသုတ်မှာ မပါပေမဲ့ သူတို့ဟာ အာရှ၊ပစိဖိတ်တစ်လွှားမှာတော့ iPhone သုံးစွဲသူ အများဆုံး ဖြစ်မှာပါတဲ့...။

ထားလိုက်ပါ...။ လိုရင်းကို မရောက်နိုင်ဘူး ဖြစ်နေတယ်...။ ခုတစ်လော ဒီလို ဖြစ်နေတယ်...။ အကြောင်းအရာ တစ်ခုကို စလိုက်ရင် ဘယ်တော့မှ တန်းမရောက်ဘူး...။ ဟိုကွေ့ဒီဝိုက်နဲ့...။ အကျင့်ဖြစ်နေတာ...။ ကဲ..ကဲ ပြန်တည့်လိုက်ရအောင်...။

အခုလို ခေတ်စားနေတဲ့ အိုင်ဖုန်းကို အရူးအမူး စွဲလမ်းတဲ့ သူများ ရှိနေသလို တစ်ဖက်ကလည်း အိုင်ဖုန်းကို မနှစ်မြို့သူများလဲ ရှိပါတယ်...။ ဥပမာပြရရင် ကျွန်တော်ပေါ့...။ ကျွန်တော်လဲ အိုင်ဖုန်းကို မကြိုက်ပါဘူး...။ Apple က ကိုယ်ကျွမ်းကျင်တဲ့ ခွင်ကို အပိုင်ကိုင်နေရုံးနဲ့ မကျေနပ်သေးပဲ သူံခွင်မဟုတ်တဲ့ ဆက်သွယ်ရေးကဏ္ဍကို လာရှုပ်ပါတယ်...။ Apple ဆိုတဲ့ တံဆိပ်ကြောင့်သာ လူတွေက ကောင်းတယ် ထင်နေတာပါ...။ တစ်ကယ့်တစ်ကယ်တော့ စထုတ်ကတည်းက အိုင်ဖုန်းမှာ ပြစ်ချက်တွေ ပါလာပြီးသားပါ...။ အမြင်သာဆုံး ဥပမာ ပြရရင်တော့ ၀င်လာတဲ့ မက်ဆေ့ခ်ျ SMS တစ်ခုကို နောက်တစ်ယောက်ဆီ forward လုပ်ပြီး မပို့နိုင်တာပါပဲ...။ ပထမဆုံးထုတ်လိုက်တဲ့ အိုင်ဖုန်းမှာ ဒီပြစ်ချက်ပါလာတာ ထားပါတော့...။ အခု နောက်ထပ် အဆင့်မြှင့် ထုတ်လိုက်တဲ့ 3G iPhone မှာလဲ ဒီပြစ်ချက်ကို ဖြေရှင်း မပေးသေးတာ တွေ့ရပါတယ်...။ အဆိုပါ ပြစ်ချက်ကို ဖုန်းကွယ်နိုင်ဖို့ အတွက် ဖြန့်ချိဈေးနှုံးကို လျှော့ပေးထားပါတယ်...။ နှစ်နှစ်ကန်ထရိုက်နဲ့ ၀ယ်ရင် ယူအက်စ် ၁၉၉ ဒေါ်လာနဲ့ 8GB 3GiPhone ကို ပိုင်ဆိုင်နိုင်ပါတယ်တဲ့...။ (ကောင်မလေး နှုတ်ခမ်းပဲ့နေတယ်လို့ ပြောတော့ ကိစ္စမရှိဘူး သူကြီးသမီးမို့လို့ ယူတာလို့ ဆိုတဲ့ ရွာကသာအေးနဲ့တူပါ့...။)

Apple က ကနဦးမှာ 2G အမျိုးအစား iPone ဆိုပြီး ထုတ်လိုက်တော့ လူတွေက အရူးအမူး ဖြစ်ကုန်ရော...။ ဒီမှာတင် သမားရိုးကျ ဖုန်းထုတ်စားလာခဲ့တဲ့ ဖုန်းထုတ်လုပ်ရေး ကုမဏီများ မျက်ကလဲဆန်ပြာ ဖြစ်ပြီး ကမူရှုးထိုးနဲ့ ဖုန်းတိုက်ပွဲထဲကို Smart Phone များ အပြိုင်အဆိုင် ထုတ်လုပ်ပြီး ၀င်ရောက်လာကြတယ်...။
Nokia N95 8GB Phone

ဖုန်းဘိုးအေနိုကီယာတောင် မနေနိုင်တော့ပဲ N95 Series ဖုန်းနဲ့ အသဲအသန် လိုက်ဖိုက်လိုက်ရတယ်...။ ဒါပေမဲ့ ဖုန်းဘိုးအေလဲ နောက်ကောက်ကျသွားပါပြီ...။ N95 က Touch Screen မဟုတ်ပါဘူး...။ iPhone က Touch Screen ပါ...။ Screen က 3.5" ပါ...။ N95 က iPhone Killer မဟုတ်ခဲ့ပါဘူး...။

LG Viewty

LG က LGViewty ဆိုပြီး Touch Screen အကြီးကြီးနဲ့ လိုက်ယှဉ်ဖို့ ကြိုးစားပါတယ်...။ မတိုးပါဘူး...။ ဆမ်ဆောင်းကလဲ ထပ်ထုတ်ပါသေးတယ်...။ သူ့ကျတော့ ထုတ်လိုက်တဲ့ touch screen ဖုန်းများက အမျိုးအစား များလွန်းတော့ ဘာထုတ်လို့ ထုတ်မှန်းတောင် မသိလိုက်တော့ပါဘူး...။ iPhone ကို မှီဖို့ နေနေသာသာ ယှဉ်တောင် မယှဉ်နိုင်ပဲ ဈေးကွက်ထဲက ငုတ်လျိုးသွားပါတယ်...။

Sony Ericsson W960i

အိုင်ဖုန်းထွက်ပြီး တစ်နှစ်လောက်နေတော့ Sony Ericsson ကနေ Wi-Fi Functin ပါတဲ့ Touch Screen Smart Phone တစ်မျိုးကို ထုတ်လိုက်ပါတယ်...။ W960i Walkman Smart Phone အမျိုးအစားပါ...။ သူကတော့ လက်ရှိဈေးကွက်ထဲ ရောက်ရှိပြီး၊ လူကြိုက်များနေတဲ့ ထွက်ရှိခဲ့သမျှ ဖုန်းတွေထဲမှာ iPhone ကို လက်ရည်တူ ပြိုင်နိုင်တဲ့ ဖုန်းပေါ့...။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ ထွက်ရှိသမျှ ဆိုနီဖုန်းတွေထဲမှာ Wi-Fi သုံးထားတဲ့ ဖုန်း၊ Built in Memory 8GB ရှိတဲ့ ဖုန်း၊ Touch Screen ပါတဲ့ဖုန်း စတဲ့ ထူးခြားချက်တွေပါ...။ ဖုန်းရဲ့ Operation System ကိုတော့ Symbiam စံနစ်ကို သုံးထားပြီး UIQ နည်းပညာနဲ့ အလှအပရေးရာ Graphic အပိုင်းကို တာဝန်ယူထားပါတယ်...။ ပရိုဆက်ဆာကိုလဲ ၁၂၈ MB အထိ သုံးပေးထားလို့ iPhone နည်းတူ ပေါ့ပါးတဲ့ လုပ်ဆောင်ချက်ကို ပေးနိုင်ပါတယ်...။ အရွယ်အစားကတော့ အိုင်ဖုန်းလောက် မကြီးပါဘူး...။ စကရင်ကလဲ ၂.၆ လက်မသာ ရှိလို့ သေးတယ်လို့ ပြောနိုင်ပါတယ်...။ သို့သော်ငြားလဲ ဆိုနီအဲရစ်ဆန်ရဲ့ သူများနဲ့ မတူတဲ့ Walkman ဆိုတဲ့ လုပ်ဆောင်ချက်ကြောင့် အိုင်ဖုန်းနဲ့ ယှဉ်ပြီး ဖုန်းဈေးကွက်မှာ နေရာယူလာပါတယ်...။ Internal Built in memory ကလဲ သီချင်းအပုဒ်ပေါင်း ၈၀၀၀၀ ကျော်မက သိုမှီးနိုင်သလို ဗွီဒီယို ရုပ်ရှင်ကားများလဲ ဆန့်သလောက် သိမ်းထားနိုင်တဲ့ အတွက် အိုင်ဖုန်းကို မနှစ်သက်သူများအတွက် ရွေးစရာ ဖုန်းတစ်ခု ဖြစ်ခဲ့ပါတယ်...။ (စကားမစပ် ကျွန်တော်အခု လတ်တလော သုံးနေတာ ဒီဖုန်းပေါ့...။ ဟဲ...။ အဲဒါကြောင့် သူ့ကောင်းကြောင်းတွေပဲ ရွေးညွှန်းနေတာ...။ )

Apple ကတော့ အစက သူ့ဖုန်းကို ယှဉ်နိုင်မဲ့ ဖုန်း မရှိဘူးဆိုပြီး ငြိမ်ရာကနေ အခုတော့ ဆိုနီရဲ့ W960i Feature တွေ မြင်ရရော... မျောက်မီးခဲ ကိုင်မိသလို ဖြစ်ပြီး 2G ဖုန်းအဖြစ်ပဲ ထုတ်လုပ်ရာကနေ 3Gဖုန်းအဖြစ်ကို အဆင့်မြှင့်ဖို့ လိုအပ်တဲ့ သုတေသနများ အပူတပြင်း ရှာဖွေခဲ့ရာမှာ ပထမမျိုးဆက် 2G iPhone ကို ထုတ်လုပ်ပြီး တစ်နှစ်ကျော်အကြာမှာပဲ 3G iPhone ကို ထုတ်လုပ်နိုင်ပါတော့တယ်...။ အမြန်နှုန်းအနေနဲ့ အရင်မျိုးဆက် iPhone ထက် ၂ ဆ ပိုမြန်ပြီး ဈေးနှုန်းကတော့ တစ်ဝက်တောင် ပိုသက်သာလာတယ်လို့ ကြော်ငြာထားပါတယ်..။ (အရင်ဖုန်း ၀ယ်သုံးမိတဲ့သူတွေကတော့ စတိဗ်ကို သတ်ချင်မှာပဲ...။ ဈေးကြီးပေးဝယ်ထားရပြီး နောက်ပေါ်တဲ့ ဈေးချိုတဲ့ 3G ဖုန်းက ပိုကောင်းနေတယ်...။) ဒီနောက်ဆုံးပေါ် 3G iPhone ရဲ့ ထူးခြားချက် ဒါမှမဟုတ် နောက်တိုးလာတဲ့ လုပ်ဆောင်ချက်ကတော့ GPS စံနစ်ပါလာတာပါပဲ...။ အခု နောက်ပိုင်း (၂၀၀၇ ခုနှစ် ဇွန်လ နောက်ပိုင်း) ထုတ်လာတဲ့ စမတ်ဖုန်း အများစုဟာ အဲဒီ GPS စံနစ် ပါလာတာ များပါတယ်...။ GPS စနစ်ဆိုတာကတော့ ကိုယ်လက်ရှိရောက်ရှိနေတဲ့ နေရာကို ဂြိုဟ်တု အကူအညီနဲ့ တွက်ချက်ပေးပြီး မြေပုံပေါ်မှာ ပြပေးတဲ့ စနစ်လေးပါ...။ ဒီစနစ်ကို အမေရိကန် စစ်ဘက်ရေးရာက ထိပ်တန်းစစ်ဘက်ဆိုင်ရာ အဖြစ်သာ အသုံးပြုခဲ့ရာမှ အရပ်သုံးအဖြစ် ခွင့်ပြုခဲ့တာ မကြာသေးပါဘူး...။ ဒီစနစ်ရဲ့ အားသာချက်ကတော့ အခမဲ့ သုံးလို့ရခြင်းပဲ ဖြစ်ပါတယ်...။ GPS အကြောင်းကို နောက်မှ ထပ်ရှင်းပြပါမယ်...။ အကျယ် သိချင်သူများ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်...။

GPS စနစ်ရဲ့ ထူးခြားချက်၊ အခမဲ့ သုံးခွင့်ရတဲ့ အချက်၊ နိုကီယာရဲ့ N Serirs ဖုန်းတိုင်းမှာ GPS စနစ်ကို အားလုံးနီးပါး ထည့်သွင်းလာတဲ့ အချက်ကြောင့် အခုနောက်ပိုင်းဖုန်းတွေမှာ အဲဒီ GPS စနစ် မပါရင်ကို Smart Phone မဟုတ်တော့သလို အထင်ရောက်တဲ့အထိ ဖြစ်သွားပါတယ်...။ ဒါပေမဲ့ Apple က ထပ်ကွန့်လိုက်တာကတော့ သူ့ရဲ့ GPS စနစ်ဟာ အများစုသော Smart Phone ထဲမှာ ပါသလို သမားရိုးကျ GPS စနစ် မဟုတ်ပါဘူးတဲ့...။ AGPS လို့ခေါ်တဲ့ Assit GPS စံနစ်ပါတဲ့...။ သမားရိုးကျ GPS များက မိမိရောက်ရှိရာ နေရာရဲ့ ထက်ကောင်းကင်ယံက ၆၀ ဒီဂရီ ခြားပြီး ရှိနေတဲ့ GPS Sattelite ၃လုံးကနေ အချက်အလက်ကို ရယူပြီး မိမိရဲ့ တည်နေရာကို လတ္တီကျူ့၊လောင်ဂျီကျူ့နဲ့ တွက်ချက် ဖေါ်ပြပေးပါတယ်...။ AGPS ကတော့ အဆိုပါ ဂြိုဟ်တုများရဲ့ အကူအညီအပြင် မိမိရောက်ရှိတဲ့ နေရာနဲ့ အနီးဆုံးက Cell Tower တိုင်များရဲ့ Signal ကိုပါ တွက်ချက်ပြီး ပိုပြီး တိကျတဲ့ နေရာကို ဖေါ်ပြပေးနိုင်ပါတယ်တဲ့...။

ဆိုတော့ Apple က ဒီတစ်ခေါက် ထိုးနှက်လိုက်တဲ့ လက်သီးချက်ကတော့ ပြင်းလွန်းပါတယ်...။ ဆိုနီ w960i တောင် မလှန်နိုင်တော့ပါဘူး...။ ဆိုနီက ထပ်ထုတ်လိုက်တဲ့ ဖုန်းတွေကလဲ w960i လို လုပ်ဆောင်ချက် စုံလင်တဲ့ ဖုန်းတွေ မဟုတ်တော့ပဲ တစ်ခုကောင်းဖုန်းများ ဥပမာ- Walkman Phone, CyberShot Phone စသည်ဖြင့်သာ ထွက်ရှိလာတာ တွေ့ရပါတယ်...။

ခုနောက်ဆုံး ကြားသိရတဲ့ သတင်းတွေအရ iPhone ကို အပြတ်အသတ် ယှဉ်မယ်ဆိုပြီး ထုတ်လာတဲ့ ဖုန်းတွေကတော့ Samsung Omania Instinct ဖုန်းတွေ ဖြစ်ကြောင်း သိရပါတယ်...။



Instinct

Instinct ကတော့ iPhone ထက် စောစီးစွာပဲ အမေရိကားမှာ လက်ဦးမှုရယူပြီး ဖြန့်ချိလိုက်ပါတယ်...။ Nextel နဲ့ ချိတ်ပြီး အမေရိကန်ဒေါ်လာ ၁၃၀ နဲ့ နှစ်နှစ် ကန်ထရိုက်နဲ့ ထုတ်လိုက်တာပါ...။ သို့သော်လဲ ကြားသိရ၊ မြင်တွေ့ရသလောက်တော့ iPhone Killer ဆိုပေမဲ့ အိုင်ဖုန်းလောင်းရိပ်အောက် မလွတ်နိုင်ရှာပဲ အိုင်ဖုန်း အသွင်အပြင်၊ အိုင်ဖုန်း လုပ်ဆောင်ချက်များကို တုပကော်ပီလုပ်ထားတာလို့ ထင်ရပါတယ်...။ လောလောဆယ်တော့ ဒီဖုန်းကို အမေရိကားမှာ ဖြန့်ချိနေပါတယ်...။



Omnia

နောက်တစ်မျိုး ဖြစ်တဲ့ Omnia ကတော့ စောင့်ကြည့်ရမှာပါ...။ ၃.၂ လက်မ စကရင်၊ 5 Mega Pixel Camera (iPhone က 2 mega pixel ပဲ ရှိပါတယ်...။) စတဲ့ အချက်တွေကြောင့် Real iPhone Killer များ ဖြစ်လာနိုင်မလားလို့ စောင့်ကြည့်နေပါတယ်...။ Omnia ဖုန်းကိုတော့ စင်ကာပူမှာ ပြီးခဲ့တဲ့ စနေနေ့ကပဲ အမှာစာနဲ့ မှာယူစာရင်းသွင်းနိုင်ကြောင်း အိုင်တီ သတင်း တစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်...။

ကဲ...။ အဆွေတော်များကရော ရွေးချယ်ခွင့်ပေးမယ်ဆိုရင် iPhone ကိုရွေးမလား...။ iPhone မဟုတ်တဲ့ တစ်ခြားဖုန်းများကို ရွေးမလားဗျာ...။ (လက်ညောင်းသွားပြီဗျာ...။ နားလိုက်ဦးမယ် ၃-၄ ရက်လောက်..။ :D )

7 comments:

  1. ဖုန်းထဲမှတော့ iPhone နဲ့ SE ဖုန်းတွေကို ကြိုက်တယ်ဗျာ အခြားဖုန်းတော့ သိပ်စွဲစွဲလန်းလန်းမဖြစ်မိဘူး။ တချို့မော်ဒယ်တွေတော့ ကြိုက်တာမျိုးလောက်ပဲရှိတယ်။ ကျေးဇူးပါပို့စ်အတွက်

    ReplyDelete
  2. ko boyz ၀ယ်ပေးမယ်ဆို iphone မှမဟုတ်ပါဘူး။ sony ဖြစ်ဖြစ် samsaung ဖြစ်ဖြစ် ရပါတယ်။ သမီးက ဂျီးမများတတ်ပါဘူး။ :D

    ReplyDelete
  3. အကြည်တော်ရေ......ဒေါ်လာ တသန်းတန် လက်ကိုင်ဖုန်းကလေးများ တွေ့ရင် လက်တို့လိုက်စမ်းပါကွယ်။ နှစ်ထောင်အောင် ဖုန်းတွေကိုင်ရတာ စိတ်ညစ်နေပြီ။ အခုတောင် မနေ့ကမှ အသစ်စက်စက် ၀ယ်လာတဲ့ ဂျက်ဂွါးကား။ မှန်ပေါ်မှာ ယင်ကောင်နားသွားလို့ အသစ်တစင်း ထပ်ဝယ်လိုက်ရတယ်။

    ReplyDelete
  4. ကိုတေဇာ - ကျွန်တော်လဲ ဆိုနီ အဲရစ်ဆန်နဲ့ အခုနောက်ဆုံးထွက်မဲ့ သရီးဂျီ အိုင်ဖုန်းကို သဘောကျတယ်...။ တစ်ခြားဖုန်းတွေဆိုရင် အခုထွက်မယ့် ဆမ်ဆောင်းရဲ့ အုံမနီးယားပဲ...။

    အန်တီမေ - သားထီပေါက်ရင် ၀ယ်ပေးမယ်နော့...။

    ကိုစိုးထက်ကြီး - ကော်မဲန့်မှာ လာပြုံးပြသွားတာ ဘာသဘောဒုန်း...။

    ကိုပေါ - အိမ်သာတက်ရင် စီးဖို့ ဖယ်ရာရီကို အမှိုက်ပုံမှာ ပစ်ထားတယ်...။ လာကောက်လှည့်ပါလား...။ အဟက်...။ ဒေါ်လာတစ်သန်းတန် ဖုန်းတော့ မတွေ့မိဘူး...။ စိန်နဲ့ လုပ်ထားတဲ့ Vertue ဖုန်းတော့ ဈေးကွက်ထဲ ရောက်နေတယ်...။ တစ်သောင်းလောက် ရှိမလားပဲရယ်...။

    ReplyDelete
  5. အမကတော့ ဖုန်းဆို စကားပြောလို့ရပြီးရော ..
    သူများပေးတာပဲ သုံးတယ် ဟိဟိ..
    တခါမှကို မ၀ယ်ဖူးဘူး.. ခုလဲ ဖတ်သာ ဖတ်တယ်။ သားရေတော့ကျသွားတယ် ၀ယ်ဖို့မစဉ်းစားမိသေးဘူး... နှမြောတယ် ...

    ReplyDelete
  6. ထင်သားပဲ
    Sony Ericsson ကို ဒီလောက်ညွှန်းနေကတည်းက ၀ယ်ထားလို့ ဖြစ်မယ်လို့ ...။ Sony Ericsson ကလှတယ်..။ iphone လည်း မိုက်တယ်...။ ဒါပေမယ့် လေးမတို့ကတော့ Nokia ပဲ ..။ :P

    ReplyDelete