Tuesday, September 30, 2008

တစ်နေ့တာ မလွဲများ။

မိုးသားများ မဲညှို့နေ၏။
ညှို့မှိုင်းနေသော စိတ်အစုံကို ဒရွတ်တိုက် ဆွဲနေဘိသကဲ့သို့...။
စားပွဲပေါ်တွင် တင်ထားသော နိုင်ငံခြားဖြစ် ပရုတ်ဆီကို ရည်ရွယ်ချက်မဲ့ ငေးနေမိ၏။
တစ်နေ့ညဆီက မြင်ကွင်းတစ်ခုကို သတိရမိ၏။
မိမိမတ်တပ်ရပ်နေသော အမြင့်ဆီသို့ တက်လှမ်းလိုသော အောက်အရပ်ဆီမှ လူတစ်ယောက်ကို အားစိုက် ဆွဲတင်မိသဖြင့် ပခုံးဆစ်ဆီမှ နာကျင်မှုဒဏ် ခံစားလိုက်ရ၏။ အဆိုပါ ဒဏ်ကို ပျောက်ကင်းစေရန် အလို့ငှာ အဆိုပါ ပရုတ်ဆီဗူးကို Medic ထံမှ ယူထားရင်း မလိမ်းဖြစ်သေးသည်ကို သတိရမိ၏။
အလို... လက်မောင်းရင်းမှ နာကျင်ရောင်ယမ်းမှုဒဏ်ကို ဆစ်ကနဲ ခံစားမိ၏။
ဆေးလိမ်းလိုက်ဦးမှပါလေ ဟု ကိုယ့်ကိုယ်ကို အသိပေးလိုက်သော်လည်း ပျင်းရိခြင်းဒဏ်၏ သားကောင် ဖြစ်နေသော လက်အစုံက ထိုဆေးဗူးကို လှမ်းယူရမည်ကို တွန့်ဆုတ်နေ၏။

ညဦးပိုင်းဆီက ကောင်းကောင်း အိပ်မပျော်ခဲ့သောကြောင့် မနက်လင်းအားကြီးချိန်တွင် အိပ်ပျော်သွားခဲ့သည်။
ထုံးစံအတိုင်း နိုးလာချိန်တွင် အရှေ့အဇဋာ ကောင်းကင်ဆီမှ ဘာဏုရာဇာနတ်မင်းကြီးသည် လောကကြီးတစ်ထောင်ကို မီးတစ်ထောင်အားဖြင့် ထိန်ထိန်ညီးအောင် ထွန်းလင်းနေချေပြီ...။

အိပ်စက်ရာ မွေ့ရာထက်ဆီမှ အိပ်စက်ခြင်း၏ အရသာကို ခံယူနေရင်းမှပင် မိမိ၏ အသွေးကို စုပ်ယူ ၀ါးမျို သုံးဆောင်နေသော အနန္တ သတ္တ၀ါငယ်လေးကို ကျောနောက်ဘက်နားဆီမှ ယုယုယယ ကိုင်တွယ်လိုက်ပြီး သနားသောအားဖြင့် လက်ညိုးနှင့် လက်မ နှစ်ခုကြား ခပ်ဖွဖွ ဖိပြီးသည့် နောက်ကွယ်တွင်ကား.... “ဖေါက်” ဟူသည့် ညင်သာလွန်းလှသည့် အသံကို ကြားလိုက်သည့် ခဏ၀ယ် လက်ညိုးထိပ်တွင် နီရဲသော အရောင်ကို ဆောင်သည့် အရည်တို့ စွန်းထင်းကုန်၏...။ ထိုမှ သင်းပျံ့သော အနံ့သည် နှာသီးဝရှိ ဂန္ဓအာရုံကို အနှောင့်အယှက် ပေးလေကုန်၏။

Ooopss I did it Again...
နားထဲတွင်ကား ဘရစ်တနီ စပီးယား၏ တေးသွားကို ကြားယောင်မိ၏။

၎င်းနောက် ကြာညိုနံ့ သင်းသယောင် ထင်ရသည့် အာခံတွင်းဆီမှ မွေးရနံ့များကို အခန်းတွင်းရှိ တ်စပတ်ကြာ စုထားသည့် မလျှော်ရသေးသော အ၀တ်များ၏ အနံ့များကို ဖုံးလွမ်းသွားအောင် မှုတ်ထုတ်ခြင်း အမှုကို ၅ မိနစ်ကြာမျှ လုပ်ဆောင်ချေ၏။

မြင်ခြင်းအမှုကို လုပ်ဆောင်ပေးသည့် စက္ခုနှစ်ကွင်း အလင်းဆောင်သော အကြည်ဓါတ်ရှိသည့် မျက်လုံးအိမ်ကို ဖုံးလွမ်းလျက်ရှိသည့် မလိုလားအပ်သော၊ ကိုယ်တွင်း အပူဓါတ်ကြောင့် အရည်ကြည်ဘ၀မှ ကြည်ပျစ်သည့် အဆင်းသို့ ပြောင်းလဲသွားသည့် မျက်ချေးအစုံကို လက်ညိုးကွေးနှင် ပွတ်သပ်ခြင်း အမှုကို ၁၀ မိနစ်ကြာမျှ လုပ်ဆောင်၏။

၎င်းနောက်တွင်ကား မွေ့ရာထက် ဇိမ်ခံခြင်းအမှုကို ရပ်တန့်စေမည့် နာရီလက်တံများကို ဖုန်းမျက်နှာပြင်ပေါ်တွင် ပီပီသသ ထင်ထင်ရှားရှား မြင်လိုက်သည့် နောက်ကွယ်တွင်ကား ...။
၁။ အိပ်ရာပေါ်မှ ခုန်ဆင်း
၂။ တန်းပေါ်တွင် ညက ဖြစ်ကတတ်ဆန်း လွှားထားသည့် မျက်နှာသုတ်ပုဝါ အောက်သိုးသိုးကို ယူ
၃။ ရေချိုးခန်းတွင်း အမြန်ဝင်
၎။ ရေပန်းကို ဂိတ်ဆုံးတင်ကာ ဖွင့်
၅။ ကေသာ သန့်ရှင်းခြင်းအမှုနှင့် ဒန္တ သန့်စင်ခြင်းအမှုကို တစ်ပြိုင်တည်း လုပ်
၆။ ရွှေပြွန်မှ ရေသွန်
၇။ လိုအပ်ပါက အခင်းကြီး ကို တစ်ပြိုင်တည်း လုပ်ဆောင်
၈။ မုခ ကို သန့်စင်ဆပ်ပြာနှင့် သေချာတိုက်

၁၀မိနစ်အတွင်း အထက်ပါ အမှုများကို လုပ်ဆောင်ပြီးသကာလ ခရီးဆောင် သေတ္တာပေါ်တွင် ပုံထားသော လျှော်ပြီးသား (ဟု ထင်ရ) အ၀တ်များထဲမှ အသန့်ပြန့်ဆုံး အ၀တ်အစားကို ရွေးချယ် ၀တ်ဆင်(အရင်တစ်နေ့နှင့် မထပ်အောင် ရွေးရသေး၏)၊ အမြင်အာရုံကို ပိုမို ကြည်လင် ပြတ်သားစေသည့် ဖန်သလင်းမှန်အစုံကို တပ်ဆင်၊ ကေသာကို ကျော့ရှင်းအောင် ဓါတုဆေးဝါး အကူအညီယူ၊ (ဂျယ်လ်လိမ်းတာ ပြောတာ)၊ ကိုယ်သင်းနံ့ မွေးပျံ့စေရန် နှင်းဖြူ ဟု ခေါ်ဆိုအပ်သော ယောက်ျားတို့ သုံးအပ်သော အရာကို ထုံမွမ်းပြီး သကာလ အိမ်မှ ထွက်ရန် အသင့် ... အဲ.. မဖြစ်သေး...။

ရှိရှိသမျှ အပေါက်တို့ကို လိုက်ပိတ်ရပြန်၏။ ပြတင်းပေါက်များ၊ လေ၀င်လေထွက် အပေါက်များ။
သုံးလူ့ထွတ်ထား၊ လူနတ်ဗြဟ္မာတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူထသော၊ ဘဂ၀ါ မြတ်ဘုရား ကို သုံးကြိမ် ပုဆိန်ပေါက် ရှိခိုး ဦးတိုက်ပြီး သကာလ အခန်းအပြင်ကို ရောက်၏။

မောင်သော့ကို အိမ်အပ်ပြီးသည်နောက် လူရှိရှိ မရှိရှိ ၁၂ ထပ်သို့ သွားသွာရပ်နေတတ်သော ဓါတ်လှေကားကို တစ်ထပ်ပြီးတစ်ထပ် ရပ်ပြီး မိမိရှိရာ ၈ ထပ်သို့ ရောက်သည်တစ်ခဏ... ၁၅ မိနစ် ကြာစောင့်ပြီးသည်တွင် မြေညီထပ်သို့ ရောက်၏။

အလုပ်သို့ နောက်ကျသူတို့၏ ထုံးစံအတိုင်း လမ်းပေါ် မြင်မြင်သမျှ ကားများကို အားသည် မအားသည် မသိ လက်ပြ တားပြီးသည့်နောက် နောက်ထပ် ၁၀မိနစ် အကြာတွင် ကားပေါ်သို့ ရောက်ချေ၏။ ကားပေါ်မှ တစ်ရိပ်ရိပ် ထိုးတက်နေသော မီတာပြ ညွှန်းတန်းကို ကြည့်ပြီး ရင်ခုန်ရသည်က အကြိမ်ကြိမ်...။ များလေ.. မိမိ အသပြာ ပိုထွက်လေ မဟုတ်ပါလော...။

ထိုစဉ်ခဏတွင် ခွေးမြီးကောက် ကျည်တောက်စွပ်တတ်သော နောင်မှ တ တတ်သော နောင်တတို့သည် အစဉ်တစ်စိုက် ပြန်ပေါ်လာလေ၏။ ယင်းတို့သည်ကား...
- ညစဉ်ညတိုင်း ပြုမြဲ ပြုနေကျ ဘလော့ဂ်တစ်ကာ လှည့်လည်ကျက်စားခြင်းအမှုကို လျှော့မည်ဟူသော ဆုံးဖြတ်ချက်။
- ညစဉ် ၁၀ နာရီ အချိန်မှန် အိပ်ရာဝင်မည်ဆိုသော ဆုံးဖြတ်ချက်။
- မနက်တိုင်း ဘတ်စ်ကားမှီအောင် ထမည် ဆိုသော ဆုံးဖြတ်ချက်။

အဆိုပါ ဆုံးဖြတ်ချက်တို့သည် ယခုမှသာ ပေါ်လာသည် မဟုတ်...။ ယခင့်ယခင် ကာလ ကြာရှည်စဉ်ကပင် ရုံးသွားနောက်ကျသည့် မနက်တိုင်း တ မိသော နောင်တပင်တည်း...။ သမုဒ္ဒရာပြင်ထက် ပွက်သော ရေပွက်တို့၏ သက်တမ်းကြာကောင်း ကြာလိမ့်မည်...။ အဆိုပါ နောင်တတို့သည် တစ်ဗီဇနာ၊ လက်ဖျစ်တစ်တွတ်စာ သက်တမ်းရှိပါမည်လော...။
မောင်ဘွိုင်း မသိပါ...။
ခွေးမြီးကောက်သည် ကျည်တောက်မှ လွတ်သောအခါ ပြန်ကောက်သကဲ့သို့...
ဘာဏုရာဇာနတ်မင်းကြီး ဂေါယာကျွန်းတွင်သာ မေးတင် အနားယူသကဲ့သို့...။
အကောင်းစား အကျွန်ုပ် မောင်ဘွိုင်းသည်လည်း...

5 comments:

  1. ဖတ်ပြီးသမျှထဲ ဒီပို့စ်ကိုအကြိုက်ဆုံးပဲ။

    ReplyDelete
  2. နောက်နဲ့...။ အရင်က ပို့စ်တွေကို မကြိုက်ဘူးဆိုတဲ့ သဘောလား...။
    ဟွန့်...။
    တက်စီနဲ့ နှစ်ပါးသွားနေတာ များနေပြီ...။ ဒါတောင် ဒီနေ့ ပေးစလစ်ထဲမှာ တစ်လုံးနောက်ကျတာ ၅၀ နိးပါး အဖြတ်ခံရတယ်...။ တော်ပါပြီ...။ နက်ဖြန်ကို စောစောထတော့မယ်...။
    ပြောတာပဲ.. အဟိ...။ ခွေးမြီးကောက်မည်သည် ကျည်တောက်မှ မထွက်မချင်းသာ ဖြောင့်ချည်၏။ :D

    ReplyDelete
  3. စာကိုသေချာဖတ်ပါလေ။ အကြိုက်ဆုံးဆိုသည်မှာ အကြိုက်တကာ့အကြိုက်တို့ရဲ့ထိပ်။
    ချစ်သူတွေဘယ်လောက်များများ အချစ်ဆုံးကတော့တစ်ယောက်ပဲမဟုတ်လား။
    ဟဲဟဲ။
    နောက်မကောက်တော့အောင် အမြီးဖြတ်လိုက်ပါလား

    ReplyDelete
  4. မယ်မွန်က ဖြတ်ထားတယ်လာ့...။ :P

    ReplyDelete
  5. ၁။ SMNTL ကို စိတ်ငြစ် အောင် မလုပ်ပါနဲ. . သူ့ခမျာ နားလည်မှာ မဟုတ်ဘူး။
    နိုင်ငံခြားဖြစ့် ပရုတ်ဆီ= ကျားဘမ်း
    ကျန်တာ တွေကိုတော. ကိုယ့်ဘာသာ ဘဲ ရှင်းပြပေတော. ကိုယ်ခင်းတဲ.ဇာတ် ကိုယ်နိုင်အောင် က.။ တို့မပါဘူး။
    ဒါတောင် ခံလိုက်ရသေး.။ နှင်းဖြူဆိုလှို့ဘာလဲ လို့လိုက် ကြည့်ရသေးတယ်။
    ၂။ Ooopss I did it Again... တင် စားချက် ကတော. မိုက်တယ်။ (အမ်းမားတို.ခေတ် က မိုက်တယ် လို့ပြောတယ။် လန်းတယ် ဆိုတာ က အခုခေတ်) (မရှင်းပြဘူး လို.စိတ်ကူး ထားတာတောင် ရှင်းပြလိုက် မိသေးတယ်။ )
    ၃။ ဘလော့လည်တယ်အကြောင်းပြပြီး။ သိတ်လဲ မတွေ.ပါဘူးနော်. မခိုင်လုံဘူး။
    ၄။ ဒါတောင် ကွန်မက် မှာ…လာမြှောက် တဲ့ သူ ကရှိသေးတယ်။ ချင့်ယုံပါ။

    ReplyDelete