ဟေး... ရှောပင်းထွက်မလား...။ မြန်မာပြည်နဲ့ နီးနီးနားနား ဘန်ကောက်သွားရအောင်ဟေ့...။
အဲဒီမှာ နောက်ဆုံးပေါ် ပါရီက ဖက်ရှင်ဒီဇိုင်းအထည်တွေလဲ ထွက်ပြီး တစ်ပတ်မကြာဘူး ... ရောက်လာပြီတဲ့...။ ရော်ဘင်ဆန် မှာ ရနိုင်တယ်တဲ့ ...။ အဲယားပေါ့တ် စဲန်ထရယ်ပလာဇာမှာလဲ ရတယ်တဲ့...။ အို... သည်မောလ်မှာလဲ ရသားပဲဟာ...။
ဟယ်... ကြည့်စမ်း.. ကုန်တိုက်တွေ အကြီးကြီးတွေ.... ညကြီးသန်းခေါင် မီးထွန်းနေလိုက်တာ... နေ့ခင်းနဲ့ မခြား ထင်မှတ်မှားရလောက်အောင် ထိန်ထိန်ငြီးနေတာပဲနော်...။ နေရာတိုင်းမှာ ထွန်းလိုက်တဲ့ မီးတွေ၊ ဖွင့်လိုက်တဲ့ အဲယားကွန်းတွေ....။ ဟင်း.... ဈေးဝယ်ထွက်လာတဲ့ လူကို အမောပြေသွားတာပဲ...။ တို့များ ဒဂုံစင်တာနဲ့ ဘာမှမဆိုင်ဘူးနော်..။
ဈေးရောင်းတဲ့ အရောင်းစာရေးမတွေကလဲ အမြဲတမ်း ပြုံးနေတာပဲ...။ အဲဒါကြောင့် သူတို့ ယိုးဒယားနိုင်ငံကို စမိုင်းလ်လဲန်း လို့ ခေါ်တာပေါ့နော်...။ တိုးရစ်စ်တွေကလဲ အဲဒီအပြုံးလေးတွေကြောင့် နေမှာပါ့...။ လာလည်လိုက်တာ ... လာလည်လိုက်ကြတာ...။ တိုးရစ်တွေ ပိုက်လာတဲ့ ပိုက်ပိုက်တွေ ၀င်လာမစဲ တစ်သဲသဲပဲ...။ အပြုံးချိုချိုလေးတွေနဲ့ ဆွဲဆောင်လို့တဲ့...။
အဲလိုပဲ တိုးတက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ထိုင်းနိုင်ငံမှာ တိုးတက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ စွမ်းအင် လိုအပ်ချက်ဟာလဲ တစ်နှစ်ပြီး တစ်နှစ် များပြားလာတာပေါ့...။ ကျားကြီးခြေရာကြီး ဆိုသလို စွမ်းအင်မလောက်ငှမှုတွေလဲ ထပ်ချပ်မကွာ လိုက်လာတာပေါ့...။
ဒါ့ကြောင့်ပဲ... အစိုးရက အဲဒီ စွမ်းအင် ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းရတော့တာပေါ့...။ သက်ဆင် အစိုးရ လက်ထက်မှာတော့ ကုန်တိုက်တွေ၊ ဒီပါတ်မဲန့်စတိုးတွေကို ပုံမှန်ဖွင့်နေကျ အချိန်ထက် တစ်နာရီ နောက်ကျပြီး ဖွင့်ခိုင်းပြီး ပိတ်ချိန်ကို တစ်နာရီစောပြီး ပိတ်စေခဲ့ပါတယ်...။ ပြည်သူပြည်သားများကို လိုအပ်သလောက်သာ မီးဖွင့်ထားစေဖို့ မလိုအပ်ပဲ အဲယားကွန်းများ ဖွင့်မထားဖို့ နှိုးဆော်ခဲ့ပါတယ်...။ ရုံးများမှာလဲ မနက် ရုံးတက်ချိန် ၉း၀၀-၁၂း၀၀ နာရီကြား နဲ့ ညနေ ရုံးများ အလုပ်လုပ်ချိန် ၀၁း၀၀-၄း၃၀ နာရီကြားတွေမှာ လိုအပ်သလောက် မီးများ၊ပန်ကာ၊ အဲယားကွန်းများကိုသာ ဖွင့်စေပါတယ်...။ နေ့လည်စာ စားချိန် ၁၂း၀၀-၀၁း၀၀ နာရီမှာတော့ ရုံးကန်တင်းတွေနဲ့ ရုံးဌာန အတွင်းပိုင်း လိုအပ်တဲ့ နေရာများမှာသာ စွမ်းအင်ကို သုံးစွဲဖို့ ကန့်သတ်ခဲ့ပါတယ်...။
တစ်နေ့တစ်ခြား တိုးတက်လာတဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အစိုးရက ပြည်သူပြည်သားများကို တီဗွီရုပ်သံက တစ်ဆင့် ကြောငြာတွေနဲ့ တိုက်တွန်း နှိုးဆော်ခဲ့တာ တွေ့ရပါတယ်...။ အခုဖေါ်ပြမယ့် ကြောငြာကတော့ လွန်ခဲ့တဲ့ နှစ်များအတွင်းက စွမ်းအင် ချိုးခြံချွေတာသုံးစွဲရေးအတွက် ထိုင်းအစိုးရက ပြည်သူများကို တိုက်တွန်းတဲ့ ကြော်ငြာ ဖြစ်ပါတယ်...။ ဒီကြော်ငြာမှ ထိုင်းတို့ရဲ့ အဓိက လက္ခဏာဖြစ်တဲ့ အပြုံးချိုချိုရယ်... အဲဒီအပြုံးကြောင့် နိုင်ငံခြား ခရီးသွားဧည့်သည်များ တိုးတက်လာတာရယ်... စွမ်းအင် ပြတ်လပ်မှု ပြဿနာရယ်ကို မြင်သာအောင် ဖေါ်ပြထားတာ တွေ့ရပါမယ်...။ ပြည်သူပြည်သားများရဲ့ ရင်ထဲကို ထိုးဖေါက် ၀င်ရောက်သွားနိုင်ခဲ့တဲ့ ထိရောက်တဲ့ ကြော်ငြာ တစ်ခု ဖြစ်ကြောင်း တွေ့ရပါတယ်...။ ပြုံးပျော်နိုင်ကြပါစေ...။
စကားမစပ်ဗျာ... ယိုးဒယားအကြောင်း တင်မိတော့ အင်တာနက်ပေါ် လိုက်ရှာရင်းနဲ့ ဒီသတင်းလေး တွေ့မိလို့ အားလုံး ဖတ်လို့ရအောင် မျှပေးလိုက်ရပါတယ်...။
Sunday, March 16, 2008
Thai Smile ... Who Cry?
စုံစီနဖါ Miscellaneous
ဒီတစ်ခေါက်တော့ ပြီးခဲ့တဲ့ အပတ်ထဲက မြင်တာ တွေ့တာ သိတာ ကြားတာလေးတွေ စုစည်းတင်ပြ လိုက်ရပါတယ်...။
ပြီးခဲ့တဲ့ နှစ်ပါတ် သုံးပါတ်လောက်က ၀ုဒ်လဲန်းမှာ ချင်းဂေး ပွဲတော် ရှိသဗျား...။ ချင်းပြည်က ဂေးတွေအကြောင်းလို့တော့ မတွေးပါနဲ့ဗျာ...။ ချင်ကာပူက ဂေးတွေ အကြောင်းပါ... ဟဲဟဲ နောက်တာ..။ မဟုတ်ဖူး...။ အဲဒီပွဲက ဘာပွဲလဲ ဆိုတာ ဒီမှာ သွားဖတ်လိုက်ဗျာ...။ ပျင်းတယ်...။ ဓါတ်ပုံရိုက်ထားတာ ရှိတယ်...။ မျောက်အုန်းသီးနဲ့ ရိုက်လာတာ...။ အောက်က ပုံပဲဗျ...။ ဗွီဒီယိုက ရှည်လွန်းလို့ ဘယ်လို ဖြတ်ပြီး တင်ရမလဲ ကြံနေတာ...။ အဲဒီမယ်... မဒီချောချောများ ပါတယ်ဗျ...။ အသေအချာကို ပြင်ဆင်ထားတာ... သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ၊ အပြိုင်လှနေကြတာ...။ အဆင်ပြေမှ ဗွီဒီယို တင်ပေးမယ်ဗျာ...။
စနေနေ့ကျတော့ အိုင်တီရှိုးကို သွားတာပေါ့...။ မိုက်တယ်ဗျာ...။ အိုင်တီထုတ်ကုန်တွေ ပြောတာနော်...။ ဟီး...။ မိုက်မမိုက်ကတော့ အောက်ကပုံမှာသာ ကြည့်ပေတော့ဗျာ...။ ရေစိုခဲ့တဲ့ ကွန်ပြူတာဗျ...။ ပန်နာဆိုးနစ်က ထုတ်ထားတာ...။ အပေါ်ကနေ ရေလောင်းချပြနေတာ...။ ရေစိမ်ခံလားတော့ မသိ...။ မေးတာကို ဟိုကောင်မလေးက မသိနိုးနား လုပ်သွားတယ်...။ အစိမ်မခံလို့ နေမှာပေါ့နော...။
ဟဲဟဲ... ဒီပုံက လီနိုဗိုပြခန်းကဗျ...။ လီနိုဗို ဗျာ...။ မိုက်တယ်ဗျာ... နော့...။ လီနိုဗိုကို အိတ်ခ်ျပီအတွက် နို့ဘွတ်တွေ ဆင်ပေးကတည်းက သဘောကျနေတာဗျ...။ အခုလဲ ပိုပြီးတော့ သဘောကျတယ်...။ ပြိုင်ကား အဖြူလေးကို ပြောတာနော်...။ ဘေးက မော်ဒယ်ကတော့ ချောလား မချောလား မသိဘူး...။ ယောင်လို့တောင် မာကည့်မိပါဘူး... ကားကိုပဲ အာရုံ စိုက်နေလို့...။
အော် အဟုတ်ပါဗျ...။ ကိုယ်က ကိုယ့်အုန်းသီးလေးနဲ့ ကားကို သေချာ ချိန်တာကို သူတို့များ ရိုက်နေတယ် ထင်လား မသိ.. ပေိးလုက်တဲ့ ပို့စ်တွေ ထုတ်လိုက်တဲ့ အိုက်တင်တွေ ..။ အဲဒီတော့ကိုယ်လဲ အားနာပါးနာ ရိုက်ပေးလိုက်ရတယ်...။ ဖုန်းကနဲ အုန်းကနဲပဲ...။ ကြယ်တွေလတွေတောင် ပွင့်သွားလား မသိ...။
အဲ.. ဒီအောက်ကပုံကတော့ ဘာဖြစ်လို့ ဖြစ်မှန်းတော့ မသိဘူး...။ ဖူနန် ကို ဒီနေ့ရောက်သွားတော့ ဖူနန် အောက်ထပ် ကေအက်ဖ်စီ ရှေ့က ဟာဗေးနော်မန် တည့်တည့်မှာ ရဲတွေ အရပ်ဝတ်နဲ့၊ ၀တ်စုံနဲ့ ရှုပ်ရှက်ခတ်နေတာပဲ...။ ကြည့်တဲ့သူတွေရော၊ လမ်းသွားလမ်းလာရော၊ ခရီးသွား လုပ်သားပြည်သူတွေရော၊ စပ်စုချင်သူရော၊ မဆိုင်သူတွေရော တွေ့တယ်...။ သတင်းထောက်တွေကလဲ ဓါတ်ပုံတွေ တစ်ဖျတ်ဖျတ် ရိုက်လို့ပေါ့..။ ဗွီဒီယို ကင်မရာသမားလဲ ပုခုံးပေါ်ကဟာကြီးကို သေချာချိန်ပြီး မလွှတ်တမ်း လိုက်ရိုက်နေလေရဲ့...။
ရဲအချုပ်ကားက ၄-၅ စီးလောက်မှာ အကျီအနီဝတ်များကို အပြုံလိုက် ဖမ်းပြီး ကားပေါ်တင်ထားတာ တွေ့ရတယ်...။ ဘာနှစ်ပါတ်လည်နေ့ အထိမ်းအမှတ်နဲ့ ဆနပြကြတာပါလိမ့်...။ လွှတ်တော်ပါလီမန် အဆောက်အဦနဲ့လဲ နီးတယ်...။ ချင်ကာပူ အတိုက်အခံက ဒေါက်တာချီးများလား...။ လမ်းလျှောက်တဲ့ ကိုကို မမ တို့များလား မသိ...။ ဘေးနားက လူတွေလဲ မေးကြည့်လို့မရ...။
ရဲအချုပ်ကားပေါ် ပါသွားတဲ့ထဲက ကောင်မလေးတစ်ယောက်က အပြင်ကို လက်ထုတ်ပြီး လက်ညိုးနဲ့ လက်ခလယ် ထောင်ပြသွားလေရဲ့... ။ လူနှစ်ယောက် လာပါလို့ ပြောချင်တာလား...။ နောက်ထပ် နှစ်ခါ ထပ်ဖြစ်ဦးမယ်လို့ ပြောချင်တာလား...။ ရဲကား နှစ်စီးစာ ကျန်နေသေးတယ်လို့ ပြောချင်တာလား...။ ကော်ဖီနှစ်ခွက်လို့ ပြောချင်တာလား...။ ...လား... လား... လား...။ လားပေါင်းများစွာ... ဒန်းကီးပေါင်းများစွာ... မြင်းပေါင်းများစွာနဲ့.. ကျွန်တော် လားအုပ်ကြီးအလယ်မှာ ကျန်နေခဲ့တယ်...။ တော်သေးတယ်...။ ဗဒင်ရဲ့ သိုးမည်းကြီး ပါမလာလို့...။ နို့မို့ မေရီ သိုးဘယ်နှစ်ကောင် ဆိုတာ မအိပ်ခင် ရေတွက်နေသလို ရေရဦးမယ်...။
ဓါတ်ပုံထဲမှာတော့ တော်တော်ဝါးနေလို့ ရသလောက်ပုံပဲ တင်လိုက်တယ်..။ ဒီနေ့ သတင်း ထိုင်စောင့်နေတာ...။ ဘာမှလဲ မပြဘူး...။ ဒီချင်ကာပူက ဒီလိုပဲ...။ သူများ သတင်းတွေသာ ဇွတ်တင်ပြီး သူတို့ဟာကျတော့ မတင်ဘူး...။ ဟိုဝရမ်းပြေးလဲ ခုထိ ဖမ်းလို့ကို မမိနိုင်သေးဘူး...။ သေသွားပြီလား မသိ (ထောင်ထဲမှာ..။)
Wednesday, March 12, 2008
ခရမ်းရောင် လွင်ပြင် The Purple Plain
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်က ရုပ်ရSင်ကားလေး တစ်ကားအကြောင်း ပြောပြချင်တာပါ...။
အဲဒီတုန်းက ရုပ်ရှင်ဇာတ်ကားများဟာ ယခုခေတ်လောက် ကျဲတိကျဲပါး မဟုတ်ပဲ တစ်နှစ်တစ်နှစ်ကို ရာချီ ထွက်ပေါ်နေခဲ့တာပဲ...။ မင်းသား မင်းသမီးများလဲ သူ့ထက်ငါ အပြိုင် သရုပ်ဆောင်နိုင်မှ ကိုယ့်နေရာ မြဲမယ့် အနေအထားပေါ့...။ အရည်အချင်းရှိသူသာ ရှင်ကျန်နိုင်တဲ့ မြန်မာ့ရုပ်ရှင် ရွှေခေတ်ပေါ့...။
အဲဒီထဲမှာမှ နိုင်ငံခြားသရုပ်ဆောင်များနဲ့ သရုပ်ဆောင်တဲ့ ကားတွေလဲ ရှိပါတယ်...။ မြန်မာ ထုတ်လုပ်သူကိုယ်တိုင် နိုင်ငံခြားမှာ ရိုက်တဲ့ ကားတွေ ရှိသလို နိုင်ငံခြားက ထုတ်လုပ်သူတွေက မြန်မာ့ရုပ်ရျင် အနုပညာသရုပ်ဆောင်များကို ခေါ်ယူ ရိုက်ကူးတာလဲ ရှိပါတယ်...။
မြန်မာဒါရိုက်တာ ဦးညီပုကတော့ ကိုယ်တိုင် ငွေကြေးကုန်ကျ စိုက်ထုတ်ခံပြီး ဂျပန်မှာ ရုပ်ရှင်သွာရိုက်ပါတယ်...။ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပါတယ်...။ မင်းသမီးကတော့ ဂျပန်က မင်းသမီးလို့ သိရပါတယ်...။ အပြန်မှာ အဲဒီမင်းသမီးနဲ့ လက်ထပ်ပြီး မြန်မာပြည်ကို ခေါ်လာသလားလို့... ဂျပန်ပြည်က စက်ရက်ကန်းတွေတောင် ၀ယ်ပြန်လာပြီး မြန်မာပြည်မှာ စီးပွားရေး လုပ်စားတယ်လို့ မှတ်သားဖူးတယ်...။
အခု ပြောပြချင်တဲ့ ကားကတော့ အနောက်နိုင်ငံက အနောက်တိုင်း သရုပ်ဆောင်နဲ့ မြန်မာ ရုပ်ရှင် မင်းသမီးနဲ့ တွဲပြီး ရိုက်ကူးထားတဲ့ စစ်တွင်းခေတ် ရုပ်ရှင်ကားတစ်ကား ပါပဲ...။ နာမည်ကျော် မင်းသားချော ပါဝင်ထားပြီး ကံထူးတဲ့ မြန်မာ့အနုပညာရှင်ကတော့ ၀င်းမင်းသန်း ဖြစ်ပါတယ်...။ ဇာတ်ကားနာမည်ကတော့ ခရမ်းရောင်လွင်ပြင် ပါတဲ့...။
သမားရိုးကျ ဇာတ်လမ်းပါ...။ ဇနီးမယား အသစ်စက်စက်ကလေး ရုတ်တရက် ဆုံးပါးသွားတော့ အသဲကွဲနေတဲ့ ကနေဒါ လေတပ်က တိုက်လေယာဉ်မှူး တစ်ယောက် မြန်မာပြည် စစ်မြေပြင်ကို ရောက်လာပါတယ်...။ ချစ်ဇနီးက ဆုံးပါးသွားတော့ သေခါမှ သေရော... အချည်းနှီးတော့ အသေမခံ တိုင်းပြည်အတွက် အသက်စွန့်ရင်း ဆုတံဆိပ် ရပြီး သေသွားရင် ကောင်းမယ်ဆိုပြီး စစ်မြေပြင်ကိုပဲ သွားဖို့ ကြိုးစားပါတယ်...။ ၀င်းမင်းသန်းကတော့ ဒီကားမှာ ကျောင်းဆရာမလေး Anna အဖြစ် သရုပ်ဆောင်ထားလေရဲ့...။ လေယာဉ်မှူးတစ်ယောက် Anna နဲ့ တွေ့ရာက သူ့ရဲ့ တွယ်ရာမဲ့ လေလွင့်နေတဲ့ စိတ်ဟာ တစ်မျိုးတစ်ဖုံ ပြောင်းသွားပြီး ဆရာမလေးကို ချစ်ကြိုက်မိသွားတယ်...။ ဒါပေမဲ့ ကံဇာတ်ဆရာက လူတို့ရဲ့ ပျော်ရွှင်မှုကို မနာလို မရှုစိမ့်နိုင်တဲ့ အတွက် လေယာဉ်ပျက်ကျအောင် လုပ်လိုက်ပါတယ်...။
ဒီကားကို ကြည့်ချင်ပေမဲ့ မူရင်း ရုပ်ရှင်ကို ကြည့်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အတွက် ဇာတ်ကား အပိုင်းအစလေး တစ်ခုဖြစ်တဲ့ အောက် ဗွီဒီယို ကလစ်တိုတိုလေးကိုပဲ ကြည့်ပြီး ကျေနပ်နိုင်ကြပါစေ...။
အရင်ခေတ်ဟောင်းက မင်းသမီးများ အင်္ဂလိပ်စကား ပြောကောင်းတယ်ဆိုတာ မမြင်ဖူးလို့ မယုံပါဘူး...။ ခု ဒီကလစ်ကို ကြည့်လိုက်တော့ ယုံသွားပါပြီ...။ ၀င်းမင်းသန်း အင်္ဂလိပ် စကား ကောင်းပါတယ်...။ နောက်မှ အသံထပ်တာ မဟုတ်ပဲ တစ်ခါတည်း အသံသွင်းထားတာပါ...။
ရေးသားသူ Ko Boyz at 5:25 PM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Monday, March 10, 2008
ရှမ်းတိုင်းရင်းသားများအတွက် ဆုံးရှုံးမှု (သို့) စိုင်းထီးဆိုင် ကွယ်လွန်ခြင်း
မြန်မာပြည်က ဗုဒ္ဓဘာသာဝင် အများစုမှာ တူညီကြတဲ့ အယူတစ်ခု ရှိပါတယ်...။ အမျှဝေရင် ယမမင်းကို ဝေကြတယ်တဲ့...။ ယမမင်းဆိုတာ ငရဲပြည်ကို အုပ်စိုးတဲ့ ဘုရင်ကြီးပေါ့...။
အဲဒီ ယမမင်းက ကျွန်တော် ပြောချင်တဲ့ သေမင်းနဲ့ တူသလား မတူဘူးလားတော့ မသိဘူး...။ ဒါပေမဲ့ မြန်မာ အများစုကလဲ သေမင်းဆိုတာကို ယုံကြည်ကြတယ်...။ သေမင်း တစ်ကယ် ရှိမရှီ ပြောချင်တာ မဟုတ်ပါဘူး...။ ပြောချင်တာက သေမင်း ခုတစ်လော အကောင်း တော်တော်ကြိုက်တာကို ပြောချင်တာ...။
ဟို အော်လ်တာနေးတစ် အဆိုတော် ဒိုးလုံးကစလို့ အနုပညာရှင်များ^လူသိထင်ရှား နာမည်ကျော်ကြားသူများ ကြယ်ကြွေသလို တဖြုတ်ဖြုတ် ကြွေလာလိုက်ကြတာ.. မှတ်မိသလောက် ပြောရရင် အယ်လ်ဖြူ... ထူးအိမ်သင်... ဒွေး... တော်ဘုရားကလေး အောင်ဇေ... ပန်းချီ ရွှေစိုးဟန် .... အို... အစုံပါပဲ...။
ဟော... ဒွေးတစ်ယောက် ဆုံးပါးလို့မှ ဘာမှ မကြာသေးခင်... အခုလဲ ဒီနေ့မနက်ကပဲ... ရှမ်းအဆိုတော် စိုင်းထီးဆိုင် ဆုံးပါးသွားပြန်ပြီတဲ့...။
မနက်ကတည်းက ပြည်ပရောက် သူငယ်ချင်း တစ်ယောက်က ဂျီတော့ခ်ထဲကနေ ၉း၀၀ နာရီလောက် လာမေးတယ်...။ ကိုထီးဆုံးသွားပြီဆို ဟုတ်လားတဲ့...။ ကောလာဟလတွေ နေမှာပါလို့...။ နောက်တစ်ယောက် လာမေးပြန်တယ်...။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်... ဘယ်သူကမှ သေချာတယ်လို့ ကွန်ဖမ်း မဖြစ်ကြသေး...။
အဲဒါနဲ့ မဟုတ်ချေသေးဘူးလို့ ... အင်တာနက်ပေါ် တက်ရှာ... ဖုန်းတွေ လိုက်ဆက်နဲ့... ၁၁း၀၀ နာရီလောက်မှာ သေချာတယ်ဆိုတဲ့ သတင်းရသွားတယ်...။ မဟုတ်ပါစေနဲ့လို့ စိတ်ထဲက ဆုတောင်းတာ မပြည့်သွားဘူး...။ မှတ်မှတ်ရရ ညက ကိုထီးရဲ့ ရှမ်းသီချင်းတွေ ပြန်စီနေတာ...။ ကိုထီးရဲ့ ]]ရုပ်ဆိုးသူရဲ့ အချစ်}}ကို ကိုထီးညီ စိုင်းအောင်ထီးခမ်းက ပြန်ဆိုထားတာ သူငယ်ချင်းတွေက ပို့ထားတာရှိတော့ ဖုန်းထဲကို ထည့်ပြီးတော့ ခဏခဏ ပြန်နားထောင်နေတာ...။
အော် အခုတော့လဲ ငွေကြယ်ပွင့် တစ်လုံး ကြွေကျမြေခသွားရှာပြီပေါ့...။
ကိုထီးဆုံးရတဲ့ အကြောင်းကို အင်တာဗျူးထားတာတွေ့လို့ မဖတ်နိုင်တဲ့သူတွေ၊ မဖတ်ရသေးတဲ့သူတွေ ရှိရင် ဖတ်လို့ ရအောင် ပြန်တင်ပေးလိုက်ပါတယ်...။ မူရင်းကတော့ မဇ္ဈိမ သတင်းဌာနပါ...။ ကြိုတင် ခွင့်မတောင်းမိတဲ့အတွက် ခွင့်လွှတ်ပါ...။
ကိုထီးအကြောင်းကို ကိုထီးမဟေသီနဲ့ အင်တာဗျူး။
မြန်မာပြည်သူများ၏ ရင်ထဲတွင် နှစ်ပေါင်းများစွာ စွဲလမ်းနေရာယူစေခဲ့သည့် နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင် သည် ယနေ့နံနက်ပိုင်းက အစာအိမ် သွေးကြောပေါက်ရောဂါကြောင့် အသက် ၅၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူ့ကျန်းမာရေး၊ သူ့ဂီတဘဝနှင့် ရိုးသားမှုအကြောင်းကို သိရှိနိုင်ရန်အတွက် ဇနီးဖြစ်သူ ဒေါ်ခင်သန်းစိုးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ဦးထီးဆိုင် ဘယ်လိုဆုံးသွားတာလဲခင်ဗျ။
ဖြေ။ အစာအိမ်ကနေ သွေးကြောပေါက်သွားတာပါ။ လွန်ခဲ့တဲ့ ၂ဝဝ၇ သြဂုတ်လလောက်တုန်းကလည်း အခုလို အစာအိမ် သွေးကြော ပေါက်သေးတယ်။ အဲဒါနဲ့ အင်ဒိုစကိုပီ (endoscope)တွေနဲ့ သားရေကွင်းနဲ့ သွေးကြောလေးတွေကို ထုံးထားတာပေါ့နော်။ အဲဒီကနေ အသည်းကလည်း နည်းနည်းမကောင်းလို့ အဲလို ဖြစ်တာပေါ့နော်။ ဒါပေမဲ့ ဆရာဝန်ကြီးတွေနဲ့ ကုပြီးတဲ့နောက်ပိုင်းမှာတော့ ကျန်းတော့ ကျန်းမာတာပေါ့နော်။ သီချင်းတွေ ဆိုနေတာပါပဲ။ ခရီးတွေ ဘာတွေလည်း သွားပါတယ်။ အခု နောက်ဆုံး တာချီလိတ်ခရီးသွားပြီးနောက်မှာ အဲလိုဖြစ်တာပဲ။ ဗိုက်ဖောင်းလာတယ်။ ရေဖျင်းပေါ့။ ရေဖျင်းဖြစ်လာတာပေါ့နော်။ အဲဒီကနေ သူက နာလာတော့ ဆေးရုံတက်လိုက်တယ်။ သူပြနေကျ ဆရာဝန်ကြီးနဲ့ ပြတော့ ဆရာဝန်ကြီးက လုပ်ပေးပါတယ်။ ဒါပေမဲ့ ရောဂါက နည်းနည်းရင့်နေတော့လေ မရတော့ဘူးပေါ့နော်။ ဒီကနေ့ မနက် ၅ နာရီ ၄၅ မှာ ဆုံးသွားတာပါ။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ Ward မှာပါ။
မေး။ ဦးထီးက သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆရာဝန်ကို တော်တော် အားကိုးခဲ့ပုံပဲနော်။
ဖြေ။ ကိုထီးကတော့လေ ဆေးပညာကိုလည်း နားမလည်ဘူး ဆိုတော့ သူက ဆရာဝန်ဆိုရင် အရမ်းအားကိုးတာ။ သူက ဆီးချို၊ သွေးချိုလည်း ရှိတယ်။ ဆီးချို၊ သွေးချိုက ဖြစ်တာ ၈ နှစ်လောက်ရှိပြီ။ အဲဒီရောဂါအတွက်တော့ ဆရာကြီး ဦးတင့်ဆွေလတ်နဲ့ ပြတာပေါ့။ ဆရာကြီးက အရမ်း ဂရုစိုက်ပေးခဲ့တာပေါ့နော်။ အခုအစာအိမ် သွေးကြောပေါက်တာတော့ ဆရာကြီး Professor ဦးသိန်းစောပေါ့။ သူကလည်း ဆရာကြီးကို အရမ်းလည်း အားကိုးတယ်လေ။ ဆရာကြီးက သူ့ကို အရမ်းကြီး ဂရုစိုက်ပါတယ်။ သူများနဲ့ကို မတူပါဘူး။
မေး။ နောက်ဆုံးသွားတဲ့ တာချီလိတ်စတိတ်ရှိုးက ဘယ်တုန်းကလဲခင်ဗျ။
ဖြေ။ တာချီလိတ်ခရီးက ဖေဖော်ဝါရီ ၉ ရက်နေ့မှာပါ။ မသွားခင်ကတည်းက သူက ဗိုက်က နည်းနည်း ဖြစ်တယ်။ နည်းနည်းဖြစ်တာက ဗိုက်က အရမ်းလည်း မဖောင်းသေးဘူး။ နာလည်း သိပ်မနာသေးဘူး။ အစာမကြေ ဖြစ်တာလောက် ရှိခဲ့တယ်။ အဲလိုဖြစ်ပေမယ့်လည်း ပွဲတွေက လက်ခံထားပြီးသား ဆိုတော့လေ ပြန်လာမှပဲ ဆရာကြီးနဲ့ ပြမယ်ဆိုပြီး ဆိုဖြစ်အောင် ဆိုလိုက်တာပေါ့နော်။ LAZY CLUB နဲ့ပါ။ ရဲလေးတို့၊ ချစ်သုဝေတို့၊ L Sai Zi တို့နဲ့ဆိုတာ။
မေး။ သူမဆုံးပါးခင် နောက်ဆုံးဆိုသွားတဲ့ သီချင်းအခွေက ဘယ်ဟာလဲခင်ဗျ။
ဖြေ။ ဆုန်သင်းပါရ်၊ ရတနာဦးတို့နဲ့ ၃ ယောက်ပေါင်းဆိုထားတဲ့ သီချင်းခွေလေးပါ။ ‘ဝတ်မှုံခရီး’ စီးရီးပါ။ ကိုထီးကတော့ နှစ်ပုဒ်ထဲ ဆိုတာပါ။ ဆရာလိတ်ရဲ့ သီချင်းတပုဒ်နဲ့ တေးရေးဆရာ ခန့်မော်ရဲ့ သီချင်းတပုဒ်၊ နှစ်ပုဒ်ထဲ ဆိုထားတာပါ။
မေး။ သူ ထုတ်ခဲ့တဲ့ စီးရီးခွေတွေ ဘယ်လောက်ရှိမလဲဗျ။
ဖြေ။ မှတ်တမ်းအတိအကျတော့ မရှိပါဘူးရှင့်။ သူကလည်း လူပျိုဘဝ အိမ်ထောင်မကျခင် ကျောင်းသားဘဝကထဲက လုပ်ခဲ့တာလေးတွေကလည်း ဟိုတုန်းကတော့ အခွေရယ်လို့လည်း မဟုတ်ဘူးလေ။ အခုခေတ်လိုလည်း စီးပွားရေးပုံစံလည်း မဟုတ်ဘူးလေ။ စီးရီးပေါင်းကတော့ ၅ဝ ကျော်လောက်ရှိပါတယ်။
မေး။ ကလေးဘယ်နှစ်ယောက် ရခဲ့လဲ။
ဖြေ။ သားတယောက်နဲ့ သမီး ၂ ယောက်ပါ။ သားအကြီးဆုံးက စိုင်းခိုက်ခမ်းပါ။ အသက်က ၂၂ နှစ်ရှိပြီ။ သမီးအကြီးဆုံး နန်းဆမ်ဟုန်ပါ။ အသက်က ၁၈ နှစ်။ အငယ်ဆုံးကလေးက နန်းယုခေါင်ပါ။ ၁၅ နှစ်ပါ။ သူတို့လေးတွေလည်း အရမ်းခံစားရပါတယ်။ ကျမတို့ သားအမိတွေက ကိုထီးကိုပဲ အားထားရတာပေါ့နော်။ စားဝတ်နေရေး၊ အစစ အရာရာပေါ့နော်။
မေး။ အိမ်ထောင်သက်တမ်းကရော အမ။
ဖြေ။ ၈၄ ခုနှစ် အိမ်ထောင်ပြုခဲ့တာပါ။ အခုအိမ်ထောင်သက်တမ်းက ၂၄ နှစ် ရှိပါပြီ။
မေး။ ခင်ပွန်းသည်ဖြစ်တဲ့ ဦးထီးကို ဇနီးသည်တယောက်အနေနဲ့ ဘယ်လိုမြင်လဲ၊ ဦးထီးက ဘယ်လို လူစားမျိုးလဲဗျ။
ဖြေ။ ကိုထီးက ရိုးတာပေါ့နော်။ ရိုးရိုးကြီးနဲ့ ခေတ်မီတာလည်း မဟုတ်ဘူး။ ရိုးရိုးသားသားနဲ့ မိသားစုဘဝကိုလည်း သူက ကြိုက်တယ်။ အေးအေးချမ်းချမ်း ဘဝကိုလည်း ကြိုက်တယ်။ သိပ်ဆန်းဆန်းပြားပြားတွေကိုလည်း လက်မခံတတ်ဘူး။ အနုပညာနဲ့ ပတ်သက်ရင်တော့ ငွေကြေးတွေကို သိပ်အာရုံမထားတတ်တဲ့လူ။ သူများကိုလည်း သိပ်အားနာတတ်တဲ့လူ။ အများစိတ်ချမ်းသာဖို့ဆိုရင် လုပ်ပေးချင်တဲ့ လူတယောက်လို့ ရိုးရိုးပဲ မြင်ပါတယ်။
မေး။ ဦးထီးဆိုင်ကို ဘယ်လိုစိတ်မျိုးနဲ့ အိမ်ထောင်ရှင်အဖြစ် ရွေးခဲ့တာလဲ။
ဖြေ။ ရိုးရိုးသားသားလေးဆိုတော့။ သူ့မိဘတွေကလည်း အရမ်းရိုးသားတယ်လေ။ ကိုထီးရဲ့ မိဘတွေကို တွေ့တာနဲ့ပဲ သနားမိတာပေါ့နော်။ ဒီလိုနဲ့ပဲ သူ့ကို ရွေးမိတာပါ။
မေး။ သူ ဆုံးပါးသွားပြီဆိုတော့ စားဝတ်နေရေးအတွက် သားအမိတွေ ဘယ်လိုရပ်တည်ကြမလဲ။
ဖြေ။ နဂိုကတည်းကတော့ ကိုထီးက သီချင်းဆိုတာတခုထဲနဲ့ ရပ်တည်တာလေ။ အခုဘာလုပ်ကြမလဲဆိုတာအတွက် ဘာမှတော့ မစဉ်းစားရသေးပါဘူး။ ကလေး ၂ ယောက်ကလည်း ပညာရေးက ပြီးသလောက် ဖြစ်သွားပြီဆိုတော့။ ဒီလိုပါပဲ။
မေး။ ဦးထီးနဲ့ပတ်သက်ပြီး အမှတ်တရတေးတွေ ထုတ်ဖို့ စဉ်းစားထားပါသလား။
ဖြေ။ မစဉ်းစားရသေးပါဘူးရှင်။
မေး။ ဦးထီးရဲ့ ဂီတလက်တွဲဖော် တေးရေးဆရာကြီး စိုင်းခမ်းလိတ်ကိုရော အကြောင်းကြားထားပါသလား။
ဖြေ။ ဆရာလိတ် မနက်ဖြန်ရောက်မယ်လို့ ပြောပါတယ်ရှင်။ အဆိုတော်အသိုင်းအဝိုင်းတွေကတော့ သတင်းကြားတာနဲ့ ဆေးရုံကိုလာတဲ့လူလာ၊ အခုလည်း အိမ်မှာ ဝိုင်းပြီး ကူညီနေကြပါတယ်။ အိမ်ရှေ့မှာ လိုအပ်တာတွေ လုပ်ပေးနေပါတယ်။ ကိုထီးက လူချစ်လည်း များတယ် ဆိုတော့လေ။
မေး။ နှစ်ပေါင်း ၂ဝ ကျော် လက်တွဲလာတဲ့ ခင်ပွန်းသည်ရဲ့ သီချင်းတွေထဲက အကြိုက်ဆုံးသီချင်း ဘယ်ဟာရှိမလဲ။
ဖြေ။ ကိုထီးသီချင်းတွေက အကုန်ကြိုက်ပါတယ်။ အကောင်းတွေက များတော့ သိပ်တောင် ရွေးလို့ မရပါဘူးရှင်။ ဆရာလိတ်ကလည်း အရေးက ကောင်းတယ်ဆိုတော့လေ။
မေး။ ဦးထီးက အမျိုးသားရေးလုပ်ငန်းတွေလည်း လုပ်တယ် ကြားပါတယ်။
ဖြေ။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီမှာ ဒုဥက္ကဋ္ဌပါ။
မေး။ ဦးထီးရဲ့ ရုပ်ကလပ်ကို ဘယ်မှာ သင်္ဂြိုလ်မှာလဲ။
ဖြေ။ ကျမတို့ အခု ရေဝေးသုသာန်မှာ ထားပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဂူသွင်းမှာပါ။
မေး။ အိမ်လိပ်စာလေး ပြောပြပါအုံး။
ဖြေ။ ၃၃၊ ဓမ္မဝိဟာရ၊လမ်း၊ ကျောက်မြောင်း၊ ရန်ကုန်။
ရှမ်းသံတော်ဆင့်မှ ယနေ့ ကိုထီးကွယ်လွန်ခြင်းနှင့်ပါတ်သက်၍ ဖေါ်ပြချက်များ
၁။ ရှမ်းသံတော်ဆင့်မှ ဖေါ်ပြခဲ့သော ကိုထီးကွယ်လွန်ကြာင်း စက်ရပ်သတင်း
၂။ Sai Htee Hseng: Singer who engaged in dialogue
ရေးသားသူ Ko Boyz at 9:34 PM 2 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Sunday, March 9, 2008
The Spiderwick Chronicles
ကင်မရာ အက်ဖက်နဲ့ အန်နီမေးရှင်းများကို သဘောကျလို့ သွားကြည့်လာတဲ့ ကားလေးတစ်ကားပါ...။
ဇာတ်လမ်းလေးကတော့ သမားရိုးကျ ဇာတ်လမ်းလေးတစ်ပုဒ်...။ နယူးယောက်မှာ လူနေမှုစရိတ် ကြီးမြင့်တော့ သားနှစ်ယောက် သမီးတစ်ယောက်နဲ့ တောရွာတစ်ရွာကို ပြောင်းလာတဲ့ မိသားစုတစ်စု အကြောင်းပေါ့...။ အငယ်ဆုံးသားလေးက အဖေတစ်အားချစ်တယ်...။ အခုပြောင်းလာရတာကို သူက မကြိုက်ချင်ဘူး...။ အိမ်က ရှေးဟောင်းအိမ်ဆန်ဆန်ဖြစ်နေတယ်..။ အိမ်ကလဲ သူတို့နဲ့ ခပ်ဝေးဝေး ဆွေမျိုးတစ်ယောက်ဆီကနေ အမွေရထားတာ...။ နေမယ့်သူမရှိတော့ အိမ်အိုကြီး ဖြစ်နေတာပေါ့...။
အငယ်လေးက သူ့အဖေ သူ့ကို ပြန်လာခေါ်မယ်ဆိုတာကို ပြောမဆုံး...။ သူ့အဖေနဲ့ ဖုန်းပြောဖြစ်တော့ အလုပ်မအားသေးလို့ ဂတိပေးထားတ့အတိုင်း နောက်နေ့မှာ မလာနိုင်ဘူးတဲ့...။ ကောင်လေး စိတ်ကောက်သွားတယ်...။ သူ့အမေနဲ့လဲ ရန်ဖြစ်တယ်...။ အဲဒါနဲ့ အိမ်မှာ စိတ်တိုတိုနဲ့ နံရံက အသံတွေ ကြားနေလို့ လိုက်ခေါက်တော့ နံရံ အပေါက်ကြီး ဖြစ်သွားတယ်...။ အဲဒါနဲ့ အိမ်ရဲ့ လျို့ဝှက်ချက်ကို သိသွားတယ်...။ ချိတ်ပိတ်ထားတဲ့ မဖတ်ရလို့ သတိပေးစာရေးထားတဲ့ စာအုပ်ကို ဖွင့်ဖတ်ရာက သဘာဝလွန် ဆန်းကြယ်များ ကြုံတွေ့လာရပါတယ်...။
အသက်အနရယ်ကိုပါ ထိခိုက်လာတဲ့ အခြေအထိ ဆိုက်လာတော့ ဘယ်လို ဖြေရှင်းမလဲ...။
ငွေရောင် ပိတ်ကားပေါ် ဆက်လက် ရှုစားကြပါရန်....။
ဒီနေ့ သွားကြည့်လာတဲ့ ကလေးကြိုက်ကားလေးတစ်ကားပါ...။
အန်နီမေးရှင်းများ သတိပြုမိလောက်အောင်ကို ကောင်းပါတယ်...။ နောက်ဆုံး စာတမ်းထိုးချိန်မှာ ကြည့်သူတွေ ထမသွားနိုင်တဲ့အထိအောင် ဆွဲဆောင်နိုင်တဲ့ အထူးပြုလုပ်ချက်များ ပါပါတယ်...။ မဆိုးပါဘူးလို့ ဆိုရမယ့် ကားလေးတစ်ကား ဖြစ်ပါကြောင်း...။
ရေးသားသူ Ko Boyz at 3:33 AM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Google Map မှ Function အသစ် ? ? Street Map
ဂူဂယ်လ်ကတော့ လုပ်ချလိုက်ပြန်ပြီဗျာ...။
ဟိုးအရင် ၄-၅ နှစ်လောက်တုန်းကဆို မြန်မာပြည်မှာ ကောင်းကင်မြေပုံကို တစ်ပုံ အမေရိကန်ဒေါ်လာ ၂၀၀၀ လောက် ပေးဝယ်နေရတယ်...။
ဟော ဗြုန်းဒိုင်းပဲ .. ဂူဂယ်မက်ပ် ဆိုပြီး ထုတ်ချလိုက်တာ.. တော်ရုံ အရေးမကြီးတဲ့ လုပ်ငန်းတွေမှာ ဂူဂယ်မက်ပ်က ရတာလေးနဲ့ အဆင်ပြေလို့...။
အခုလဲ လုပ်ချလိုက်ပြန်ပြီ...။ လမ်းပေါ်က မြေပုံတဲ့...။
လောလောဆယ်တော့ အမေရိကားတစ်ဝိုက်က လမ်းတွေရဲ့ ပုံတွေပဲ ရသေးတယ်...။
မဆိုးဘူးပဲ..။
သူတို့ လက်လှမ်းမှီသလောက် တင်ထားတဲ့ နေရာတစ်ဝိုက်ကို (အားလုံးနီးပါးထင်တယ်...။) ကလစ်တစ်ချက် ခေါက်ရုံနဲ့ ၃၆၀ဒီဂရီ မြင်ကွင်း ကြည့်နိုင်တယ်...။
အမေရိကား မရောက်ဖူးတဲ့ ကျွန်တော်တောင် ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်သေးတယ်...။
ကိုယ်မရောက်ဖူးတဲ့ နေရာကို အရင်ကြိုပြီး ရောက်နိုင်တာပေါ့...။
ကောင်းကွက် ရှိသလို ဆိုးကွက်တွေလဲ ရှိပါတယ်...။
စစ်တပ်နားတစ်ဝိုက်က ပုံတွေကို လုံခြုံရေးကြောင့် စစ်တပ်ရဲ့ တောင်းဆိုချက်အရ မြေပုံပေါ်က ဖယ်ရှားပေးလိုက်တယ်လို့ ဂူဂယ်က တာဝန်ရှိသူများက ပြောကြားပါတယ်...။
တစ်ကယ်ဆို အဲဒီနားတစ်ဝိုက်က ဂူဂယ်ကမတင်လဲ လူကိုယ်တိုင် သွားပြီး ဓါတ်ပုံရိုက်နိုင်တာပဲလို့ တစ်ချို့က အထွန့်တက်ကြတယ်...။
တစ်ချို့ကလဲ နိုင်ငံ့လုံခြုံရေးအတွက် ဖြုတ်သင့်တယ်လို့ ထောက်ခံကြတယ်...။
ဘာပဲပြောပြော တိုးတက်လာတဲ့ နည်းပညာရဲ့ ပြယုဂ်တစ်ခုပေါ့ဗျာ...။
အကျယ်ကို ဒီမှာ သွားကြည့်နိုင်ပါတယ်...။
စမ်းသုံးကြည့်မယ်ဆိုရင်တော့ ကော်နက်ရှင်ကောင်းသူများက ဂူဂယ်မက်ပ် http://maps.google.com ကိုဖွင့်ပါ။
မြောက်အမေရိကတိုက်မြေပုံ ပေါ်လာပါလိမ့်မယ်...။ ညာဘက်အပေါ်က မီနူးခလုတ်တွေမှာ Street View ဆိုတာ တွေ့ရပါလိမ့်မယ်...။ အဲဒါကို နှိပ်လိုက်ရင် သက်ဆိုင်ရာ မြေပုံတွေမှာ ကင်မရာပုံလေး ပေါ်လာပါလိမ့်မယ်...။ ကိုယ်ကြည့်ချင်တဲ့ နယ်မြေက ကင်မရာပုံပေါ်နေရင် အဲဒီကင်မရာကို နှိပ်လိုက်ပါ...။ အဲဒီနယ်က ပုံက ကြီးလာပြီး လမ်းမြေပုံတွေ ပေါ်လာပါလိမ့်မယ်...။ အဲဒီ လမ်းမြေပုံပေါ်မှာ အ၀ါရောင် လူပုံလေး ပေါ်လာတာ တွေ့ရပါလိမ့်မယ်...။ အဲဒီလူပုံလေးကို မောက်စ်နဲ့ Drag ဆွဲပြီး ကိုယ်ကြည့်ချင်တဲ့ မြေပုံပေါ်ကနေရာကို Drop လုပ်လိုက်ပါ...။ အဲဒီလမ်းနဲ့ ပါတ်သက်တဲ့ ဓါတ်ပုံပေါ်လာပါလိမ့်မယ်...။
အဲဒီလမ်းမြင်ကွင်းကို ဘေးပတ်ပတ်လည် ၃၆၀ ဒီဂရီချိုးပြီး ရှေ့နောက်ဝဲယာလဲ ကြည့်နိုင်ပါလိမ့်မယ်...။
အဆင်ပြေပါတယ်...။ စမ်းသုံးကြည့်လေ...။ ကြိုက်သွားမှာပါ...။ လောလောဆယ်တော့ အမေရိကားတစ်ဝိုက်က လမ်းတွေပဲ တွေ့ရသေးတယ်...။ နောက်များဆို မြန်မာပြည်က လမ်းတွေ မြေပုံ/ဓါတ်ပုံတွေပါ ပါချင်ပါလာမှာ...။ နေပြည်တော်က လမ်းတွေလဲ ပါလာမယ်ထင်တာပဲ..။ အဲဒီတော့မှ တစ်ချက် လမ်းသလား ကြည့်လိုက်ဦးမယ်...။ ခုတော့ ငှက်မျက်လုံးမြင်ကွင်းနဲ့ပဲ ကြည့်နိုင်သေးတယ်...။
ရေးသားသူ Ko Boyz at 12:39 AM 1 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Friday, March 7, 2008
Passport Extension ပါတ်စ်ပို့သက်တမ်းတိုးခြင်း။
ဒီတစ်ခေါက်တော့ ကြုံဖူးတဲ့ အတွေ့အကြုံလေးကို ပြောပြချင်ပါတယ်။ ဗဟုသုတလေး တိုးသွားအောင်ပေါ့။ အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါးလို့ ဘုရားဟော ၃၈ဖြာ မင်္ဂလာတရားတော်မှာတောင် ပါသေးတာပဲ...။
ကဲ..ကဲ..။ စလိုက်ရအောင်...။ အဖြစ်က မနှစ်ကနဲ့ မတူပါဘူး...။ ခြသေ့င်္တစ်ပိုင်း ငါးတစ်ပိုင်းကျွန်းကို ရောက်ရောက်ချင်း အလုပ်လုပ်ခွင့် ပါမစ်ကို သွားလျှောက်တော့ ကျလာတယ်...။ ၂နှစ်ပေးလိုက်ပါတယ်...။ (အဲ.. လက်ထဲမှာ ကိုင်ထားတဲ့ နိုင်ငံကူး လက်မှတ်က သက်တမ်းအားဖြင့် ၈လနဲ့ ၉လကြားပဲ ရှိပါတော့တယ်...။) အဲဒါနဲ့ အလုပ်သမားရုံးကို ၀မ်းသာအားရ သွားတော့တာပေါ့။ ဟိုရောက်တော့ အရာရှိက ၂နှစ်တုံးထုပေးမယ်လို့ လက်မြှောက်ပြီးခါမှ နိုင်ငံကူးစာအုပ်ကို သေချာ ပြန်ကြည့်ပြီး “ဟဲ့ မောင်ဘွိုင်း..။ မောင်ရင့် စာအုပ်က သက်တမ်း ၉ လပဲ ကျန်တော့တယ်...။ ဒါ့ကြောင့် အလုပ်လုပ်ခွင့် ကို ၈လပဲ ပေးနိုင်မယ်” ဆိုပြီး ၈ လအထိပဲ ပေးလိုက်တယ်...။ အဲဒါနဲ့ မောင်ဘွိုင်းဇ်ခများလဲ ထီပေါက်ပြီးတော့ ထီလက်မှတ် ပျောက်သလို ဖြစ်သွားတာပေါ့...။
လိုရင်းမရောက်သေးပါလား...။ ဒီလို..ဒီလို...။ ဖြစ်ချင်တော့ ရတဲ့အလုပ်က ဟိုဟိုဒီဒီ ခဏခဏ သွားရတဲ့ အလုပ်မျိုး ဖြစ်တာကလား...။ အလုပ်လုပ်ပြီး ၂ လလောက်ထိက ဘယ်သွားသွား ဘာမှ မဖြစ်ဘူး...။ အဲ... တစ်ခါသားမယ် ယိုးဒယားကို တစ်ခါ ထပ်ပြီး သွားဖို့ အကြောင်းဖန်လာတယ်...။ အဲဒါနဲ့ သူရို့ နိုင်ငံလေဆိပ်ကို ရောက်သွားတာပေါ့ဗျာ...။ အဲဒီမှာ ကိုယ်တော်ချော... အဲ..ကိုယ်တော်မချောလို့ ပြောရမလား... လ၀က အရာရှိမလေးက ရစ်ပါလေရော...။ (လ၀က ဆိုတာ လူတွေကို ရစ်စရာလို့ ထင်တဲ့လူတွေ အလုပ်လုပ်တဲ့ နေရာလား မသိ...။ ကြုံဖူးတဲ့ လ၀ကတိုင်း ရစ်သလားမမေးနဲ့...။ အထူးသဖြင့် ရဲရဲတောက် နီစွေးနေတဲ့ စာအုပ်လေးကို မြင်ရင်ပေါ့...။ ဤကား စကားချပ်)
စကားပြန်ဆက်ရရင်တော့ မရွှေချော မောင်ဘွိုင်းကို ရစ်ရတဲ့ အကြောင်းရင်းက စာအုပ်သက်တမ်း ၄ လပဲကျန်တော့လို့...။ ၄ လ ကျန်လို့ ရစ်တာ မဟုတ်ပဲ ဒုတိယံပိ သတိပေးရလို့တဲ့...။ မောင်ဘွိုင်းဇ် ဘူးလုံးနားမထွင်း ဖြစ်သွားတယ်...။ ဘာကို ဒုတိယံပိ တတိယံပိ ပြောတာတုန်းလို့...။ မရွှေချောက ပြန်ရှင်းပြတယ်...။ အရင်တစ်ခေါက်ကလဲ သက်တမ်း ၅ လ ပဲကျန်တာကို တစ်ခါလာပြီးညီ့...။ အခုလဲ သက်တမ်းမတိုးပဲ ထပ်ပြန်လာတယ်...။ နောက်တစ်ခါဆို ပေးဝင်ချင်မှ ပေးဝင်တော့မယ်တဲ့...။ ဟိုက်ယားမား...။ ဘယ့်နှယ် ဇွတ်ကောနေတာတုန်းလို့ သူရို့ ဘာသာစကားနဲ့ ပြန်မေးလိုက်မှ မရွှေချောက တင်းထားတဲ့ မျက်နှကို ပြန်ရှုံ့ ..အဲ.. အဲ ပြည်ကြည်လာပြီး... အသာတကြည် ပြန်ရှင်းပြတယ်...။ အရင်တစ်ခေါက်တုန်းက မောင်ဘွိုင်းလာတုန်းက သတိပေးတာလဲ သူပဲတဲ့ အခုလဲ သူနဲ့ပဲ ပြန်တိုးနေတာတဲ့...။ အဲဒါ သူက မောင်ဘွိုင်းကို မှတ်မှတ်ထင်ထင် ဖြစ်နေလို့ ပြန်ပြောရတာတဲ့...။ (ဟီဟိ..သူပြောမှ သတိထားမိတယ်...။ ပထမတစ်ခေါက်တုန်းက အဖြစ်အပျက်ကို .. နောက်များမှ အဲဒါ ပြရေးပြမယ်...။ )
သူရို့နိုင်ငံကို ၀င်လာတဲ့ နိုင်ငံခြားသားတိုင်း စာအုပ်သက်တမ်း ၆ လ အောက်ပဲ ရှိရင် ၀င်ခွင့်ပြုလေ့ မရှိတဲ့အကြောင်းပေါ့...။ ကျွန်တော်ကတော့ နှပ်ချေးလို သူတို့နိုင်ငံကို ၀င်ချည် ထွက်ချည် ဖြစ်နေတော့ ခွင့်ပြုတာ ဖြစ်ကြောင်း နောင်ကို ဒီလို မဖြစ်စေဖို့ သတိထားပြီး သက်တမ်းတိုးလာစေကြောင်း ဘာညာသာရကာ ရှင်းပြပြီးတော့ အ၀င်တုံး ထုပေးလိုက်ပါတယ်...။ အဲဒီတော့မှ မောင်ဘွိုင်းဇ်တစ်ယောက် စာအုပ်သက်တမ်းတို့ဖို့ သတိပြုမိသွားတာပေါ့...။
ဒီကို ပြန်ရောက်တော့ စာအုပ် သက်တမ်းတိုးမယ်ကြံတာပေါ့...။ ဒီတော့ သံရုံးကို အရင် သွားစုံစမ်းလိုက်တယ်...။ အစကတော့ ၀န်ထမ်းတွေကို ကိုယ်တိုင်သွားမေးမလို့ပါပဲ...။ ဒါပေမဲ့ ရုံးထဲတောင် မရောက်လိုက်ပါဘူး...။ အပြင်မှာ မိုးတိုးမတ်တတ် ရပ်နေသူတွေ တစ်ပုံကြီး တွေ့ရတယ်...။ ကိုယ်လဲ ရောရပ်လိုက်တာပေါ့...။ ရုံးထဲဘာလို့ မ၀င်တာလဲ...။ မ၀င်ချင်လို့လား.. ၀င်ခွင့်မရလို့လား.. ဘာလား..ညာလား ဆိုတာ ကိုယ်မှမသိတာ...။ ဒါနဲ့ ဘေးနားက တစ်ယောက်ကိုမေးတာပေါ့...။ ဘာညာသာရကာနဲ့...။ ဂျက်စီဂျိမ်းအကြောင်း သိသါားတာပေါ့...။
အဲဒါနဲ့ ရုံဲးဝင်ပြီး နည်းနည်းပါးပါး လေ့လာတာပေါ့...။ စရွက်စာတမ်းတွေ လိုအပ်တဲ့ ဟာတွေ ယူလာခဲ့ပါတယ်...။ အိမ်ရောက်တော့ ဖြည့်စရာရှိတာ ပြင်စရာ ရှိတာ ပြင် (သိတယ်မဟုတ်လား...။) အဲ .. ပြောရဦးမယ်...။ စာအုပ်သက်တမ်း တိုးချင်ရင် အခွန်ကို up to date ဆောင်ထားမှ တိုးပေးမယ်ဆိုတာကို ခိုင်လုံတဲ့ တရားမ၀င် သတင်းရပ်ကွက်က ရလာတယ်...။ (ခိုင်လုံတယ်ဆိုတာက သူကိုယ်တိုင် မနေ့တစ်နေ့ကမှပဲ ဆောင်လာတာလေ...။) ထူးထွေတည့် အံ့ရာသော်လို့ မညည်းပါနဲ့...။
အိပ်ရေးပျက်တဲ့ ညတစ်ည ဖြစ်ခဲ့သလို သူငယ်ချင်းများလဲ မအိပ်နိုင်တဲ့ ည...။ နောက်ပြီး ကာလာပရင်တာလေးလဲ မင်တော်တော်ကုန်ခဲ့တဲ့ည ဖြစ်သွားခဲ့တယ်...။မာစတာကဒ်တို့ NETS တို့ ခရဒ်ဒစ်ကဒ်တို့ လက်မခံပဲ ငွေသားချည်းပဲ လက်ခံတယ်ဆိုလို့ ငွေအထပ်လိုက် သွားထုတ်လာခဲ့ရတဲ့ညတစ်ညလဲ ဖြစ်ခဲ့တယ်...။
သူငယ်ချင်းတွေက မှာတယ်...။ တစ်ချို့ဆေးတွေက ခါးတယ်တဲ့...။ အဲဒါောကာင့် အချိုအုပ်ပြီး စားကြရတာတဲ့...။ ပေါက်တယ်နော်...။ နောက်တစ်ယောက်က ပြောတယ်...။ အများညီတော့ ဤကို ကျွဲ ဖတ်သင့် ဖတ်ရတာပေါ့တဲ့...။ မိုးရည်က သိပ်မခါးဘူးတဲ့...။ ငယ်ငယ်က ဆရာဝန် မိုးရည်ထိုးပေးတာ ခံဖူးတာပဲတဲ့...။ တစ်ချို့ကလဲ ဟိုလိုဒီလိုပေါ့လေ...။ တစ်ချို့ကလဲ စောစောထပြီး လျှောက်လွှာ သွားထပ်ဖို့ ပြောကြတယ်...။ အစံပါပဲလေ...။ အဲဒီလိုနဲ့ အိပ်၍မပျော်သော ညတစ်ည ကုန်ဆုံး လွန်မြောက်ပါစေကွယ် ဆိုတဲ့ သီချင်းလေး ညည်းခဲ့ရတာပေါ့ကွယ်...။
မနက်လင်းအားကြီးမှ အိပ်ပျော်သွားတယ်...။ သတိရလို့ နိုးလာတော့ နာရီပြန်တစ်ချက်တောင် ထိုးပါရော့လား...။ အဲဒါနဲ့ ကမန်းကတန်း ရေမိုးချိုး၊ ထမင်းကို ကသိုက်ကရိုက်စားပြီး အမ်အာတီစနေရှင်ကို တက်သုတ်ရိုက်ပြေးပြီး သံရုံးရှိရာ အောချတ်ကို သုတ်ခြေတင်လာခဲ့တာပေါ့...။ (ဖူး.... မောလိုက်တာ...။) သံရုံးလဲရောက်ရော ကိုယ့်ရှေ့မှာ တန်းစီနေတာ အရှည်ကြီးပဲ ...။ ဒါနဲ့ လိုအပ်တဲ့စာရွက်စာတမ်းများကို ကလစ်နဲ့ သေချာညှပ်ပြီး လက်ခဲ့တဲ့ နေရာမှာ တင်လိုက်တယ်...။ ဒီနေ့တော့ မိုးချုပ်မဲ့ညဆိုတာ သိလိုက်တာနဲ့ သူငယ်ချင်းကို ည ၇ နာရီလောက်မှ ပင်နီစာလားကို လာခဲ့ဖို့ ချိန်းလိုက်တယ်...။
ဖုန်းဆက်ပြီးတော့ ထိုင်စရာနေရာလေးလဲ ရတော့ ၀င်ထိုင်ရင်း ဘေးဘီကို လေ့လာာကည့်လိုက်တယ်...။ အရွယ်စုံပါပဲ...။ ကျောင်းသားတွေလဲ တွေ့ရတယ်...။ အိမ်ပြန်မှာမို့လို့ သံရုံးက ထောက်ခံစာ လာယူကြတလို့ သူတို့အချင်းချင်း ပြောသံတစ်စွန်းတစ်စ ကြားလိုက်ရတယ်...။ တစ်စွန်းတစ်စ မဟုတ်ပါဘူး...။ ကုလားသိုက် ကျားဝင်ကိုက်သလို၊ လက်ပံပင်ဇက်ရက်ကျသလို ဆူညံနေလို့ ရုံးထဲက လူတွေ အကုန်လုံး ကြားရတာပါပဲ...။ ဘေးနားက အစ်ကိုကြီးက စာအုပ်ပျောက်လို့ အသစ်လာလျှောက်တာတဲ့...။ နောက်တစ်ယောက်ကတော့ အခွန်မဆောင်တာ ကြာပြီဆိုပဲ...။ ၄ နှစ် ရှိပြီတဲ့...။ Work permit နဲ့ပဲ ရအောင် ဆောင်မယ်တဲ့...။ ငြင်းနေတာ တွေ့တယ်...။ တွက်ပြလိုက်တော့ ၄-၅ ထောင်လောက်တဲ့...။ ဘုရားရေ...။
စောင့်ရတာ နာရီဝက်လောက် ကြာသွားတယ်...။ အရှေ့ကလူတွေလဲ တော်တော်နဲ့ မပြီးနိုင်သေးဘူး...။ အယောက် ၅၀ ကျော် ကျန်သေးတယ်..။ ဒါနဲ့ အောချတ်ဘက် ခဏ လျှောက်ဖို့ အကြံရတာနဲ့... ထွက်ဖို့ ပြင်လိုက်တယ်...။ အဲဒီအချိန်မှာ ရှေကြွက်စီကြွက်စီနဲ့ ရှေ့က ကျောင်းသူတေါကို ခေါ်လို့ ထသွားတာတွေ့လိုက်တယ်...။ တစ်ဆက်တည်း မောင်ဘွိုင်းနာမည်ကို ခေါ်သံ ကြားလိုက်တယ်...။ အဲ.. ဘယ်လိုပါလိမ့်...။ ဘေးနားက အစ်ကိုကြီးက ကျောင်းသားတွေ ဦးစားပေး လုပ်ပေးနေတာတဲ့...။ ကိုယ်နဲ့ ဘာဆိုင်လို့လဲ...။ နေပေါ့..ခေါ်တော့လဲ သွားတာပေါ့...။ ရှေ့က ကျောင်းသူများတစ်သိုက် ကိတ်စပြီးတာနဲ့ ကိုယ့်အလှည့်ရောက်လာတော့ ကောင်တာရှေ့သာံးလိုက်တာပေါ့...။ ကောင်တာရှေ့နားက အန်တီက မောင်ဘွိုင်းလျှောက်လွာကိုလဲ ကြည့်ရော .. အဲ.. မှာသွားပြီ. မောင်ရင်က ကျောင်းသားမှ မဟုတ်တာတဲ့... ခုနက မောင်ရင် လျှောက်လွှာလာတင်တော့ ကျောင်းသားမှတ်ပြီးတော့ ခေါ်လိုက်တာတဲ့...။ ဒီတော့ နောက်မှ လာလိုက်.. ဆိုပြီး လျှောက်လွှာကို ပြန်ထိုးမယ်ကြံတော့ မောင်ဘွိုင်းလဲ အန်တီရယ်... ခေါ်မှတော့ မထူးပါဘူး ဘာညာနဲ့ ပြောလိုက်တော့ ခပ်မြန်မြန်ပဲ အလုပ်က ပြီးသွားပါတယ်...။ အဲဒါနဲ့ သံရုံးရောက်ပြီး တစ်နာရိမကြာဘူး စာအုပ်သက်တမ်း တိုးပြီးသွားပါတယ်။
(တော်ပြီ.. အိပ်ချင်သွားပြီ... ကွန်ကလူးရှင်း ချတော့မယ်...။ )
အဓိက လိုက်နာရန်။ ။
၁။ Passpost ကော်ပီ ကူးထားပါ။
၂။ အလုပ်ခန့်စာ ကို ကော်ပီကူးပါ။
၃။ ငွေသားသာ လက်ခံသည်။
၎။ မနက်စောစော သွားပါ။
၅။ မိမိနှင်း သက်ဆိုင်သော လျှောက်လွှာကိုသာ ရွေးချယ် ဖြည့်စွက်ပါ။
(သက်တမ်းတိုး (အခွန်ဆောင်ရန်ပါ တစ်ပါတည်းပါ)၊ ကျောင်းသား ထောက်ခံစာ၊ အလုပ်မလုပ်ကြောင်း မှီခို ထောက်ခံစာ၊ စာအုပ်ပျောက် ထောက်ခံစာ၊ ကလေးမွေး ထောက်ခံစာ၊ အခွန်ဆောင်ပါမည့်အကြောင်း ထောက်ခံစာ) အဲဒီအထဲက ကိုယ်နဲ့ဆိုင်တာကိုပဲ ယူပါ။
*၆။ အခွန်ဆောင်မယ်ကြံရင် သံမှူးထံကို မိမိအခွန်ဆောင်ချင်သည့်အတွက် လက်ခံပေးပါမည့်အကြောင်း လျှောက်ထားရတဲ့ လျှောက်လွှာ :O
အဲဒါတွေ လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ကြားသိမြင်တွေ ထိသိခဲ့ရတာတွေ ပြန်လည် မျှဝေပေးလိုက်ရပါတယ်...။
ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ...။
ဗျာ...။ အော်... ဟိုဟာလား... ဖုန်းဆက်မေးပေါ့ဗျာ... သိသားနဲ့...။ ဟွန့်
ရေးသားသူ Ko Boyz at 9:38 PM 7 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Tuesday, March 4, 2008
Mercury Day for me
ဒီနေ့တော့ ဘွိုင်းဇ်တို့အတွက် င်္ပြံဒါးနေ့ပါပဲ...။ ကိုယ်ဆိုလိုချင်တာကို အဓိပါယ်လွဲမှားစွာ ကောက်ယူမှုကြောင့် နားလည်မှုတွေ လွဲမှားတာတွေနဲ့ ကြုံနေရတယ်...။ ပေါ်ပေါ်ထင်ထင် ပြောလို့ မရတဲ့ အဖြစ်မျိုးဆိုတော့လဲ အခက်သားဗျာ...။ တော်ပြီဗျာ...။ နောက်ဆို ကမ်ဘာကြီးပဲ ပျက်နေနေ ပြောတော့ဘူးလို့ တေးလိုက်တယ်...။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းတာမှ ချီးမွမ်းခံရဦးမယ် ထင်တာပဲ...။ အဲဒါကြောင့် ဒီနေ့ကို Mercury Day လို့ ပြောတာပေါ့...။ ဒုက္ခ...။
ရေးသားသူ Ko Boyz at 6:12 PM 4 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Mercury, Unlucky Day
Monday, March 3, 2008
လက္ခဏာကို ယုံကြလား...။ Palmistry
ဗေဒင်ဆရာများ၊ လက္ခဏာ ဆရာများ ဟောတာ ကြားဖူး၏။ လက်ဖ၀ါးအလယ်ရှိ ညဏလေခဟုခေါ်သော လမ်းကြောင်း အဆုံးမှ ခွဲထွက်လာသော လမ်းကြောင်းသည် ရှိခဲ့အံ့...။ ထိုလမ်းကြောင်းသည် ကော့တက်သွားပြီး ဟဒယလေခဟု ခေါ်ဆိုအပ်သော နှလုံး လမ်းကြောင်းကို သွားထောက်ခဲ့သည် ရှိအံ့...။ အကြင်သူသည် ဦးခေါင်းပိုင်း၏ အတွင်းသော်လည်းကောင်း၊ အပြင်သော်လည်းကောင်း ထိခိုက်ဒဏ်ရာရအံ့ ဟု ဆို၏။ အပြင်ဒဏ်ဟု ဆိုရာဝယ်... လက်နက်တစ်ခုခုဖြင့် သွေးထွက်ဒဏ်ယို ဖြစ်ကာ ဦးခေါင်းပေါက်ပြဲဒဏ်ရာရခြင်းကို ဆိုရာ၏။ အတွင်းဒဏ်ဟု ဆိုရာသည်ကား ဦးဏှောက်တွင်း အကျိတ်ရှိသည်သော်လည်းကောင်း၊ ဦးဏှောက်တွင် ထိခိုက်ဒဏ်ရာရသဖြင့် ကိုမာဟုခေါ်ဆိုအပ်သော ရက်ရှည်လများ သတိလစ်ခြင်းသည် လည်းကောင်း ၊ အတိတ်မေ့ရောဂါသည် လည်းကောင်း၊ ရူးသွပ်ခြင်းသည် လည်းကောင်း ခေါ်ဆိုရာ၏။ ၄င်းအဆိုရှိသည့် ဘုတ်အုပ်များကို ဖတ်ရှုမိပြီး သကာလ အကျွန်ုပ်သည် မိမိ၏ လက်ဝါးပြင်ပေါ်မှ အရေးအကြောင်းကို ဆန်းစစ်မိသည် ရှိသော် ထိုကဲ့သို့သော အခြင်းအရာများ တည်ရှိနေသည်ကို ထိတ်လန့်ဖွယ်ရာ တွှေမြင်လေ၏။ သို့ရာတွင် အကျွန်ုပ်၏ ဘ၀တစ်လျှောက်တွင် ငယ်စဉ်မှ ယခုအထိ မှတ်မိသမျှ ဆိုရသော် မည်သည့် ဦးခေါင်းဒဏ်ရာမျှ မဖြစ်ခဲ့သည်ကို တွေ့မြင်ရ၏။ အချိန်မတန်သေးသဖြင့်လော...။ သို့တည်းမဟုတ်... လက္ခဏာဆရာများ မှားယွင်းသဖြင့်လော စသည်... စသည်...။ သို့သော် ကျွန်ုပ် စကားကို အကုန်မဆိုရဲပါ...။ အဘယ့်ကြောင့်ဆိုသော် အကျွန်ုပ်သည် လူ့သက်တမ်း၏ လေးပုံတစ်ပုံ ကျော်ကျော်ကိုသာ ဖြတ်သန်းရသေးသဖြင့်သာ...။ ကျန်ဘ၀သက်တမ်း တစ်လျှောက် မည်သို့ ဖြစ်မည် မသိ....။
၁။ သူရူးတော့ အဖြစ်မခံနိုင်...။ ကလေးများ အဂါရ၀ ဖြစ်ခြင်းကိုခံရ၏။ အပေါင်းအသင်းများ ဖဲကြဉ်ခြင်းကို ခံရ၏။ (အကျွန်ုပ်က အပေါင်းအသင်းကို ခုံမင်သည် မဟုတ်ပါလား...။) သို့သော် သူရူးများ လုပ်ချင်ရာလုပ်တာကိုတော့ ပတ်ဝန်းကျင်က တော်ရုံဆို သည်းညည်းခံပေးတတ်၏။ ဒါလည်း ကောင်းတာပဲ...။ လုပ်ချင်ရာလုပ်လို့ ရသည်...။ သို့သော် လူကောင်းကဲ့သို့တော့ အကျိုး ခံစားခွင့် မရှိပါချေ...။
၂။ ဦးဏှောက်မှာ အကျိတ်တွေ ပေါက်ပြီဆိုလျင်တော့ ခံရသည်...။ ခေါင်းကိုက်ခေါင်းခဲ ဝေဒနာတွေ...။ အခန့်မသင့်လျင် ထိုအကျိတ်သည် ကြီးထွားလာပြီး မျက်ကြောကို ဖိမိကာ မျက်စိကွယ်နိုင်သည်...။ ခွဲစိတ်မှုတွေ လုပ်ရမည်...။ ဒင်္ဂါး အသပြာတွေ သောက်သောက်လဲ ကုန်မည်...။ မနိပ်ချေ...။
၃။ ကိုမာရပြီး ရက်ရှည်လများစွာ သတိလစ်ခဲ့ရင်ကော ...။ သေသွားပြီး အသစ်ပြန်မွေးတာမှ ကောင်းဦးမည်...။ တစ်လောက ဆဲဗင်းဒေး ဂျာနယ်တွင် ဖတ်လိုက်ရ၏။ အမေရိကားက ကိုမာ ဝေဒနာရှင် တစ်ယောက် ၈ နှစ်လောက် မေ့မျော နေရာမှ ပြန်သတိလည်လာခြင်း...။ သူ့အတွက် အရာအားလုံးက ပြောင်းလဲနေ၏။ နိုင်ငံတော် အကြီးအကဲက သူမမေ့ခင်က ဘီလ်ကလင်တန်တဲ့...။ အခုတော့ ဂျော့ခ်ျဒဗလျူဘုရှ်...။ အရင်က သူကြိုက်တတ်ခဲ့သော အစားအစာကို တောင်းတတော့ အဆိုပါ အစားအစာကို ထုတ်လုပ်သည့် ကုမ္တဏီ ပြုတ်သွားပြီ...။ သူချော့မြူချီပိုးခဲ့သည့် သူ့သားလေးက ကျောင်းသို့ပင် တစ်ယောက်ထဲသွားချေပြီ...။ ဒါမျိုးဆိုလဲ မကောင်း....။
၎။ထိပ်ပေါက်ခေါင်းကွဲဖြစ်ရုံ ဆိုလျင်ကော...။ မဆိုး...။အနာခံရရုံက လွဲပြီး ကျန်တာ ကောင်းသည်...။ ဒါပေမဲ့ အမာရွတ် မကျန်ခဲ့ဖို့တော့ လိုသည်...။ နို့မို့ ခေါင်းမှာ အကွက်ကြီးနှင့်...။ ကြည့်ရ ရုပ်ဆိုးသည်...။ ဦးထုပ်ကြီးပဲ ဆောင်းနေရပြီး ဒက်တွေ ပွေးတွေ ဘောက်တွေ ပေါက်နိုင်သည်...။
၅။ အတိတ်မေ့ရောဂါ ဆိုလျင်ကော...။ အင်း...။ ဒါတော့ ခပ်ကောင်းကောင်း...။ ကြွေးရှင်တွေကို ရှောင်လို့ရသည်...။ သိစိတ်ကသာ ကိုယ့်ဘ၀ကို မေ့နေတာ...။ မသိစိတ်က ကိုယ်တတ်ကွမ်းထားသည့် ပညာရပ်ကို မမေ့အောင်တော့ လုပ်ထားပေးသည်...။ အတိတ်မေ့ရောဂါ ရသူသည် မမေ့စဉ်ကအတိုင်း အရေးကြုံလာလျင် ကားမောင်းလို့ရသည်...။ ကွန်ပျူတာ ရိုက်တတ်သည်...။ ဘာသာခြားစာတွေ ဖတ်တတ်သည်...။ ပုဂံဖိုရမ်ကိုတော့ မေ့မမေ့ အတတ် မပြောနိုင်ချေ...။ ဖတ်ဖူး၊ မြင်ဖူး၊ ကြည့်ခဲ့ဖူးသမျှ ၀တ်ထု၊ ရုပ်ရှင် ၊ အဖြစ်အပျက်တွေထဲတွင် အင်တာနက်အကြောင်း၊ ပုဂံဖိုရမ်အကြောင်းတွေ မပါ...။ ချက်တင်းအကြောင်းမပါ...။ အန်....။ ဒါဆိုမကောင်း...။ မချက်ရရင် ပျင်းသည်...။ ဖိုရမ်ထဲ ပေါက်တတ်ကရ မရေးရလျင် မနေနိုင်....။ (ဒါကို ဂျပန်ပြန် ဘုကန့်လန့် လူ့ဂွစာ ဟိုကောင်မလေး တစ်ယောက် ဖတ်မိလျှင် ဖိုရမ်ဆိုတာ ပေါက်တတ်ကရ ရေးဖို့ နေရာလား ဟု မေးခွန်းထုတ်ဦးမည်လား မပြောတတ်...။ ဟီး...။) အင်တာနက်ထဲက ဟိုဆိုဒ်တွေ ၊ ဒီဆိုဒ်တွေ မကြည့်ရရင် မနေနိုင်...။ (အက်ဒျူကေးရှင်းနယ်ဆိုဒ်များ၊ တက်ကနိုလော်ဂျီ ဆိုဒ်များ ပြောပါတယ်...။ ကိုယ်တော်ချောများ အတွေး မချော်စေလိုပါ...။ဟိုဟာတွေက ပုဂံက ဘဲန်းထားပြီးသား...။ ဘာလဲ... ကျန်သေးတယ်လို့ ပြောမလို့လား...။ ရှူးတိုးတိုး...။ မသိချင်ယောင်ဆောင်နေတာ...။ နို့မို့ ပုဂံက ဘဲန်းသွားဦးမယ်...။) ရေးရင်းနဲ့ ဘေးထွက်ဘောတွေ ဖြစ်သွားသည်...။ မဆိုင်တာတွေ ရောက်သွားသည်...။ ပြန်တည့်လိုက်ရဦးမည်...။ လူကြီးမင်းတို့ရော...။ မိမိတို့ လက်ဖ၀ါးကို စစ်ဆေး ကြည့်ရှုလိုက်ပါ...။ အဆိုပါ အရေးအကြောင်းများ ပါရှိပြီး ရွေးချယ်ခွင့်လည်း ရခဲ့မည် ဆိုပါက အထက်ပါ အဖြစ်အပျက်များထဲတွင် မည်သည့် အဖြစ်အပျက်ကို ရွေးချယ်မည်နည်း...။
ရေးသားသူ Ko Boyz at 9:40 PM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Hand,ုPalmistry
Sunday, March 2, 2008
ဂီတာတီးနည်း သင်ပေးရန် ပူဆာခဲ့သော ညီမလေးတစ်ယောက်သို့...။
သူစန္ဒရားတစ်လုံးကို အမှန်တကယ် လိုချင်ခဲ့ပါသည်..။
မှတ်မှတ်ရရ သူငယ်ငယ်က ဦးလေးတို့ အပျော်တမ်း တီးခဲ့သော တီးဝိုင်းမှ အီလက်ထရောနစ်ပီယာနို (သို့) အော်ဂင်တစ်လုံးကို စတင် တွေ့ရှိခဲ့ရာမှ ပီယာနိုတီးတတ်ချင်သော ရောဂါပိုး စတင်ခဲ့ခြင်းဖြစ်ပေမည်...။
ထိုစဉ်အခါက မိမိ၏ သေးငယ်သော လက်ချောင်းလေးများဖြင့် အသာအယာတို့ထိလိုက်လျင် အသံလွင်လွင်ကလေးများ ထွက်ပေါ်လာသော အော်ဂင်ပေါ်မှ ခလုတ်ဖြူဖြူ နှင့် ခလုတ်အနက်များကို သဘောကျသည်မှာ အိပ်မက်ထဲ ထည့်၍ မက်ခဲ့သည်အထိပင်..။
အသက်အရွယ်ကလေး ရလာသောအခါ အပေါင်းအသင်း စုံလာတော့ ဂီတာကို ကြုံရပြန်၏။
သူက ဟော်လိုဂီတာလေး..။
စတီးကြိုးလေးကနှစ်ကြိုး.. နောက်အဲဒီ စတီးကြိုးကိုပဲ ကွိုင်ပတ်သကဲ့သို့ ပြန်ပတ်ထားသောကြိုးက လေးကြိုး ပေါင်းခြောက်ကြိုး.. တပ်ထားသည်..။ တစ်ချို့က ပိုးကြိုးတပ်ကြသည်..။ နိုင်ငံခြားဖြစ်ပေါ့လေ..။ တစ်ချို့ မတတ်နိုင်ကြသူများတော့လည်း ပြည်တွင်းဖြစ်လေးများဖြင့် စခန်းသွားကြသည်။ တိုက်နှစ်လုံး၊ ဂစ်တာကမ္ဘာ၊ ခိုင်မာ၊ ကျင်စု၊ စသဖြင့်.. အလုပ်ဖြစ်ခဲ့ကြသည်..။
ထိုမှတစ်ဖန် မယ်မြန်မာ ကိုယ်လုံးကိုယ်ပေါက်နှင့် အလားသဏ္ဍန်တူသည့် အခေါင်းပေါက်ပါသော သစ်သားကိုယ်ထည်နှင့်ဂီတာ..။ သစ်သားကိုစပ်၍ ကပ်သည့် ကိုယ်ထည်နှင့်ဂီတာ စသဖြင့် ရှိသကဲ့သို့ သစ်ပင်၏ ပင်စည်ကို ထွင်းထားသည့် ထွင်းအိုးဆိုတာလည်း ရှိသည်..။ ထွင်းအိုးက ပို၍ ဈေးကြီးသည် ဆိုပဲ..။
ဂစ်တာအိုးမှာတော့ စစ်ကိုင်းအိုးက နာမည်ကြီးသည်..။ သူရို့က ဂစ်တာတစ်လုံးထွင်းပြီဆိုမှဖြင့် စိတ်ရှည်လက်ရှည် ရှိတတ်ကြသည်...။ သုံးတဲ့သစ်က အမျိုးမျိုးရှိသည်။ ဂစ်တာကောင်းတစ်လက်ရဖို့ သစ်မျိုးကောင်းကောင်းကို သူတို့ စိတ်ရှည်လက်ရှည် ရှာဖွေတတ်သည်..။ ရလာပြီဆို သူတို့ ချက်ချင်း မထွင်းသေး..။ အသားသေအောင် သေချာစွာ နေ ရောင်ပြသည်..။
စိတ်ကြိုက် အခြေအနေသို့ရောက်ပြီဆိုမှဖြင့် အလုပ်စတင်သည်..။ ရိုးရိုး ဂစ်တာကိုယ်ထည်လား..။ အ၀ိုက်လား..။ ဖန်တီးသူ စိတ်ကြိုက် ဆင်သော ကိုယ်ည်ရှိသလို အော်ဒါမှာသူ စိတ်ကြိုက်ပုံစံ ကို ထွင်းထားသည့် ဂီတာလဲ ရှိသည်..။ ရိုးရိုးပုံကတော့ သမားရိုးကျ မြင်နေရတဲ့ ၀ ကိုလုံးကြီးတင်ထားတဲ့ ပုံစံပေါ့..။ အ၀ိုက်ဆိုတာကတော့ အဆိုပါလုံးကြီးတင်ရဲ့ ညာာဘက်ခြမ်းကို အတွင်းဘက်သို့ ပြန်ဝိုက်ထားခြင်းဖြစ်သည်..။
တစ်ချို့ဂီင်္တာတီးသူတွေက စတိုင်ဖြင့် တီးချင်ကြသည်..။ ညာပေါင်ပေါ်ကို ဘယ်ပေါင်ချိတ်င်္ပြီးတော့ပေါ့..။ အဲဒီတာ့ ရိုးရိုး ၀ိ ရှီတ် ဂီတာတွေကနေရာမကျ.. သူတို့ ဘယ်ပေါင်ကို လွတ်လွတ်ကင်းကင်း ချိတ်နိုင်အောင်အဆိုပါ ၀ိ ကို အတွင်းဘက် ပြန်ဝိုက်ပေးဖြင်းဖြင့် သူတို့လဲ စတိုင်ကျသွားလေသည်...။ ဒါက ကိုယ်ထည်အပိုင်း..။
ကဲ.. ကီးဆိုတာလေး လာပြန်ရော..။
ကီးဆိုတာက ဂီတာကြိုးလေးတွေကို အလျှော့အတင်း လုပ်ပေးတဲ့ ကြိုးထိန်း ကိရိယာလေးတစ်ခုဖြစ်သည်...။ သူ့ပုံစံကတော့ ၀က်အူရစ်နတ်ကို လှည့်၍ရသော ခလုတ်လေး တပ်ထားတာနှင့် တူသည်..။ အဆိုပါ ၀က်အူရစ်၏ ထိပ်ပိုင်းကို ပင်နယံလေး၏ ခွေးသွားစိတ်နှင့် ထောင့်မှန်ကျကျ ချိတ်ထးသည်..။ ခလုတ်လေးလှည့်လိုက်ချင် ပင်နယံလေး လည်သွားမည်..။ ထိုအခါ ပင်နယံဗဟိုနှင့် တပ်ထားသော ဂီတာကြီုး သွင်းထားသည့် တိုင်ကလေးက လိုက်လှည့်လာမည်...။ မိမိသွင်းလိုက်သော အစီအစဉ်အတိုင်း ကြိုးက တင်းသွားမည်..။ သို့လျော့သွားမည်..။ မိမိချိန်ညိလိုသော ကီးသို့ ရောက်အောင်ချိန်ညှိရုံပင်..။
နိုင်ငံခြားမှလာသော ဈေးကြီး၊ အရည်အသွေးကောင်းကီးများ (ဂျပန်၊ အမေရိကားစသည်) ရှိသကဲ့သို့ ဈေးသက်သာသော ချိုင်းနားကီးများ ၊ ပြည်တွင်းဖြစ် ကီးများလည်း ရှိသည်..။
ကီးနားမှာ Nut လို့ခေါ်တဲ့မေးတင်ခုံလေး တစ်ခု ရှိသည်..။ သူ့ကို မြောင်းလေး ၆မြောင်းဖြင့် ပုံဖေါ်ထားသည်..။ ဂီတာကြိုး ၆ ချောင်းသည် အဆိုပါ မြောင်းလေးမှတစ်ဆင့် ကီးသို့ သွားပတ်ထားခြင်းဖြစ်သည်။ ထို့နောက် ဘားဟုခေါ်သော နေရာကလေးများ၊ ကော့ဒ်များ စသည်တို့ ကိုင်တွယ်ရန်အတွက် Neck ဟုခေါ်သော ဂီတာလည်တံတစ်ခု ရှိလေသည်..။ အဆိုပါ လည်တံသည် ကိုယ်ထည်သို့ ဆက်ထားသည်..။ လည်တံကို ဂီတာ၏ ကိုယ်ထည် အပေါ်မူတည်၍ အလုံး အကြီးအသေး ကွာခြားလေ့ ရှိသည်..။
ဂီတာကိုယ်ထည်ပေါ်တွင် အသံများ ဟိန်းစေရန်၊ ပို၍ ကျယ်စေရန်၊ လွင်စေရန် အခေါးင်းများထွင်းထားကာ အပေါက်ဝိုင်း တစ်ပေါက် ထားလေ့ ရှိသည်...။ အချို့ဂီတာသမားများသည် အဆိုပါ အခေါင်းပေါက်အတွင်းသို့ ဂီတာကြိုး အပိုများ ထည့်သွင်းထားတတ်သည်...။ တီးနေစဉ် ကြိုးပြတ်တောက်သွားပါက အဆင်သင့် ပြန်လည်လဲလှယ် တပ်ဆင်နိုင်ရန် ဖြစ်သည်..။
အဆိုပါအခေါင်းပေါက်ဘေးတွင် ဂီတာကြိုး စတင်တပ်ဆင်သော ကြိုးတပ်ခုံတစ်ခုပါရှိသည်..။ ဂီတာကြီးကို သက်ဆိုင်ရာ အပေါက်များမှ တစ်ဆင့်ကြိုးစသွင်း၍ တစ်ဘက်သို့ ဆွဲထုတ်ကာ မေးတင်ခုံမှတစ်ဆင့် ကီးပေါက်များအတွင်း ထည့်သွင်း တပ်ဆင်နိုင်ပြီး ကီးခလုတ်များမှတစ်ဆင့် ချိန်ညှိခြင်းဖြင့် ဂီတာတစ်လုံး အဆင်သင့် တီးနိုင်လေသည်...။
ဂီတာအမျိုးအစားများတွင် ယာမဟာနှင့် ဂျစ်ပ်ဆင် တ့ဆိပ် ဂီတာများသည် နာမည်ကျော်ကြား လူသိများသကဲ့သို့ အရည်အသွေးလည်း ကောင်းသည်..။ ပြည်တွင်းဖြစ်များတွင် မောင်မော်၊ တိုက်နှစ်လုံး။ ဂစ်တာကမ္ဘာ၊ ခိုင်မာ စသည်တို့လည်း အသုံးများကြသည်..။
ယခုအခါ ဂစ်တာများသည် ဟော်လိုဂစ်တာ၊ အီလက်ထရစ်ဂီတာ၊ ဆောလစ်ဂီတာ စသဖြင့်အမျိုးမျိုး ပေါ်ပေါက်လာပြီ ဖြစ်သည်..။ သာမာန် ခြောက်ကြိုးသာတပ်ထားသော ဂီတာရှိသကဲ့သို့ ရှစ်ကြိုးတပ်ဂီတာများလည်း ပေါ်ပေက်လာပြီဖြစ်သည်..။
၎င်းအပြင် ဘေ့စ်ချည်းသာ တီးခတ်သော လေးကြိုးတပ် ဘေ့စ်ဂီတာ၊ လစ်ဒ်များသာတီးခတ်နိုင်သော လိဒ်ဂီတာ စသဖြင့် ဂီတာ အမျိုး ပေါ်ထွက်လာပါပြီ..။
အိုင်စီတီးဝိုင်း၁၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပသော အိုင်စီအကော့စ်တစ် ရှိုး၌ ချစ်စမ်းမောင် တီးပြသော ကိုယ်ထည်မပါပဲ လက်ကိုင်သာပါသော ဂီတာမှာ နောက်ဆုံးပေါ် နည်းပညာများထဲမှ လက်ရာ တစ်ခုပင် ဖြစ်သည်..။ ကာလတန်ဖိုး သုံးသိန်းကျော်သည်ဟု သိရသည်..။
စာကြွင်း။ ။ ဂီတာသင်ပေးရန် တစ်ဖွဖွ ပူဆာနေသော၊ နှစ်ဦးစလုံး အားလပ်ချိန်များ မတိုက်ဆိုင်နိုင်သော ဂီတာတီးနည်း သင်ယူချင်သော ညီမလေးတစ်ယာက်သို့ ရည်ညွှန်း၍ ဤဆောင်းပါးကို ရေးသားပါသည်..။
ရေးသားသူ Ko Boyz at 5:00 PM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
ကျေးဇူး အခါတစ်သိန်း...
ကျွန်တော့်ဘလော့ဂ်ကို လာလည်တဲ့အတွက် ကျေးဇူးအခါ တစ်သိန်း တင်ရှိပါကြောင်း အောက်ပါ ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင်ထားလိုပါကြောင်း....။
Thank You!!
ရေးသားသူ Ko Boyz at 12:42 AM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: A Thousand Thanks, Thank You
Myanmar Lady Kiss Cobra 3 Times !!!
စိတ်ဝင်စားဖို့ကောင်းပါတယ်...။ အန်နီးမေးလ်ပလဲန်းနက်အတွက် လွန်ခဲ့သော ရှေးနှစ်ပေါင်း ၅၀ လောက်က မြန်မာပြည်မှာ သွားရောက်ရိုက်ကူးလာခဲ့တဲ့ ရှေးဟောင်းမှတ်တမ်းကားပါ။ မြန်မာအမျိုးသမီးတစ်ဦး မြွေဟောက်တစ်ကောင်ကို ၃ ခါတိတိ နမ်းပြတဲ့ အကြောင်းကို မှတ်တမ်းတင်ထားတာပါ...။ သဲထိတ်ရင်ဖိုပါပဲ...။
Myanmar Woman Kissing A Snake - Funny home videos are a click away
ဆုန်ဆန်ဆီ ကုန်ပြန်ပြီ.. သုံညငါးလေ..ကုန်မှ နားအေး...။
လာနော်...။ မယုံမရှိနဲ့...။ ဒီတစ်ပါတ် ၄ ဂဏန်းမြူးတယ်...။ ဟိုကိုယ်တော်ကတော့ ဆေးလိပ်ကို ပြောင်းပြန်သောက်ပြတယ်...။ ဆေး က ၃၊ လိပ် က ၅ ၊ ပြောင်းပြန်သောက်တာ ဆိုတော့ ၅၃ ...။ ဒီတစ်ပါတ် ၄ ထိပ်စီးပါမယ်...။ ၃၊ ၅ ဒါမှ မဟုတ် ၅၊ ၃ အတွဲနဲ့ ထွက်လိမ့်မယ်...။ မောလိုက်တာ ... ကာဖီရေလေး သောက်လိုက်ဦးမှ...။
ဒီမှာ ကြည့်ပြီးမှ အောက်က စာကို ဖတ်ပါ...။
နောက်ခံစကားပြော။ ။
သူကိုယ်တိုင် ပေါက်ဂဏန်းကို သိမှဖြင့် ဒီလို လာထိုင်ပြီးတော့ ဂဏန်းလာ ဖေါ်နေတော့မှာလား...။ ပုဇွန်ပဲ ဖေါ်တော့မှာပေါ့...။ အဲလေ...။ စဉ်းစဉ်းစာစားလေးလဲ လုပ်ကြပါဦး... ငါ့လူတို့ရာ...။
ရေးသားသူ Ko Boyz at 12:33 AM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
တို့လဲလိုက်မယ်၊ချန်မထားနဲ့(သို့)ချစ်ခြင်းကို မခွဲပါနဲ့
ဘာမဟုတ်တဲ့ လူတွေရဲ့ တွက်ကပ်မှုကြောင့် တို့နှစ်ယောက် သေကွဲ ကွဲရတယ်...။ အို... ကိုယ့်လက်တွဲဖော် ကြင်သူမရှိတဲ့ ဒီလောကမှာ ကိုယ်လဲ မနေတော့ဘူး...။ အောက်ချင်းငှက်ထုံး နှလုံးမူပြီးတော့ကွယ်... ချစ်သူနဲ့ သေပွဲကို ပျော်ပျော်ကြီး နွဲလိုက်မယ်...။ ကိုင်း... ပြောနေကြာတယ်...။ လာလေရော့ အင့်...။
ရေးသားသူ Ko Boyz at 12:30 AM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
အစာဝတော့ ဌာန မပြန်ဘူး...။ ဟင့်...။
အစာဝလို့ ဌာနကို ပြန်လိုတဲ့ ငှက်... တဲ့ ...။ ကိုထီး ဆိုတာ တော်တော်ကြိုက်ခ့တြယ်...။ အများအားဖြင့် ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးများကိုသာ ပြေးမြင်လေ့ ရှိကြပါတယ်...။ အခုပြမှာကတော့ အားနွဲ့တဲ့ ယောက်ျားသားတွေပါဗျာ...။
အဟင့်... ရှင်တို့က လိုဘ့ပြည့်တော့ အစာဝတော့ ဌာနကို ပြန်တာ မဟုတ်ဖူး...။ ဒီမှာ ကြည့်ပါဦး... ရှဥ့်ကြီးတို့... ရှဥ့်ကလေးတို့ရဲ့...။
ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့... သမုဒ်သရာရေကို ကုန်အောင် တောက်..အဲ.. သောက်ပြမယ်.. ဓူဝံကြယ်ကို တောင်ဘက် ရွှေ့ပြမယ်... မြင်းမိုရ်တောင်ကို ဖြိုပြမယ်... ကင်းကောင်ကို ဒူးယားတိုက်မယ်... အဲအဲ.. ကောင်းကင်ကို ဒူးနဲ့တိုက်မယ်ဆိုတဲ့ ကိုကိုတွေတော့ ဒီလို ကြင်ဖေါ်တွေ့ရင်တော့ မချောင်ဘူး...။ မလွယ်ကျောပဲ...။ ဘ၀ပေးပြီး ချစ်တယ်... အသက်နဲ့ရင်းပြီး ချစ်တယ်ဆိုတာ ဒါကို ခေါ်တာကွ ဆိုပြီး တစ်လွဲဂုဏ်ယူကြဦးမလား...။
ရေးသားသူ Ko Boyz at 12:19 AM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: female, killing, mating, praying mantis
ကျွဲလား.. ကျားသစ်လား...။
သဘာဝရဲ့ တောတွင်း ဥပဒေသ။ အားကြီးသူသာ ကျန်တဲ့ပွဲ...။ ကြည့်လို့တော်တော် ကောင်းပါတယ်...။ ကျွဲအုပ်တစ်အုပ်၊ ကျားသစ်က တစ်စု၊ ဘယ်သူက အနိုင်ရပြီး ဘယ်သူက ရှုံးမလဲ ...။ လာလေရော့... ဒီမှာ...။
ရေးသားသူ Ko Boyz at 12:05 AM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Saturday, March 1, 2008
ဝက်ခေါက်အဆက်...။ အပိုင်း (၂)
ကဲ... လာပါပြီ....။ ပုံမမြင်ရလို့ စိတ်အဆာပြေသေးသူများ အောက်က ပံများကို သွားရည်ယိုနိုင်ပါကြောင်း...။
အပ်ချလောင်း....။
အဆစ်အနေနဲ့ အဲဒီနေ့က စားခဲ့တဲ့ ကျိုင်းတံမုန့်တီကြော် (အကြော်) ကို ကြိုးစားပမ်းစား ချက်နေတဲ့ပုံလေးကို တင်ပေးလိုက်ပါတယ်...။ (အေဗရွန်ကြီး ၀တ်ပြီး အားရပါးရ မွေနေတဲ့ ကျွန်တော့်သူငယ်ချင်းက ခုထိ လူပျိုလူလွှတ်အနေနဲ့ ရှိနေပါသေးတယ်...။ ကြော်ငြာ...။ )
အဲဂလို ချွေးသီးချွေးပေါက် တစ်ဒီးဒီးကျအောင် အားရပါးရမွှေပြီး သကာလ မုန့်တီတစ်အိုးလုံး ပစ်သွားရပါတယ် လို့ မပြောပါ....။ တစ်အိုးလုံး ကုန်အောင် အားလုံးက ၀ိုင်းဝန်းအားပေးလိုက်ကြပါတယ်...။
အဲ...အခုမှ သတိရတယ်...။ အဲဒီမုန့်တီကြော်ထဲ ထည့်တဲ့ အဆာပလာများကတော့ အောက်ကပုံအတိုင်း ဖြစ်ပါတယ်...။ အရည်စက်လက် စက်လက် နဲ့ အလှူရေစက် လက်နဲ့ မကွာ ရေစက်ချသလို တစ်စက်စက် ကျနေတာကတော့ ကျွန်တော်တို့ ရှမ်းရိုးရာ အစားအစာတစ်မျိုးဖြစ်တဲ့ ပဲပုပ်အရည်ပေါ့...။ မုန့်တီထဲ ထည့်ဆမ်း စားဖို့ ဖြစ်ပါတယ်...။ နံနံပင်ပန်းကန်က ဘေးမျာတော့...။ ပဲပင်ပေါက်က ကြိုက်တတ်သူများ ထည့်စားဖို့ပေါ့...။ ရှမ်းမှန်ရင် ပဲပင်ပေါက် ကြိုက်ကြတယ်...။ အဲဒါကြောင့် ရှမ်းတိုင်းရင်းသားများ အသားအရေ ကောင်းကြတာပေါ့....။
ကဲကဲ...။ ခဏနားလိုက်ဦးမယ်....။
(ကြည့်.. ကြည့်... သူဒီစာတွေ ဖတ်ပြီး မနက်ဖြန်ကျရင် Cold Storage ဖြစ်ဖြစ်၊ NTUC ဖြစ်ဖြစ်၊ Carrier Fore ဖြစ်ဖြစ်၊ အနီးဆုံးဈေးမှာ ဖြစ်ဖြစ် ပဲပင်ပေါက် သွားဝယ်ဖို့ ကြံနေပြီ မဟုတ်လား...။ အီဖေကိုယ် သိနေတယ်လေ....။ အခုတောင် ထသွားဝယ်ချင်နေတဲ့ စိတ်ပေါ်နေပြီ မဟုတ်လား...။ ဘေးက သူငယ်ချင်းကိုတောင် လှမ်းမေးလိုက်ဦးမယ်... ပဲပင်ပေါက်စားလို့ အသားအရေလှမလှ ဆိုတာကို ...။ အဲဒီသူငယ်ချင်းက ရှမ်းတိုင်းရင်းသား/သူ ဆိုတော့ ဒီတစ်ညတော့ အိပ်လို့ရမှာ မဟုတ်တော့ဘူး...။ တစ်ညလုံး အမေးခံနေရတော့မှာ။ )
All Photos Credit to Pi Voe Seng.
ရေးသားသူ Ko Boyz at 10:50 PM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
င်္ခပ်;မူ (or) Deep Fried Pig Skin (သို့) ၀က်ခေါက်ပွကြော်
ဘယ်လိုဟာကို ခေါ်တာလဲတဲ့...။
ဖြစ်ချင်တော့ တိုပါးယိုးဘုန်းကြီးကျောင်းမှာ ရှမ်းမုန့်တီ သွားစားတယ်...။
အဲဒီနေ့တုန်းက ရှမ်းမုန့်တီနဲ့ ၀က်ခေါက်ပွကြော်ကို စားချင်ဇောနဲ့ တုတ်လိုက်တာ ၀က်ခေါက်ပွကြော်ကို ဓါတ်ပုံရိုက်ဖို့ မေ့သွားတယ်...။
သတိရလို့ သွားရိုက်မယ် ကြံတော့မှ ၀က်ခေါက်ထည့်ထားတဲ့ ခြင်းတောင်းထဲမယ် အကျိုးအကြေတွေပဲ ကျန်တော့တာနဲ့ မရိုက်ဖြစ်တော့တာ...။
(တော်သေးတယ်... အဲဒီနေ့က ဘွိုင်းဇ်တို့ နှစ်ခါလောက် တီးထားလို့.. နို့မို့ ငတ်ပြီပဲ...။ နောက်ဆို ဒီလိုမျိုး လက်မနှေးပဲ အရင် စားထားရမယ်...။)
အဲဒီရှမ်းမုန့်တီနဲ့ ၀က်ခေါက်ပွကြော် အကြောင်းကို ဒီမှာ ရေးထားတာ ဖတ်မိတဲ့သူတွေထဲက တစ်ချို့က ၀က်ခေါက်ပွကြော်ကို မသိကြဘူးတဲ့...။ အဲဒါနဲ့ စာတစ်တန် ပေတစ်တန်နဲ့ ပေါင်း ၂ တန်လောက် ရေးလာလိုက်ကြတော့ မသိတဲ့သူတွေ သိသွားအောင် ၊ ခပ်ရေးရေးပဲ သိထားတဲ့သူတွေ ပိုပြီး ရှင်းသွားအောင်လို့ ၊ ကျွန်တော်လဲ မအားလို့ ပို့စ်အသစ် မတင်နိုင်သေးတော့ ဆားချက်ချင်တာလေးလဲ ပြည့်ဝသွားအောင် ဆိုပြီး တစ်ချက်ခုတ် အချက် ၅၀ လောက်ပြတ် ဆိုပြီး ဒီမှာပဲ ရေးဖြစ်လိုက်ပါတယ်...။
ကျွန်တော်နားလည်သလိုသာ ရေးထားတဲ့အတွက် အမှားပါနိုင်ပါတယ်...။ အဲဒီအတွက် ၀က်ခေါက်ကြော် ထုတ်လုပ်ရေး ကုန်မဏီများမှ နားလည်ပေးပါရန် ကြိုတင် အကြောင်းကြားပါတယ်...။ (မှားသွားရင် သားမပါဘူးပေါ့ဗျာ...။)
ဖတ်မိတဲ့သူတွေ ကြိုက်သွားလို့ အဆွေတော်တို့ရဲ့ ၀က်ခေါက်ကြော်ရောင်းဝယ်ရေး တိုးတက်သွားတယ်... ရောင်းအားပိုကောင်းလာလို့ ကျေးဇူးတင်တယ်ဆိုရင်တော့ ကြော်ငြာခလေး လာရောက် မစနိုင်ပါတယ်...။ (ဒါတော့ သားပါတယ်...။ )
အကြောင်းခြင်းရာ အရေးအသားများကို ကြိုက်လို့ တစ်ခြားနေရာမှာ ယူသုံးချင်တယ်ဆိုရင် ခွင့်ပြုချက် တောင်းခံဖို့ မလိုပါကြောင်း အာဘော်မပျက်စေဖို့သာ အရေးကြီးကြောင်း မှာချင်ပါတယ်...။ (ပြောသာပြောရ... ခပ်တည်တည်နဲ့ လုပ်စားသူတွေက လုပ်စားနေပြီ...။ လူအထင်ကြီးမလားလို့ ပေါကြည့်တာ... အဲ.. ပြောကြည့်တာ...။ :D )
ကဲပါလေ...။ စကားတွေ ဝေ့လည်ချောင်ပတ်နဲ့ ဟိုရောက်ဒီရောက် ဖြစ်ကုန်ပါပြီ...။
လွယ်လွယ်ပြောရရင် ၀က်ခေါက်ပွကြော်ဆိုတာ ၀က်ခေါက်ကို ကြော်ထားတဲ့ ပွတတ သွားရေစာ တစ်မျိုးပေါ့...။
(ရှင်းပလား...။ မရှင်းရင် ထပ်ပြောမယ်...။ ၀က်ခေါက်ပွကြော်ဆိုတာ ၀က်ခေါက်ကို ကြော်ထားတာ ... ညှင်းညှင်းညှင်း...။)
ရှမ်းပြည်မှာ ၀က်တွေ ပေါတော့ ၀က်ပေါ.. အဲ.. အဲ .၀က်ပေါ်ကြတော့ ၀က်အရေပြား အခေါက်ထူထူကြီးကို သပ်သပ်လှီးထုတ်ပြီး ဆီနိုင်နိုင်နဲ့ ၀က်ခေါက်ထဲက ဆီများ ကုန်အောင် ဆား၊အချိုမှုန့်နဲ့ နယ်ပြီး အရင် ကြော်ကြတယ်...။ အဲဒီအချိန်မှာ ၀က်ခေါက်က သေးသွားပြီး မာသွားတယ်...။ စားလိုကတော့ မကောင်းဘူးပေါ့...။ သူ့ကို ရှမ်းလို ခင်ေမဂ့် (နံမတ် Nung Murk)လို ခေါ်တယ်...။
(ငယ်ငယ်က ငတ်ကြီးကျပြီး အဲဒါကြီးကို သွားဝါးတာ ကံကောင်းလို့ သွားမကျိုးတယ်...။)
အဲ... စကား ပြန်ကောက်ရရင်တော့ အဲဒီ နံမတ်ကို စားတော့မယ်ဆိုရင် ဆီနိုင်နိုင်နဲ့ ပြန်ကြော်လိုက်တော့ ပွလာတော့တာပေါ့ကွယ်...။
ဆီအိုးထဲက ဆယ်လာပြီး ဆီစစ်လိုက်ရင် စားချင်စဖွယ်ကောင်းတဲ့ ၀က်ခေါက်ကြော် ရပါပြီ...။ အဲဒါကို ရှမ်းလို င်္ခပ်;မူ လို့ ခေါ်ပါတယ်...။
ကျိုင်းတုံမှာတော့ ၀က်ခေါက်နှစ်မျိုးနှစ်စား ရှိတယ်...။
ပထမတစ်မျိုးက အခေါက်ချည်းပဲ ရှိတဲ့ ၀က်ခေါက်ကြော် ... သူ့ကို င်္ခပ်;မူဂ၀၊င် (Khep Mu Jarng)လို့ခေါ်တယ်..။ ၀က်ခေါက်ပေါ့ လို့ပြန်ရင် ကောင်းမလားပဲရယ်...။
နောက်တစ်မျိုးကတော့ ၀က်ခေါက်နဲ့ အဆီနဲ့ ကပ်ရပ်ပါတဲ့ အမျိုးအစားပေါ့...။ သူ့ကိုကျတော့ င်္ခပ်;မူဂ၀င်္မ်း (Khep Mu Jame) လို့ ခေါ်တယ်...။ အဆီမပါတဲ့ဟာကို ၀က်ခေါက်လို့ ခေါ်ရင် အဆီပါတဲ့ သူ့ကိုကျတော့ ၀က်ခေါက်လေးပေါ့...။
မှတ်ကရော...။ Shan to Myanmar Translation လုပ်စားလို့ကောင်းတယ်...။ ကိုယ်ပြန်ထားတာ ကိုယ်ကြည့်ပြီး ဘာပြောချင်မှန်းတောင် မသိတော့ဘူး...။ နောက်မှ ဓါတ်ပုံရလာမှ ပြန်လာပြမယ်...။
အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့...။
All Rights/Lefts Reserved.© 1975-2008
ရေးသားသူ Ko Boyz at 5:16 PM 0 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။