Monday, July 7, 2008

အတ္တတစ်ခုကို ပုံဖော်ခြင်း...။

ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
ငါ့လက်ထဲက မရှိမုန့်ကို လာလာတောင်းနေတော့
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။

နိုးချိန်တန်လို့မှ ထ မလာတာ ငါ့အပြစ် မဟုတ်...။
ငတက်ဖြားက ငါ့ကို သူခိုးလို့ လာဟစ်နေတယ်...။
(အိပ်မက်ထဲထိတောင် ငါပြုံးမိရဲ့...။)
ဥယျာဉ်မှူးတစ်ယောက် မဟုတ်သလို
မာလီလဲ မဟုတ်ဘူး...။

ငါပြုံးနေခဲ့တာ မဟုတ်ဘူး...။
မချိရင်ကွဲ ဖြစ်နေတာ...။
မင်းသား မဟုတ်တောင် ဆိုင်းနောက်ထ လို့
အထင်ရှိနေတဲ့ နင့်ရဲ့
ဟန်ဆောင် မျက်နှာဖုံး ကွာကျတော့
အလို ...။
ဘီလူးမဟုတ်ဘူးကိုး...။
စပျစ်သီးချဉ်တယ်လို့
ငြီးနေတဲ့ လျှာနှစ်ခွနဲ့ မြေခွေး ဖြစ်နေပါရော့လား...။
လက်ထဲမှာလဲ ဓါးမြောင်တစ်ချောင်းနဲ့
သွေးတွေ စွန်းနေတယ်...။
ငါ့ကျောမှာတော့ သွေးတွေ စက်စက်ယိုလို့...။

အဒ်ဂါ အယ်လဲန်ပိုး၊ ဆီမွန် ဒီပူးပွား
တိုက်ဂါးဝုဒ်၊ မော်စီတုန်း
....
....
သူတို့နဲ့တူပေမဲ့ မတူခဲ့ဘူး...။
မကာရ်းကောင်ကြီးရေ့...။
နင့်မှာ ချိုနှစ်ချောင်းတောင် ရှိခဲ့ပေမယ့် လိုက်မဝှေ့ခဲ့ပါလား...။
လင်းပိုင်လို အမြီး ရှိပေမယ့် ရေမကူးခဲ့ပါလား...။

စကားမစပ်
တန်ရာတန်ရာပဲ ပြောစမ်းတဲ့...။
သင်္ကြန်အမြောက်လို မဖြစ်ချင်စမ်းနဲ့တဲ့...။
ရှေ့မှီ နောက်မှီ ပုဂ္ဂိုလ်များ ပြောခဲ့ကြတယ်...။
ဥပုသ်စောင့်ချင်ယောင်ဆောင်တဲ့
ကျားတစ်ကောင်တော့ တွေ့ခဲ့တယ်...။
ဝက်ပျိုမ များကတော့ တစ်နေ့ထက်တစ်နေ့ လျော့လျော့သွားတာပဲ...။

ဟိမ၀န္တာက သင်းကွဲငှက်ကြီးရေ...။
(တစ်ကယ်တော့ အပုပ်ကောင်ကို စားတဲ့ လင်းတ တစ်မျိုးပါ...။)
ရေခြား မြေခြားမှာ နေတတ်အောင် နေပါ့လား...။
အတောင်ညောင်းလို့ နားမယ်ဆိုလဲ
လွတ်ရာကျွတ်ရာနေကွဲ့...။
သာဂိ လေးဂွစာ မိသွားလို့
အရှေ့မြောက် လေစီးကြောင်းထဲ မပါသွားပဲ နေဦးမယ်...။

နက္ခတ်တွေ စုံတော့မယ့်နေ့ကို ရောက်တော့မယ်...။
လတစ်စင်းကတော့ ပျောက်နေတုန်း...။
တဂိုးရေ...။
နေမင်းနဲ့လွဲလို့ ငိုနေခဲ့တာ မဟုတ်ပါဘူး...။
လမ်းမတန်းက ဖုန်ထူနေလို့
မျက်စိမှိတ်ထားခဲ့တာပါ...။
နေ့တိုင်း မြင်နေရတာပဲ...။
တစ်ရက်လောက် လွဲတာနဲ့ ဘာမှ ဖြစ်လောက်မှာ မဟုတ်ဘူး...။

(ပြန်ကောက်ရရင်တော့)
ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
.......
.......
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။


(အလွမ်းသင့် ကွင်းပြင်ကို ဖြတ်တိုက်လာသော မကျေနပ်ခြင်း လေညှင်းများကို ခံစားထားခြင်း ဖြစ်သည်။
အရမ်းကာရော ဘာသာပြန်လိုပါက မူပိုင်ခွင့် ရှိသည်ကို သတိချပ်လေ...။)

4 comments:

  1. အမှန်က မချိသွားဖြဲပါကွယ်....

    ReplyDelete
  2. the most i like sentence
    {အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။}

    ReplyDelete
  3. ဘာတွေဖြစ်နေပါလိမ့်..
    ဖုန်ထူလို့ ငိုနေတာလား

    ReplyDelete
  4. - မချိသွားဖြဲ မဟုတ်ပဲ အမှန်တကယ် မချိရင်ကွဲ ဖြစ်နေခဲ့တာပါ ကိုပေါရေ...။

    - တာရာမင်းဝေကို အားကျလို့ အခုလို စာသားတွေ ထွက်လာတာ အစ်မခင်ဦးမေရ...။

    - ဖုန်ထူလို့ ငိုတာတော့ မဟုတ်...။ ဖုန်တွေ မျက်လုံးထဲ ၀င်ကုန်မှာစိုးလို့ မျက်လုံး ပိတ်နေတာ ပါ မဇနိရဲ့...။

    ReplyDelete