Wednesday, July 30, 2008

အိမ်လွမ်းခြင်း...။

လရောင်ကို ငတ်မွတ်တယ်...။
စပါးခင်းကို ဖြတ်တိုက်လာတဲ့ ရိုးပြတ်နံ့သင်းတဲ့ ညလေပြေကို တောင့်တတယ်...။
မောင်ရင်ဆိုင်းထမ်း နဲ့ ဖျောက်ဆိပ်ကြယ်ကို လွမ်းတယ်...။
ညမွေးပန်းနံ့ကို သယ်လာတဲ့ ဆောင်းလေကြမ်းကို အောက်မေ့တယ်...။
ပွဲခင်းထဲက ခဲလံချောင်းကို သတိရတယ်...။
ဘုရားရင်ပြင်က ကျောက်ပြားဖြူဖြူ အေးအေးတွေကို တမ်းတတယ်...။
မနက်မနက် ဘုန်းကြီးကျောင်းက တုံးမောင်းခေါက်သံကို လွမ်းတယ်...။
ရွာက ပါးနီနီနဲ့ မတ်ခုတ်ခတ် ကောင်မလေးတွေ မြင်ယောင်တယ်...။

ပေါဆူမီ ခံ(မ်)ဖါ့ဖါ ဟိုဆူ...။
ပေါဟောင်းမီး ခံ(မ်)ကျေးကျေး ...
အောင်ဟိတ်မေး တော်ကျို” လို့ ကိုယ့်ဖက်ကို ယက်ဆိုတတ်တဲ့ ရိုးရာဓလေ့ သီချင်းကို အမှတ်ရတယ်...။
အဲဒီသီချင်းနဲ့ အတူ ရှေ့နှစ်လှမ်းတက် နောက်တစ်လှမ်းဆုတ် အကလေးကို လွမ်းတယ်...။
ကုံးက” သီချင်းသံကို လွမ်းတယ်...။
နောင်တုံကန်ဘေးက ညညရောင်းတတ်တဲ့ ခေါက်ဆိမ့်ကို လွမ်းတယ်...။
ကောက်ညှင်းဆန်နဲ့ ဖေါက်တဲ့ စပါးမီးတောက်ကို လွမ်းတယ်...။
လွမ်းတယ်....။
လွမ်းတယ်....။



အဖြည်။ ။
မတ်ခုတ်ခတ် - ဂုံးဂင်းလို့ တစ်ချို့နယ်တွေမှာ ခေါ်တတ်တဲ့ အံစာတုံး တစ်မျိုးပါ...။ အဲဒီ အံစာတုံးရဲ့ မျက်နှာပြင်မှာ အကောင်ပလောင်တွေ (ဥပမာ - ပုဇွန်၊ငါး၊လိပ် စသည်) ပုံတွေကို ဆွဲထားပြီး အဆိုပါ အံစာတုံး သုံးတုံးကို လျှောစောက်ပေါ် တင်ထားပါတယ်...။ တန်းနဲ့ တားထားပြီး အဲဒီတန်းကို ထိုးသားက ကြိုးနဲ့ ဆွဲလို့ အံစာတုံးများ ကျလာရာက အပေါ်က ပေါ်လာတဲ့ အကောင်ကို ပေါက်ကောင်အနေနဲ့ ဖွင့်တာပါ...။ ဒဲ့ တစ်ဆရပြီး နှစ်ကောင်ကို ကြိုးအောလို့ နှစ်ကောင်စလုံး ထွက်လာရင် ငါးဆ ရတဲ့ ရှမ်းပြည်က လောင်းကစားနည်း တစ်မျိုးပါ..။

(အိမ်ပြန်မယ်လို့ ညီမလေးတစ်ယောက်က မက်ဆေ့ခ်ျပို့လာတော့ လိုက်ပြန်ချင်တဲ့ အတွေးများကို ချရေးခြင်းပါ...။)

3 comments:

  1. လွမ်းပါ. လွမ်းပါ..
    general ဘဲ လွမ်းနေတယ် . Specific မရှိဘူးလား။
    ကဲ. နားမလည်ပြန်ဘူး။ ရှင်းပြရဦးမယ်။
    basic မရှိတဲ.သူနဲ. စကားပြောရတာ လက်သိပ်ဝင်တာဘဲ။

    Specific= ရည်းစားတို. အိမ်ထောက်ဖက်တို.ကို.ဆိုလိုသည်။
    Basic= အခြေခံ ဟာသ

    ReplyDelete
  2. လွမ်းတာတောင် ဂျန်နရယ်နဲ့ ဗိုလ်ချုပ်နဲ့ လွမ်းရမလားဟင်...။ ဒုက္ခ

    ReplyDelete
  3. ကျနော်တို့ဘက်မှာတော့ အဲဒီကစားနည်းကို ခြောက်ကောင်လို့ ခေါ်သဗျား။ ကျနော်တို့ငယ်ငယ်တုန်းက ရွာဘုရားပွဲတွေမှာ ကစားကြသပေါ့။ ကျနော်လည်း နိုင်ရင် အမြတ်ကလေးကို အိမ်မှာ ပြေးထားလိုက်။ပြီးရင် ပွဲဈေးတန်းမှာ ပြန်လာပြေးကစားလိုက်။ ရှုံးရင အိမ်မှာ ပြန်ပြေးယူလိုက်နဲ့။ နောက်ဆုံး အိပ်ထဲမှာရော အိမ်မှာပါ တက်တက်ပြောင်မှ ရပ်လေသတည်း ဆိုတဲ့ လောင်းကစားဝိုင်းလေးတွေပေါ့။

    ReplyDelete