Thursday, July 24, 2008

ချိတ်ပိတ်လိုက်သည်...။

တစ်ကယ်တော့ ကျွန်တော်ဟာ သူ့လက်ထဲက သိုးငယ်တစ်ကောင်ပေါ့...။
သွေးဆာနေတဲ့ သူ့လက်ထဲက ဓါးကောက်ဟာ လေထဲ မြှောက်လိုက်တယ်ဆိုရင်ပဲ
ကျွန်တော်ဆိုတဲ့ သိုးငယ်ဟာ သူ့ရဲ့ မာယာယစ်ပလ္လင်မှာ အခါခါ ကျဆုံးပေါ့...။

မာယာတစ်သိန်း၊ ပလိန်း အနန္တ
ကြံသမျှ ပြီးအောင်
ဖြီးနိုင် ချွဲနိုင် သဲနိုင်ခဲ့တဲ့
ပလီတီတာ၊ မာယာနှုတ်ခမ်းတစ်စုံကို
ကျွန်တော် တပ်မက်နေခဲ့တာ ဆယ်စုနှစ် တစ်ခုတောင် မကတော့...။

ချိုက်ကော့ဗ်စကီရဲ့ ကန်လေးထဲမှာ ငွေငန်းတွေ ပျော်စံနေလေရဲ့....။
သူ့ရဲ့ ချစ်ခြင်း သားရဲတွင်းမှာတော့ ကျွန်တော် ငမိုက်သား အချစ်ကျေးကျွန်ရဲ့ နှလုံးသားက မွေ့လျော်နေလေရဲ့...။
ရှေ့တစ်လှမ်း တိုးမယ်ကြံတိုင်း နောက်ကို နှစ်လှမ်း ရောက်နေတတ်တာ
သူ့ကျော့ကွင်းကြောင့်လား...။
သူ့ညို့မျက်ဝန်းကြောင့်လား...။
ခရာတာတာနဲ့ နွဲ့တတ်တဲ့ သူ့အပြုံးတွေကြောင့်လား...။

ဒီလိုနဲ့ ဆယ်စုနှစ်တွေသာ တစ်ခုပြီး တစ်ခု ပြောင်းသွားတယ်...။
သူ့အချစ်ပြက္ခဒိန်က ရက်စွဲတွေကတော့ ဖေဖေါ်ဝါရီ ၂၉ ကို တွင်တွင်ကြီး ပြနေလေရဲ့...။
မာယာကို ကိုးကွယ်တာ မင်း...။
အချစ်ကို ကိုးကွယ်တာ ကိုယ်...။
တိမ်းညွှတ်ဖို့ကောင်းတဲ့ ချစ်ရနံ့ကြောင့် စစ်ရှုံးခဲ့တာ ကိုယ်....။

ကျေးဇူးပြုပြီးတော့ ပြက်ရယ်မပြုလိုက်ပါနဲ့...။
လှောင်ရီသံကို ၀ှက်ထားပေးပါ...။
ငါ့နှလုံးသားလေး ဆယ်စုနှစ်တစ်ခုစာ
ဖျားနာနေတာ ခုထိ နာလံ မထူနိုင်သေးလို့ပါ...။

(မသက်ဆိုင်တော့သော၊ ပြတ်စဲခဲ့သော လွမ်းရက်တာရှည်နေ့များသို့...။)

3 comments:

  1. ကျေးဇူးပြုပြီးတော့ ပြက်ရယ်မပြုလိုက်ပါနဲ့...။
    လှောင်ရီသံကို ၀ှက်ထားပေးပါ...။
    ငါ့နှလုံးသားလေး ဆယ်စုနှစ်တစ်ခုစာ
    ဖျားနာနေတာ ခုထိ နာလံ မထူနိုင်သေးလို့ပါ...။


    နှလုံးသားကိုတော့ချိတ်မပိတ်လိုက်နဲ့နော်..
    :P

    ReplyDelete
  2. ချိတ်ပိတ်ထားခဲ့တာ ကြာပါပြီ...။ :)ခုတော့လဲ ဖုန်တွေတက်လို့... ပင့်ကူတွေ ပျော်မွေ့ရာ နေရာ ဖြစ်ခဲ့တာ ကြာပေါ့...။

    ReplyDelete