Tuesday, April 21, 2009

မတော်တဆ ဖြစ်ခဲ့သော

အခန်း - ၁။
“ဟင်.. ကိုကလဲ... မီး ပြန်မလာမှာကို စိုးရိမ်နေတာလား..။
“အဖေမရှိတော့တဲ့ နောက် ဒီအဒေါ်တစ်ယောက်တည်းပဲ ကျန်ခဲ့တာ...။
“ မေမေကလဲ သွားတဲ့။ ခဏတစ်ဖြုတ် သွားလိုက်တဲ့...။
မောင်တေတစ်ယောက် သူ့ငယ်ချစ် ရွှေအိ စကားသံတွေဟာ နားထဲမှာ ၀င်တစ်လှည့် မ၀င်တစ်လှည့်။
သူတို့နယ်က စီးပွားရေး လုပ်စားလို့ တစ်အားကောင်းတဲ့ အရပ် မဟုတ်လေတော့ လောက်လောက်လားလား စုမိဆောင်းမိတာ သိပ်မရှိတော့ ချစ်သူကို တောင်းရမ်းဖို့က မလွယ်သေးဘူး။ လွမ်းရေးထက် ၀မ်းရေက ခက်နေတဲ့ အဖြစ်။
ဒီလိုနဲ့ ရွှေအိ တစ်ယောက် သူ့အဒေါ် ရှိရာ ဂျပန်ပြည်ကို အလည်သွားလိုက်ပြီ...။
===========================

အခန်း - ၂

ဂျပန်ပြည်တစ်နေရာ- (တရားမ၀င် အိုဗာစတေးများ စုပေါင်း နေထိုင်ရာ)
ကိုခန့်ရေ ဖုန်းလာနေတယ်။
“ကိုခန့်။ ငါကိုတေပါ။ ရွှေအိ သတင်း ကြားမိသေးလား။ စာလဲ မလာဘူးကွာ။”
“ဟာ ကိုတေ။ ကိုတေပြောတဲ့ နေရာ ကျွန်တော် သွားရှာတယ်။ မရှိတော့ဘူး။ ပြောင်းသွားပြီတဲ့။ သူ့အဒေါ်လဲ ပြီးခဲ့တဲ့ လကမှ ဆုံးသွားတာတဲ့”
===========================

အခန်း - ၃

ဂျပန်ပင်လယ်ကမ်းစပ် တစ်နေရာ။
သဘောင်္ပျက်ပေါ်မှ ရေဘေး ဒုက္ခသည်များ ကမ်းဆီသို့ အသက်လု ကူးခပ်ဆဲ...။
တစ်ချို့ ခြေကုန်လက်ပန်းကျ။ တစ်ချို့ ကမ်းပေါ်ရောက်...။
ကိုတေတစ်ယောက် ကံကောင်းလို့ ပျဉ်တို တစ်စ ဆုပ်မိတော့ ကုန်းပေါ် ရောက်တယ်။
ကမ်းနီးနား တစ်ဝိုက်က အိမ်မှာ လှမ်းထားတဲ့ အ၀တ်တွေထဲက ကိုယ်နဲ့ သင့်တော်မယ် ထင်တာကို ရွေးပြီး ခိုးလိုက်တယ်။ ဖိနပ်လဲ လိုက်တယ်။ နောက်တော့ မြို့ထဲ အမ်အာတီကို လာခဲ့တယ်။
လက်မှတ်အော်တို ရောင်းတဲ့ စက်မှာ လက်မှတ် ၀ယ်ပြီး ရထားစီးတယ်။
အားလုံး ဂျပန်စာတွေနဲ့ ရေးထားတော့ နကန်း တစ်လုံး နားမလည်။ ကြုံရာ ဘူတာကို လက်မှတ် တစ်စောင် ၀ယ်လိုက်တယ်။
===========================

အခန်း - ၎


တီဗွီက သတင်းလာနေတယ်။ ရေလမ်းကနေ တရားမ၀င် ၀င်ရောက်လာတဲ့ သူတွေကို ရဲက ဖမ်းဆီးနေတဲ့ သတင်းကို ပြတယ်။ ကိုခန့်တစ်ယောက် ကိုတေ အတွက် စိုးရိမ်သွားတယ်။ ကိုတေတော့ ပါသွားလောက်ပြီပေါ့။ ဒီအချိန်မှာ အိမ်ရှေ့က တံခါးခေါက်သံ ကြားတယ်။ အားလုံး ထိတ်လန့်သွားတယ်။ တရားမ၀င် တောင်ကျော်နေတဲ့သူတွေ ဆိုတော့ ကျီးလန့်စာစားလေ...။
“ကိုခန့်” “ကိုခန့် .. ငါပါ ကိုတေပါ”
ကိုခန့် ၀မ်းသာ အားရ တံခါး ဖွင့်တော့ ယဲ့ယဲ့လေးသာ ကျန်တော့တဲ့ ကိုတေ့ ခန္ဓာကိုယ်က အိမ်ထဲ ပြိုဆင်းသွားတယ်။
===========================

အခန်း - ၅

Dirty, Dangerous and Difficult Jobs. ဒါကို 3D အလုပ်တွေ လို့ ခေါ်တယ်...။ ဒီအလုပ်တွေဟာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ နိုင်ငံကြီးသားတွေ မလုပ်ချင်ဆုံး အလုပ်ပေါ့။ ရေဆိုးမြောင်းဖေါ်၊ လမ်းဘေး သန့်ရှင်းရေး၊ အိမ်သာချေးကျုံး စတာတွေဟာ နမူနာ ပြစရာ အလုပ်တွေပါပဲ။ အရင်ကတော့ အမေရိကားမှာ ပြင်ပက လူတွေ သွင်သွင်ကြီး ၀င်ပြီး ဒီ တစ်ခြားလူတွေ မလုပ်ချင်တဲ့ အလုပ်ကို တတိယကမ္ဘာက နိုင်ငံခြားသားများ လာလုပ်ကြတယ်လေ...။

အခုလဲ ကိုခန့်နဲ့ အတူ ကိုတေ ကြုံရာ ကျပန်း အလုပ်တွေ ၀င်လုပ်တယ်။ ကျင့်သားမရလေတော့ ကိုတေ့ခမျာ ပင်ပန်းတာပေါ့။ အမှိုက်ပုံထဲကနေ အမှိုက်တွေ ရွေးတဲ့ အလုပ်၊ မြေအောက် ရေဆိုးမြောင်းတွေထဲမှာ မြောင်းဖေါ်ရတဲ့ အလုပ်။ ရဲတွေ လ၀ကတွေ လိုက်ဖမ်းတဲ့ ကြားကနေ သက်စွန့်ဆံဖျား လုပ်နေကြတာ...။
===========================

အခန်း - ၆


တစ်ရက်မှာ စားသောက်ဆိုင်မှာ ပန်းကန်ဆေးတဲ့ အလုပ်ကို ကိုတေ လုပ်ရတယ်။ ဆိုင်အပြင်ဘက်မှာ ပန်းကန် ထိုင်ဆေးလို့ မောတော့ နားနေတုန်း ဆိုင်ထဲက ထွက်လာတဲ့ ဇိမ်မယ်လို အမျိုးသမီး တစ်ယောက် ကိုတေကို သတိထားမိတယ်။ လူသစ်လား လို့ မေးရင် ကိုတေ့အတွက် မုန့်ဖိုး ပေးသွားတယ်။ ပေးပြီးပြီးခြင်းမှာ ဆိုင်ထဲကက ထွက်လာတဲ့ သူ့ဧည့်သည် ပါလာလို့ ကိုတေ့ လက်ထဲ ပိုက်ဆံ အတင်းထိုးတည့်ရင်း သူဧည့်သည်နဲ့ ထွက်သွားတယ်။ မကြာတင်မှာပဲ ခါးပိုက်နှိုတ်အုပ်စု တစ်စုက သူတို့စုံတွဲဆီကနေ ရိုက်လုနေတာ တွေ့တော့ ကိုတေ အပြေးအလွှား ၀င်ကယ်လိုက်တယ်။ သူဇိမ်မယ်လို့ ထင်ထားတဲ့ အမျိုးသမီးက သူအလုပ်လုပ်နေတဲ့ ဆိုင်ရှင်မလေး ဖြစ်နေတယ်...။ ကိုတေက သူ့ပိုက်ဆံကို ပြန်ပေးလိုက်တယ်...။ ဆိုင်ရှင်မလေးက ကိုတေ့ ရိုးသားမှုကို သဘောကျသွားတယ်...။ ကြီးပွားချင်ရင် ဖြတ်လမ်းက မလိုက်ပါနဲ့လို့ ကိုတေကို သတိပေးသွားတယ်။
=============================

အခန်း - ၇

စားသောက်ဆိုင်ကြီး တစ်ခုမှ ဟင်းရွက်သင်တဲ့ အလုပ်ကို ကိုတေ လုပ်ရတယ်။ ကိုခန့်နဲ့တူတူပေါ့။ တစ်ရက်မှာ အဲဒီဆိုင်ကို ယာကူဇာ ဂိုဏ်းခေါင်းဆောင်ရဲ့ လက်ထောက်တစ်ယောက် ထမင်းလာစားတယ်။ ဆိုင်ပိုင်ရှင်နဲ့ ရင်းနှီးလေတော့ တစ်ဆိုင်လုံး လိုလေသေး မရှိ ပြုစုတယ်။ ပြန်ခါနီးမှာ ကိုတေ ဆိုင်အပြင်ထွက်ပြီး စူးစမ်းတာနဲ့ ကြုံတော့ ကိုခန့်က ပြောပြတယ်။ အဲဒီမှာ အဲဒီ လက်ထောက်ရဲ့ မိန်းမကို ကိုတေ တွေ့လိုက်ရချိန်မှာ ကမ္ဘာကြီး အိုးထိန်းစက်လို သွက်သွက်လည်သွားတယ်...။

ဘယ်သူရှိရမှာလဲ။ တွေ့ချင်လွန်းလို့ တရုတ်ပြည်ကနေ ဂျပန်ပြည်အထိ တရားမ၀င် သက်စွန့်ဆံဖျား လာရှာရတဲ့ ငယ်ချစ်ဟောင်း ရွှေအိလေ..။ ခုတော့ သူစိမ်းရင်ခွင်မှာ မွေ့လျော်နေလို့ပေါ့...။ ရွှေအိလဲ သူ့ကို တွေ့သွားတယ်...။

-x-x-x-x-x-x-x-x-x-x-


ဖြစ်ရပ်မှန် ဇာတ်လမ်း လို့ မပြောချင်ပါဘူး...။ တစ်ကယ်က ပြီးခဲ့တဲ့ အပတ်က ကြည့်လာခဲ့တဲ့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေပါ။ ဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ကားတစ်ကားပါ။ ဂျက်ကီချန်းပါတယ်ဆိုလို့ သိုင်းကစားကွက်တွေ၊ ဖိုက်တင်ခန်းတွေ လှိုင်လှိုင်ကြီး ပါမယ်လို့တော့ မမျှော်လင့်ပါနဲ့။ ဒီကားမှာ ဂျက်ကီချန်း သိုင်း မတတ်တဲ့ ရိုးရိုးအအ လယ်သမားကြီး တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ထူးခြားချက်က ဂျက်ကီချန်း ဒီကားမှာ ဒါရိုက်တာ စကားကို နားထောင်ပြီး ကိုယ်တုံးလုံး သရုပ်ဆောင်တဲ့ အခန်း ပါတာပါပဲ။ အဲဒီ ၁၀ စက္ကန့်စာ အခန်းအတွက် သရုပ်ဆောင်ဖို့ကို သူတော်တော် မုသွင်းရတယ်လို့ ပြောတယ်။ ၃ -၄ ရက်လောက် ရိုက်လိုက်ရတယ်တဲ့။ နောက်ပြီး ဒီကားမှာ သူကိုယ်တိုင် ဒါရိုက်တာ မလုပ်ပါဘူး။ တစ်ခြား တစ်ယောက်က လုပ်တာပါ။ သူက သရုပ်ဆောင် ရုံသာ သရုပ်ဆောင်တာပါ။ စတန့် ဒါရိုက်တာ ဆိုလဲ တစ်ခြား တစ်ယောက်ပါ။ ထုတ်လုပ်သူက သူ့ကို ဘာတစ်ခွန်းမှ ၀င်မပြောဖို့၊ သူ့အရှိန်ကြောင့် တစ်ခြား သရုပ်ဆောင်တွေ ရှိန်ကုန်မှာ စိုးလို့ ၀င်မပါဖို့ မေတ္တာ ရပ်ခံထားပေမယ့် သူကတော့ မနေနိုင် မထိုင်နိုင် ၀င်ဆရာကြီး လုပ်မိတဲ့ အခန်းတွေ မနည်းဘူးတဲ့...။

သမားရိုးကျ ဂျက်ကီချန်းကားတွေကနေ ခွဲထွက်တဲ့ ကားတစ်ကားပါ။ ကြည့်သင့်တယ်လို့ ယူဆမိတဲ့ ကားဖြစ်တဲ့အတွက် လက်တို့လိုက်ရပါတယ်။

မေ့သွားလို့ .. ကားနာမည်က “The Shinjuku Incident” တဲ့ဗျား။ စင်ကာပူမှာ လက်ရှိ ရုံတင်နေပါတယ်။


Photo Credit to : Wikipedia

===========================

1 comment:

  1. ဒါလေး သွားကြည့်ဦးမှ။

    ReplyDelete