Wednesday, July 23, 2008

ကြယ်ဆန်ည

မဝေးသေးတဲ့ အတိတ်တစ်ခုဆီကပေါ့။
ပြန်မယ်ပြောပြီး နောက်ချန်နေရစ်တာ ဘယ်သူလဲ။
ဘူတာအမှတ် ၉၄ မှာ ကိုယ်ဆင်းခဲ့တယ်...။
ဘူတာအမှတ် ၉၄ သွားဖို့အတွက် ကိုယ်ရထားမှီခဲ့တယ်...။
လက်မှတ်ကြိုဖြတ်ထားခဲ့တယ်လေ...။
အထူးတန်းနဲ့ လိုက်ခဲ့တာပေါ့...။
ကိုယ်ဆင်းရမယ့် ဘူတာကို ကြိုတင် ရင်ခုန်ရင်းနဲ့ အဲဒီတုန်းက အနာဂတ်ဟာ ရောင်စုံလွှမ်းနေခဲ့တယ်...။
ကိုယ့်လိုပဲ ရထား မှီရဲ့သားနဲ့ လိုက်မလာခဲ့တဲ့ သူတွေ ရှိတယ်...။ သူ့လမ်းသူ သွားခဲ့သလို ကိုယ်လဲ ကိုယ့်လမ်းကို ရွေးခဲ့တာပဲ...။
ရထားလေးကတော့ လှုပ်တုတ် လှုပ်တုတ်နဲ့ တစ်ရွေ့ရွေ့ သွားခဲ့တယ်...။
ဆင်းသူဆင်း တက်သူတက်နဲ့ သူတတ်စွမ်းသလောက်၊ သူ့ကို အနားပေးခဲ့တဲ့ အချိန်အထိ သူ တာဝန်ကျေခဲ့တယ်...။

ဒီလိုနဲ့ ရထားကြီး ချထားပေးခဲ့တဲ့ ဘူတာမှာ လိုတာလေးတွေ ၀ယ်ခြမ်း၊ မြို့ကလေးထဲ လှည့်လည် ကျက်စားနေတုန်းမှာပဲ (အချိန်မတန်သေးခင်) နောက်ထပ် ရထားအသစ်တစ်စီး (အဟောင်းကို ဖြစ်ကတတ်ဆန်း မွမ်းမံထားတဲ့) ဟာ ကိုယ့်ရှေ့ကို ရောက်လာခဲ့ပြန်တယ်...။
ဒီတစ်ခါတော့ ကိုယ့်လိုအင်မပါပဲနဲ့ အတင်းတက်ခိုင်းလို့ တက်လိုက်ရတယ်...။
ရိုးရိုးတန်းတောင်မှ ရပ်စီးခဲ့ရတယ်...။

ကွမ်းယာဆိုင်တောင်မှ ကချော်ကချက် မည်ကာမတ္တ ရှိတဲ့ ကြားဘူတာ...။
လော်ကယ်ရထားတောင်မှ ဆိုက်ဖို့ အနိုင်နိုင်...။
မရှိမှုတွေနဲ့သာ အသားကျနေတဲ့ ကိုယ့်အတွက် ဒီကြက်သွန်တွေကိုသာ ၀ါးရင်းနဲ့ ဆက်ဝါးနေခဲ့ရတယ်...။
တစ်ခရီးတည်းသွားတဲ့ သူတွေ....
စိတ်ဓါတ်ကျသူတွေ...
ကြုံရာတက်နဲ့ လှော်မယ့်သူတွေ...
လမ်းခုလတ်ကနေ ဖဲ့ဆင်းသွားတဲ့သူတွေ...
လှေကြီးထိုး ရိုးရိုးသွားတဲ့သူတွေ...
သူတို့တစ်တွေနဲ့ ခရီးဆုံးထိ ကိုယ်ရောက်အောင် သွားခဲ့တယ်...။

ဟော... ခုတော့လဲ အဲဒီ ခရီးဆုံးဟာ နောက်ခရီးတစ်ခုရဲ့ အစဆိုတာကို ဇာတ်ရှိန်မြင့်ခါမှ သိလိုက်လေရဲ့...။
အချိန်မနှောင်းလောက်သေးဘူး ထင်ပါရဲ့...။
လာ... ကြယ်ကြွေကောက် သွားကြစို့...။

(ရောင်နီမပျို့ခင် အမှီရောက်ရမယ်...။)

4 comments:

  1. "ခုတော့လဲ အဲဒီ ခရီးဆုံးဟာ နောက်ခရီးတစ်ခုရဲ့ အစဆိုတာကို ဇာတ်ရှိန်မြင့်ခါမှ သိလိုက်လေရဲ့...။"
    ဘ၀သံသရာ...မနေမနား...ထွေပြား...တသွားတည်းသွားကြတာ...
    ခရီးပန်းတိုင်...မရောက်မချင်း...တယောက်ဆင်း..တယောက်တက် ဆက်လက်ထွက်ခွာလာ....
    ကဗျာတွေ မိုက်တယ်ဗျိုး။

    ReplyDelete
  2. လာဖတ်သွားတာ ကျေးဇူးပါဗျို့...။ ကိုပေါဆိုတဲ့ သီချင်း အမ်ပီသရီး ရှိတယ်...။ ဦးသုခ ဗားရှင်းဗျ...။

    ReplyDelete
  3. နည်းနည်းတော့တမျိုးလိုပဲ
    ရိုးရိုးရေးရင် မရဘူးလားဟင်
    လမင်းအိပ်တန်းတက်ချိန်မှာ ကြားရတဲ့ကြက်တွန်သံလို တမျိုးကြီးပဲ

    ReplyDelete
  4. တစ်ခါတစ်လေတော့လဲ ဆန်းကြည့်ချင်သလားလို့ပါ...။ ကိုအောင်သူရေ...။ :P

    ReplyDelete