Tuesday, November 18, 2008

သေချာခဲ့ပြီလား...။

ဒီတစ်ခေါက်တော့ ဆားမချက်ချင်ပဲ ချက်မိတော့တယ်...။
အီးမေးလ်ထဲ ရောက်လာတဲ့ ဘာသာပြန် စာတစ်ပုဒ်ပါ...။
မူရင်းကလဲကောင်း၊ ဘာသာပြန်သူကလဲ တော်တဲ့အတွက် စာကောင်းတစ်ပုဒ် ဖြစ်သွားပါတယ်...။
(မူရင်းရော ဘာသာပြန်သူကိုပါ မသိပါ...။ )

ဖတ်ပြီးတော့ တစ်ခုခု ကျန်ခဲ့တယ်ဆိုရင် ဘာသာပြန်သူကို ကျေးဇူးတင်လိုက်ပါဗျာ...။
(ခေါင်းစဉ်ကတော့ ကျွန်တော့်ဘာသာ လိုက်ဖက်မယ် ထင်တာကို ပေးတားတာပဲ...။)

=======================================================

သေချာခဲ့ပြီလား...။

ညက ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီးက ညစာအတွက်ပြင်ဆင်နေခဲ့တယ်... ကျနော် သူ့လက်ကို ကိုင်ပြီး မင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမ ထိုင်ပြီး ညစာကို တိတ်ဆိတ်စွာပဲ စားနေခဲ့တယ်... သူမမျက်ဝန်းထဲက နာကျင်မှုတွေ မြင်လေမလားလို့ ကျနော် ရှာနေမိနေတယ်...

ရုတ်တရက် ကျနော် ဘယ်လိုစပြောရမယ်ဆိုတာ မသိတော့ဘူးဖြစ်နေတယ်... ဒါပေမဲ့ ကျနော် ဘာကို စဉ်းစားနေတယ်ဆိုတာတော့ သူမကို အသိပေးကို ပေးရမယ်... "မင်းကို ကွာရှင်းချင်တယ်" ကျနော် တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်... ကျနော် စကားလုံးကြောင့် သူမစိတ်ဆိုးတဲ့ ပုံစံမပြပဲ ကျနော် ကို 'ဘာကြောင့်လဲ" လို့ အေးအေးဆေးဆေးပဲ သူမ ပြန်မေးတယ်... သူမမေးခွန်းကို ကျနော် မဖြေပဲ ရှောင်လွှဲနေလိုက်တယ်... အဲလိုလုပ်မှ သူမဒေါသထွက်လာတယ်... လက်ထဲကိုင်ထားတဲ့ ဇွန်း ခရင်းတွေ လွှတ်ပစ်ပြီး "ရှင် ယောက်ျားမဟုတ်ဘူး" လို့ ကျနော်ကို ပြန်အော်တယ်...

အဲဒီညက ကျနော်တို့ နှစ်ယောက် စကားမပြောဖြစ်ကျတော့ဘူး... သူမကတော့ ငိုကြွေးနေခဲ့တယ်... ကျနော်တို့ အိမ်ထောင်ရေးမှာ ဘာများဖြစ်ခဲ့လို့လဲလို့ သူမ အဖြေရှာနေတယ် ဆိုတာကို ကျနော်သိပါတယ်... သူမ ကျေနပ်လောက်တဲ့ အဖြေ ကျနော် ပေးဖို့ ခက်ခဲနေတယ်... မိုး လို့ ခေါ်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်အပေါ် ကျနော် နှလုံးသားတွေ တိမ်းညွတ်နေခဲ့ပြီးလေ... သူမကို ဘယ်လိုမှ ချစ်လို့ မရတော့ဘူး... အဲဒီအစား သူမကို သနားခြင်းတွေ သာရှိတော့တယ်...

ကျနော် ကိုယ့်အပြစ်ကိုသိနေတဲ့အတွက် ကျနော်တို့ရဲ့ အိမ်ရယ် ကျနော် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရယ် ကားရယ် ကို သူမ ပိုင်ဆိုင်မှုအဖြစ် ကွာရှင်းစာချုပ်ထဲ ထည့်ပေးခဲ့တယ်... သူမက အဲဒီစာချုပ်ကို တချက် ကြည့်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်... ကျနော်နဲ့ ဆယ်နှစ်လုံးလုံးအတူရှိနေခဲ့တဲ့ မိန်းမတယောက်ဟာ လုံးဝ သူစိမ်းတယောက်လိုပါပဲ... သူမရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အင်အားတွေ ကျနော် စိတ်မကောင်းဖြစ်ပေမဲ့... ကျနော် နောက်မဆုတ်နိုင်တော့ပါဘူး... မိုးကို နင့်နင့်နဲနဲ ချစ်နေခဲ့ပြီးလေ...


နောက်ဆုံးတော့ ကျနော့်ရှေ့မှာ သူမ သည်းထန်စွာ ငိုကြွေးပါတော့တယ်.. ကျနော် မျှော်လင့်သလိုပါပဲ... ကျနော်အတွက်တော့ သူမရဲ့ငိုကြွေးမှုဟာ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်.. ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး ရှိနေခဲ့တဲ့ ကွာရှင်းဖို့ စိတ်ကူးဟာ ပိုပြီး ခိုင်မာ ရှင်းလင်းလာခဲ့တယ်...

နောက်နေ့ ကျနော် အိမ်ကို တော်တော်နောက်ကျပြန်ရောက်တယ်... သူမကတော့ စားပွဲပေါ်မှာ တခုခု ရေးနေတာတွေ့တယ်... ညစာမစားတော့ပဲ အိပ်ရာထဲ ထိုးဝင်ပြီ ခဏမှာပဲ အိပ်မောကျသွားတော့တယ်... ဘာလို့လဲ ဆိုတော့ တညနေလုံး မိုးနဲ့ သွားလာပျော်ရွှင်ခဲ့တာ ပင်ပန်းနေတယ်လေ... ကျနော် တရေးနိုးတော့ သူမကတော့ စားပွဲပေါ်မှာ စာရေးနေတုန်းပါပဲ... သူမကို ဂရုစိုက်မနေတော့ဘဲ တဖက်လှည့်ပြီး ပြန်အိပ်လိုက်တော့တယ်...

မနက်လင်းတော့ သူမက သူမဖက်က ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပြောလာတယ်... ကျနော်ဆီက ပိုင်ဆိုင်မှုတွေ ဘာတခုမှ မလိုဘူးတဲ့... ဒါပေမဲ့ တစ်လကြိုတင် အကြောင်းကြားပြီး မှ ကွာရှင်းရမယ်လို့ ဆိုတယ်... အဲဒီတလမှာ ကျနော်တို့ အတူတူ တတ်နိုင်သလောက် သာမန်လိုပဲ နေထိုင်ကြရမယ်လို့ ဆိုပါတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်... ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေး .. သား ရဲ့ စာမေးပွဲ ဟာ တလလောက်ပဲ လိုတဲ့အတွက်ပါတဲ့... သားကို စာမေးပွဲမတိုင်ခင် ကျနော်တို့ နှစ်ယောက်ရဲ့အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့....

ဒါကတော့ ကျနော် အတွက် လက်မခံနိုင်စရာ မရှိပါဘူး... ဒါပေမဲ့ သူမမှာ နောက်ထပ်တောင်းဆိုမှုတခု ထပ်ရှိပါသေးတယ်.. ကျနော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးက ကျနော် သူမကို အိပ်ခန်းထဲ ပွေ့ချီပြီး ခေါ်ထုတ်ခဲ့ ခေါ်သွင်းခဲ့တာကို ပြန်ပြောပြီး... ဒီကွာရှင်းဖို့ စောင့်နေတဲ့ တစ်လအချိန်အတွင်းမှာ မနက်ခင်းတိုင်း သူမကို ကျနော်တို့ရဲ့ အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးထိ ပွေ့ချီပြီး ခေါ်သွားဖို့ တောင်းဆိုတယ်... သူမတကယ်ကို ရူးသွပ်နေပြီး လို့ ကျနော်တွေးလိုက်မိပါတယ်...


ဘာပဲဖြစ်ဖြစ်.. ကျနော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေ ကို ခံနိုင်ရည်ရှိရအောင် သူမရဲ့ ရူးကြောင်ကြောင်တောင်းဆိုမှုကို ကျနော်လက်ခံလိုက်ပါတယ်...

ကျနော် ကျနော့်မိန်းမရဲ့ ကွာရှင်းခွင့်တောင်းဆိုချက်တွေကို မိုး ကို ပြောပြတော့... ရယ်မောပြီး တကယ်ကို ဟာသပဲလို့ ပြောပါသေးတယ်... သူမဘယ်လို နည်းလမ်းတွေ သုံးသုံး.. သူမကတော့ ကွာရှင်းမှုကို ရင်ဆိုင်ရမှာပဲ လို့ နှာခေါင်းလေးရှုံ့ပြီး ပြောသေးတယ်.. ကျနော် သူမကို ကွာရှင်းမယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ စပြီး ကျနော် နဲ့ သူမ မထိမတွေ့ဖြစ်ကျတော့ဘူး... အဲဒါကြောင့် ပထမဆုံးနေ့ သူမကို အခန်းထဲက ပွေ့ချီ ပြီး ခေါ်ထုတ်ခဲ့တဲ့အခါ ကျနော်တို့ နှစ်ယောက် ကချော်ကချွတ် ဖြစ်နေပါတယ်.. သားလေးက ကျနော်တို့ အနောက်က လက်ခုပ်တီးပြီး "ဖေဖေ မေမေ့ကို ဖက်ထားတယ်" လို့ ပြောရင်း ကျနော်တို့ အနောက်က လက်ခုပ်တီးနေပါတယ်... သားလေးရဲ့စကားလုံးတွေက ကျနော့်စိတ်ကို နာကျင်စေပါတယ်.. အိပ်ခန်းထဲကနေ.. ဧည့်ခန်းထဲ..နောက် အိမ်ရှေ့တံခါးထိ သူမကို ကျနော် လက်တွေနဲ့ ပွေ့ပြီး လျှောက်လာပါတယ်.. သူမက မျက်လုံးတွေ မှိတ်ထားကာ ကျနော်ကို ကွာရှင်းမဲ့အကြောင်း သားလေးကို အသိမပေးဖို့ တိုးတိုးလေး ပြောပါတယ်.. ကျနော် စိတ်အနှောက်အယှက်ဖြစ်ဖြစ်နဲ့ပဲ ခေါင်းညိတ်လိုက်တယ်...


သူမကို အိမ်ရှေ့တံခါးဝမှ ချပေးလိုက်တယ်... သူမလည်း အလုပ်သွားဖို့ ကားဂိတ်ကို ထွက်သွားတယ်.. ကျနော်လည်း ရုံးကို သွားပါတယ်...


ဒုတိယနေ့ကျတော့ ကျနော်တို့နှစ်ယောက်အဖို့ ပိုပြီး လွယ်ကူလာပါတယ်... ကျနော်ရင်ဘတ်ကို သူမက မှီထားပါတယ်.. သူမရဲ့ အင်္ကျီက ရနံ့တောင် ကျနော် ရနေမိပါတယ်.. ကျနော် ဒီအမျိုးသမီးကို သေသေချာချာ မကြည့်ခဲ့မိတာ တော်တော်ကြာပြီးလို့ သတိထားမိလိုက်ပါတယ်... သူမဟာ ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ဘူး ဆိုတာ သတိထားမိတယ်.. သူမမျက်နှာပေါ်မှာလဲ အရေးအကြောင်းလေးတွေတွေ့ရတယ်.. ဆံပင်တချို့လည်း ဖြူစပြုနေပါတယ်... ကျနော်တို့ အိမ်ထောင်ရေးက သူမဆီက အားလုံးရယူသွားခဲ့ပြီးလေ... အဲဒီတခဏမှာ ကျနော် သူမအပေါ် ဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးနေမိပါတယ်....

နောက်တနေ့ကျပြန်တော့... ကျနော် သူမကို ပွေ့ချီလိုက်တဲ့အခါ ရင်နှီးကျွမ်းဝင်တဲ့ခံစားချက်တခု ပြန်ရလိုက်သလို ကျနော် ခံစားလိုက်ရပါတယ်.. ဒီအမျိုးသမီးဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ဘ၀ ကို ကျနော်ကို ပေးခဲ့တယ်... နောက်ထပ် တနေ့ပြီး တနေ့ ကျနော်တို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ပိုလာခဲ့တယ်.. မိုး ကိုတော့ ဒီအကြောင်းတွေ မပြောပြဖြစ်ခဲ့ဘူး... တလဆိုတဲ့ အချိန် ကုန်ဆုံးလာတာနဲ့ အမျှ သူမကို ပွေ့ချီ ရတာဟာ ပိုလို့ လွယ်ကူလာခဲ့တယ်... နေ့တိုင်း အလေးမသလို ဖြစ်နေတော့ ကျနော် ပို ပြီး အားတောင့်လာတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...

တမနက်တော့ သူမဟာ ဘာဝတ်ရင်ကောင်းမလဲ ဆိုတာ ရွေးနေပါတယ်... တော်တော်များများ ရွေးဝတ်ကြည့်ပြီးတဲ့အထိ စိတ်တိုင်းကျ ရှာမရဘူးဖြစ်နေတယ်... ကျမအင်္ကျီတွေ အားလုံး ကြီးကုန်ပြီ လို့ သက်ပြင်းလေး ချပြီး ဆိုပါတယ်.. ရုတ်တရက် ကျနော် သတိထားမိသွားတယ်.. သူမ တော်တော်လေး ပိန်သွားတာပဲ... ဒါကြောင့် ကျနော် သူမကို လွယ်လွယ်ကူကူ ပွေ့ချီနိုင်တာပေါ့... ကျနော် စိတ်ထိခိုက်သွားတယ်... သူမဟာ နာကျင်မှု ခံစားချက်တွေ ကို သူမနှလုံးသားထဲ မြုပ်နှံထားတာပဲလို့ တွေးမိတယ်...

သတိလက်လွတ်နဲ့ ကျနော် သူမခေါင်းလေးကို သပ်လိုက်ပါတယ်.. အဲဒီအချိန် သား ရောက်လာပြီး... ဖေဖေ.. မေမေ့ကို ချီဖို့ အချိန်ရောက်ပြီး လို့ လှမ်းပြောတယ်... သားလေးအတွက်တော့ သူ့အဖေက သူ့အမေကို ပွေ့ချီသွားတာဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါပြီး... ကျနော့်ဇနီးက သားကို လက်ယပ်ခေါ်လိုက်ပြီး ခပ်ကျပ်ကျပ်ဖက်ထားလိုက်တယ်.. နောက်ဆုံးအချိန်လေးမှာ ကျနော်စိတ်တွေ ပြောင်းလဲသွားမှာ ကြောက်လို့ ကျနော် တဖက်ကို မျက်နှာလွှဲလိုက်ပါတယ်.. ပြီးတဲ့အခါ.. ကျနော် သူမကို လက်ထဲပွေ့ပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းကို ကျော်ကာ အိမ်ရှေ့ထိ ခေါ်ခဲ့တယ်... သူမက ကျနော့်လည်ပင်းကို အသာအယာ သိုင်းထားတယ်... ကျနော်က သူမရဲ့ကိုယ်လေး ကို ခပ်ကျပ်ကျပ် ဖက်ထားတယ်... ကျနော်တို့ မင်္ဂလာဦးတုန်းက လို ပေါ့...

ဒါပေမဲ့... သူမရဲ့ကိုယ်လုံးပေါ့ပေါ့လေးက ကျနော်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်... နောက်ဆုံးနေ့မှာတော့ သူမကို ကျနော့်လက်တွေနဲ့ ပွေ့ထားပေမဲ့.. ခြေတလှမ်းရွေ့ဖို့ ခက်ခဲနေခဲ့တယ်.. သားလေးလည်း ကျောင်းသွားပြီး... သူမကို ခပ်ကျပ်ကျပ် ပွေ့ထားပြီး တို့နှစ်ယောက်ကြားမှာ ရင်နှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးနေတာ ကို သတိမထားမိဘူးလို့ ကျနော် ပြောလိုက်တယ်...

ကျနော် ရုံးကို ကားမောင်းသွားတယ်.. တံခါးတောင်ပြန်မပိတ်ပဲ ကားပေါ်က ဆင်းလိုက်တယ်... နည်းနည်းလေး နှောင့်နှေးသွားရင် စိတ်တွေ ပြောင်းလဲသွားမှာကို ကျနော် ကြောက်နေမိတယ်.. ကျနော် ရုံးပေါ်ကို တက်သွားတယ်.. မိုး က တံခါးလာဖွင့်ပေးတယ်... မိုး... ကျနော် စိတ်မကောင်းပါဘူး... ကျနော် မကွာရှင်းချင်တော့ဘူး လို့ ပြောလိုက်ပါတယ်...

သူမက အံသြစွာနဲ့ ကျနော်ကို ကြည့်တယ်.. ကျနော် နဖူးကို စမ်းကြည့်ပြီး ရှင်နေကောင်းရဲ့လား မေးတယ်... ကျနော် သူ့လက်ကို ဖယ်လိုက်ပြီး... စိတ်မကောင်းပါဘူး မိုး... ကျနော် မကွာရှင်းတော့ဘူး... ကျနော်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းလိမ့်မယ်.. ဘာလို့လဲဆိုတော့ ကျနော်နဲ့ သူ ... ဘ၀ရဲ့အသေးစိတ်လေးတွေကို တန်ဖိုးမထားမိခဲ့လို့ပဲ... တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကျတော့လို့ မဟုတ်ဘူး... ခု ကျနော် သိလိုက်ပြီး... မင်္ဂလာဦးတုန်းက သူမကို ပွေ့ချီပြီး အိမ်ခေါ်လာတဲ့အချိန်ကစလို့.. သေခြင်းတရားက ကျနော်တို့ နှစ်ယောက်ကို မခွဲခင် အချိန်ထိ ကျနော် သူမကို ထွေးပွေ့သွားရမယ်...

မိုး ရုတ်တရက်အိပ်ရာလန့်နိုးသလို ဖြစ်သွားတယ်.. ကျနော့် ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး တံခါးဆောင့်ဖွင့်ကာ ငိုကြွေးနေပါတယ်.. ကျနော် ရုံးအောက်ဆင်းလာပြီး ကားမောင်းထွက်လာခဲ့တယ်.. လမ်းမှာတွေ့တဲ့ ပန်းအရောင်းဆိုင်မှာ ကျနော် ဇနီးအတွက် ပန်းတစည်း ၀င်မှာတယ်... အရောင်းစာရေးမလေးက ကတ်ပေါ်မှာ စာရေးခိုင်းတော့.. ကျနော် ပြုံးပြီး ရေးလိုက်ပါတယ်...

ကျနော်တို့ ဘ၀တွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်... အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး... အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး... ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ... ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ... တကယ်ပျော်ရွှင်တဲ့ ဘ၀လေးတခု ဖြစ်မှာပါ...

8 comments:

  1. ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ ..
    မိုက်တယ်နော်.. တစ်ခုခုကျန်ခဲ့တဲ့အတွက် ဘာသာပြန်သူကိုရော တင်ပေးတဲ့ ပီဘွိုက်စ်ကိုပါ kop sal htin u kha..

    ReplyDelete
  2. ဒီအဖြစ်မျိုးများ ကြုံခဲ့ရင် တို့တော့ ဒီနည်းသုံးခွင့် မရနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တို့က အချိန်စီး ရှာတယ်။ :)

    အင်မတန်ကောင်းတဲ့ ပို့စ်ပါ။

    ReplyDelete
  3. မောင်ရင်။ မောင်ရင့် ပို့စ်ကိုဖတ်ပြီး အရမ်းခံစားရတယ်ဗျာ။ မိန်းမရေ။ မိန်းမ။ မင်းကို ငါလွမ်းတယ်ဟ။ (ဂလု) သောက်လက်စတောင် မျိုမကျတော့ဘူး။ (ဂလု) ငါ သိပ်တစ်ကိုယ်ကောင်းဆန်နေပြီလား။ (ဂလု) ငါ့ကို ခွင်လွှတ်ပါ။ (ဂလု၊ ဂလု၊ ဂလု။)

    ReplyDelete
  4. အဲ..အဲလိုသာ ပွေ့ခိုင်းရင် မနိုင်လို့ ပစ်ချလိုက်မှဖြင့်..
    :(

    ReplyDelete
  5. ဘုရား...ဘုရား....မဒမ်ပေါတယောက်...ဒီပို့စ်ကို မမြင်ပါစေနဲ့။ မဟုတ်ရင် Forklift နဲ့ မရကိန်းရှိတယ်။

    ReplyDelete
  6. အခုပဲ မဒမ်ပေါကို ဒီပို့စ်လာဖတ်ဖို့ ဓါတ်ချောစာ ရိုက်လိုက်တယ်...။ အဟိ

    ReplyDelete
  7. သူက အဲလို လုပ်မှာလားဟင် မမွန်....။

    ReplyDelete