Monday, April 6, 2009

ထိုခဏ

ဒီနေ့တစ်နေ့လုံး မိုးရွာနေတယ်။
မိုးတွေကလဲ တစ်ဂျိန်းဂျိန်းနဲ့ အညိုးတစ်ကြီး ဆိုသလို ရွာနေတာ...။
ရေတွေ အပေါ်ကနေ သွန်ချနေသလား ထင်ရအောင် ဒလဟော ကျနေတာဆို.. မိုးရွာနေတာနဲ့ မတူတော့ပဲ တာကျိုးနေတဲ့ ပုံနဲ့တောင် တူနေသေး...။
ဆိုတော့ အိမ်ထဲမှာပဲ နေနေတာ...။ ပြတင်းပေါက်ကို မိုးစက်တွေ မတရား ၀င်လာမှ ပိတ်လိုက်တယ်။
ပိတ်တုန်းက မလုံလို့ ထင်ပါ့။ မှန်ပြတင်းနှစ်ခုကြားထဲ လေတွေ တိုးသံက မသိရင်ပဲ သရဲကားထဲက လေတိုးသံလိုလို... စစ်ကားထဲက မိုင်းနင်းမိခါနီး စစ်သားတစ်ယောက် နားထဲ ကြားနေတဲ့ လေတိုးသံလိုလို၊ သားကောင်ကို ပစ်တော့မယ့်ဆဲဆဲ ချိန်ထားတဲ့ မြားတံကို ဖြတ်ပွတ်သွားတဲ့ လေတိုးသံ လိုလို ထင်မိတယ်...။ တစ်ကယ်က ကျွန်တော့် အိပ်ရာပြတင်းမှန်ကြားထဲကို ဖြတ်တိုးဝင်လာတဲ့ တစ်ဟဲဟဲနဲ့ မြည်နေတဲ့ လေသံပါ။
သေမင်းအော်သံနဲ့တောင် တူနေလေရဲ့...။

ပင်လယ်ထဲမှာ ဒီလို မိုးရွာပုံမျိုးနဲ့ဆိုရင်တော့ သဘောင်္ငယ်များ၊ ငါးဖမ်း လှေငယ်များကတော့ ဟိုလူး ဒီလာ၊ ဘယ်ညာ ယိမ်းငင်နေမှာပါ့။
ကိုတံငါများတော့ ဘယ်လို နေရှာမလဲတော့ မသိ...။

တစ်ခါသားမယ် အဲဒီလို ရာသီဥတု ဆိုးဝါးပြင်းထန်နေချိန်မှာ သင်္ဘောငယ် တစ်စင်းရဲ့ ၀မ်းဗိုက်ထဲမှာ ရောက်နေခဲ့ဖူးတယ်။ ထမင်းစားခန်းထဲကိုတောင် တည့်တည့်မတ်မတ် သွားနိုင်ဖို့ အနိုင်နိုင် ကြိုးစားရတဲ့ တစ်ခဏ...။ ဗြုန်းဆို ကုန်းပတ်ပေါ်ကို တက်တဲ့ လှေကားနားက တံခါးက ရုတ်ချည်း ပွင့်သွားလေတော့ လေတိုးသံတွေ နားထဲ ဆောင့်ဝင်လာတာ...။ တစ်ဟဲဟဲနဲ့...။

နောက်တစ်ခါကျတော့ တောင်ကြီးကနေ မန္တလေးကို ကားနဲ့ ဆင်းသွားတဲ့ အခေါက်။ မိုးရာသီ...
လေတွေ မတရားတိုက်လွန်းလို့ ကားဘေးနားက မိုးကာတွေ အကုန်ချပြီး မောင်းနေတာ။ နောက်ဆုံး မိုးကို အန်တုဖက်ပြိုင်ခြင်းငှာ မစွမ်းသာတော့တဲ့ ကိုရွှေဒရိုင်ဘာခမျာ လမ်းဘေး ကားထိုးရပ်နေရရှာတော့တယ်။ မိုးကာ အလုံပိတ်ထားတော့ လူကမွန်းကျပ်။ လူ့ချွေးစော်တွေနဲ့ မူးဝေ... ဖလန်းကနဲ လေတိုးလိုက်တော့ မိုးကာ လှန်သွားတယ်...။ လားလား.. လေတိုက်သံက တော်လဲ မြည်သလိုပဲ... (၀မ်းတွင်း မရောက်ခင် နေရာမှာ...)

အဲ..ပြောရပြန်ရင် ... နောက်တစ်ခေါက်က လေယာဉ်နဲ့ဗျ...။ မိုးရွာတော့ လေယာဉ်က အထိန်းအကွပ်မဲ့သလို ဖြစ်နေရော...။ Air pocket ဆိုလား... Turbulence ဆိုလား.. အဲဒါနဲ့ မိတော့ လေယာဉ်က အပေါ်အောက် ပြုတ်ကျလိုက် ငြိမ့်ကနဲ တက်သွားလိုက်နဲ့... ရန်ကုန်လေဆိပ်ကို မဆင်းနိုင်တော့ပဲ ပဲခူးလေဆိပ်မှာ ၀ဲနေရတယ်...။ ၂ နာရီလောက်ကြာအောင်ကို လေယာဉ်ပေါ်မှာ ဆန်ပြုတ်ရောင်းလိုက်ရတယ်...။

သဘာဝကို အန်မတုနိုင်တဲ့ လူသားများထဲက တစ်ယောက်အနေနဲ့ ဆိုးရွားတဲ့ ရာသီဥတုကို ကြုံမိတဲ့ အခိုက် ခံစားမိတာလေး ချရေးပေးလိုက်ရပါတယ်။

(မိုးနဲ့ ပါတ်သက်လို့ တစ်ပို့စ်တော့ တင်ဖြစ်အောင် တင်ပါဆိုလို့ ဆိုလာသူ တစ်ယောက်အတွက်...။)
(မရေးတတ် ရေးတတ်နဲ့မို့လို့ ရေးလိုက်တယ်...။ အကျိုး မဖြစ်ပေမယ့် အဆိပ်အတောက်တော့ မဖြစ်လောက်ဘူး ထင်ပါတယ်။)

7 comments:

  1. ကိုဘ မိုးအကြောင်း လာဖတ်တာ

    ReplyDelete
  2. ရေးတတ်ပါတယ်။ ကိုဘရဲ့မိုးကိုလာခံစားကြည့်တယ။်

    ReplyDelete
  3. ကိုဘ .. မိုး ဆိုးတာချည်း ရေးလို့ ဘယ်တရားမလဲ။ တို့နံမည်က မိုး ပါတော့ အထွန့်တက်လိုက်ပြီ။

    ReplyDelete
  4. ဆိုးဆိုးကောင်းကောင်း နာမည်ပါရင်ကျေးဇူးတင်။ ရေးပေးတာ appreciate လုပ်ပါ။

    ReplyDelete
  5. မိုးတွေသည်းကြီးမည်းကြီးရွာရင် သီချင်းအေးအေးလေးဖွင့် စာအုပ်လေးဖတ် စောင်လေးခြုံပြီးကွေး.... မိုက်မှမိုက်ပဲ..

    ReplyDelete
  6. သြော်.. မိုးနဲ့ ပတ်သက်တာတင်တာ ဆန်ပြုတ်ရောင်းတဲ့ အခန်းက ပါလာသေးသကွယ်.... အိ..အိ

    ReplyDelete
  7. “မီယာ” - ကျေးဇူးပါ။

    “အန်တီဂွိ” - အားပေးစကားအတွက် ကျေးဇူးပါ။

    “မိုးချိုသင်း” - ကိုရင်သာအေးတုန်းက မိုးအကြောင်း ကောင်းတာလေး ရေးပေးထားတယ် အစ်မရဲ့...။

    “မြိုး” - အတော်ကို ကောင်းမွန်တဲ့ အကြံအစည်ပါ။ ကော်ဖီပူပူလေး တစ်ခွက်ကော မပါဘူးလား...။

    “ဆင်ဆင်” - ဆန်ပြုတ်ရောင်းတာကတော့ အတည်အခန့်များ ရေးလို့ မရတော့တဲ့ လက်က အော်တို ထည့်ပေးလိုက်တာပါကွယ်...။ ကိုယ့်ကိုယ်ငါးဆယ်ပေးပါ ဆင်ဆင်.. အဲ.. နားလည်ပေးပါ...။

    ReplyDelete