လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၁)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၂)
ပြန်ဆက်မယ်။ ချမ်းအေးသာဇံ ကားကြီးကွင်းကနေ အရှေ့ကို တည့်တည်ချိုးလာတဲ့ ကားလေး ၂၆ ဘီလမ်း တစ်ရိပ်ရိပ် မောင်းနေတယ်။ မှတ်မိနေတဲ့ ကျုံးရေပြင်နဲ့ ပြဿဒ်တွေ၊ ကျုံးရေပြင်ထဲက ကြာပန်းတွေဟာ မျက်စိထဲမှာ လှနေတုန်းပဲ။ မန်းလေးဆိုတဲ့အတိုင်း အညာနေဟာ ပြင်းထန်နေတယ်။ ၇၃ လမ်းကို ကျော်လာတော့ ရင်နည်းနည်း ထိတ်သွားတယ်။ ဘာလို့ တက္ကသိုလ်ကို မသွားတာပါလိမ့်။ ကားလေးက ဆက်သွားနေတုန်းပဲ။ ဒီလိုနဲ့ ကျုံးအရှေ့ဘက်ကို ရောက်ခဲ့တယ်။ အဲဒီမှာ ကားလေးက မြောက်ဘက်ကို ပြန်ချိုးလိုက်ပြီး ကျုံးအရှေ့လမ်းအတိုင်း ဆက်မောင်းပြန်တယ်။ အော်... ငတို့ကျောင်းက မန်းလေး တောင်ခြေမှာကိုး၊ ဘုရားကို အေးဆေး ဖူးလို့ရတာပေါ့လို့ တွေးနေတုန်းမှာပဲ ... ကျုံးအရှေ့မုခ်တည့်တည့်က နန်းရှေ့ကို သွားတဲ့ လမ်းလေးအတိုင်း အရှေ့ဘက်ကို ချိုးပြန်တယ်။ ဘယ့်နှယ် မန်းလေးတောင်ခြေမှာ မဟုတ်ပြန်ဘူးတဲ့လား...။ အင်း.. နားထဲမှာတော့ အိမ်မှာတုန်းက လာနှုတ်ဆက်တဲ့ အဒေါ့်သူငယ်ချင်းတစ်ယောက် ပြောတာ ကြားဖူးတယ်။ နင်တို့ကို တောထုတ်ထားတာ ဆိုတော့ သူကျီစယ်တာ နေမှာပါ ထင်ထားတာ။ မန်းလေးဆိုတာ တော ရှိတဲ့ အရပ်မှ မဟုတ်တာ။ ဘယ်က တောထုတ်ရမှာတုန်းလို့...။
ကားလေးကတော့ သူ့သခင် စေရာ လမ်းအတိုင်း နန်းရှေ့ကနေ တောက်လျှောက် မောင်းနေတုန်းပဲ...။ ဒီလိုနဲ့ တိုက်တာ အိမ်ခြေများကို ကျော်လာပါပြီ။ နန်းရှေ့က နာမည်ကြီး ပိုးထည်တိုက်တွေလဲ ကျော်သွားပါပြီ...။ အိမ်ခြေရာခြေတွေ နည်းပါးသွားပြီး ဘေး တစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ မြင်လာပါတယ်။ ဒီတော့ အတူပါလာတဲ့ စီနီယာ အစ်ကိုကြီးကို မေးမိတယ်။ အခု ဘယ်ကို သွားနေတာလဲ ဆိုတော့ ကိုယ်တော်ချောက မိန့်မိန့်ကြီး ပြုံးပြီးတော့ Welcome To MIT, the jungle ဆိုပြီး ကျောင်းကို သွားနေတာလေ လို့ ပြန်ဖြေတယ်။ မရောက်သေးဘူးလား ဆိုတော့ ရောက်တော့မှာပါတဲ့...။ တစ်ပြ နှစ်ပြ ဆို ရောက်ပါပြီတဲ့။
လယ်ကွင်းတွေလဲ ဖြတ်လိုက်ရတာ မနားပဲ...။ အဲဒီနောက် လမ်းမှာ လမ်းဖြတ်ခ ကောက်တဲ့ဂိတ်တစ်ခုကို ရောက်လာတယ်။ ဂိတ်နဲ့ ဟိုရှေ့မလှမ်းမကမ်းမှာ ဘယ်ဘက်ကနေ မြောက်ဘက်ကို တူရူ ခွဲထွက်သွားတဲ့ လမ်းလေးကို တွေ့နေရတယ်။ အဲဒီမှာ အိမ်တန်းတွေ စုစုနဲ့ မြင်နေရတာ မေးကြည့်တော့ ပုသိမ်ကြီး မြို့နယ်ကို သွားတဲ့လမ်းတဲ့။ ဟင်.. ဒါဆို မန်းလေးမြို့ထဲက ထွက်လာပြီပေါ့...။ ကျောင်းရောက်ခါနီးပြီလား ဆိုတော့ နီးပါပြီ တစ်ပြပေါ့တဲ့။
ကားဂိတ်မှာ ဂိတ်ကြေးတွေ ပေးပြီးပြန်တော့ ဆက်မောင်းလာတယ်။ ပုသိမ်ကြီးလမ်းခွဲလေးကတော့ ကျန်နေခဲ့တယ်။ ဒီလမ်းလေးလဲ နောက်ကို ချောင်းပေါက်မတတ်လာခဲ့ရတဲ့ လမ်းလေး တစ်ခု ဖြစ်ပြန်တယ်။ ဆက်ထွက်လာတော့ လမ်းရဲ့ မြောက်ဘက်ခြမ်းက လယ်ကွင်းထဲမှာ အဆောက်အအုံ ဖြူဖြူလေးတွေ အများကြီးနဲ့ တွေ့တော့ ၀မ်းသာအားရနဲ့ ကျောင်းရောက်ပြီးလား မေးမလို့ ရှိတုန်း ဘွားကနဲ ပေါ်လာတဲ့ ဆိုင်းဘုတ်ကြောင့် မေးမယ့် စကားလုံးတွေ မျိုချလိုက်ရတယ်။ “ပုသိမ်ကြီး အဆုတ်ရောဂါ ကုသရေး ဆေးရုံ” တဲ့။ စာရေးဆရာမ ခင်နှင်းယုရဲ့ “ရင်နင့်အောင်မွေး” ဆိုတဲ့ ၀တ္ထုထဲက ဇာတ်ကောင် ဆေးလာကုတယ် ဆိုတာ ဒီဆေးရုံ ဖြစ်မယ်။ ပြောရဦးမယ်။ ပုသိမ်ကြီး၊ ရေကြည် အဲဒီနားတစ်ဝိုက်က ရေတွေဟာ ထုံးဓါတ်ကြွယ်ဝ လို့ ဆိုလား မသိဘူး။ အဆုတ်နာနဲ့ တည့်တယ်တဲ့။ ဒါ့ကြောင့် အဲဒီနားမှာ အဆုတ်ဆေးရုံ လာတည်ကြတာ။ အဲဒီကနေ နည်းနည်း ထပ်သွားလိုက်ရင် ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်။ အဲဒီနားက ကျောင်းက ရေတွင်းက ရေဟာ PH7 အဆင့် ရှိတယ်တဲ့။ သဘာဝ သောက်ရေသန့်လို့ ဆိုရမယ်။ အဲဒီနား နေထိုင်သူ တွေဟာ ဘုန်းဘုန်းဆီကနေ ခွင့်တောင်းပြီး သောက်ရေလာယူကြတယ်။ ပြင်သစ်က ရေသန့်ပညာရှင်တွေကိုယ်တိုင် လာစစ်ဆေးပြီးတော့ လူတွေ သောက်နိုင်တဲ့ PH လယ်ဗယ် အဆင့်မှီတယ်လို့လဲ ထောက်ခံသွားတယ်တဲ့။ (နက္ခတ္တ ရောင်ခြည် မဂ္ဂဇင်းထဲမှာတော့ အဲလို ရေးထားတာပဲ။) ဘာပဲပြောပြော ထုံးရေကြောင့် ရေကို ကျိုချက်နေရတဲ့သူတွေ အတွက် ထင်းဖိုး မီးဖိုး သက်သာတာပေါ့။ တစ်ချို့မန်းလေး မြို့တွင်းက သူတွေဆို ကားနဲ့ တစ်ကူးတစ်က လာယူကြတယ် ပြောတယ်။ နာမည်ကြီး သောက်ရေသန့် လုပ်ငန်းရှင် တစ်ယောက်က ဘုန်းဘုန်းကို ချဉ်းကပ်ပြီး ရေသန့် ထုတ်ရောင်းမယ် ဆိုတာကို ဘုန်းဘုန်းက လက်မခံပဲ အများဝေနေယျကို အခမဲ့သာ ဖြန့်ဝေမယ်လို့ ပြောတယ်တဲ့။ သာဓု သာဓု သာဓု။
ဒီလိုနဲ့ ကားနဲ့ ခရီး ဆက်ပြန်တယ်။ ခဏနေတော့ အရှေ့ဆီမှာ ထီးထီးတည်း ရှိနေတဲ့ တောင်တစ်လုံးကို တွေ့ပြန်တယ်။ အမ်အိုင်တီ ကျောင်းသားများ ဦးခိုက်ရာ ရန်ကင်းတောင် ဆိုပဲ။
ဆက်ရန်....။


