Friday, June 19, 2009

လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၃)

လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၁)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၂)

ပြီးခဲ့တဲ့ ပို့စ်တွေမှာ ကျွန်တော်ရေးထားတာတွေကို ဖတ်ပြီး ကျွန်တော့်ကို ကိုနဗန နဲ့ တစ်နှစ်ထဲဆိုပြီး လာပြောနေတာ များတယ်။ တစ်ကယ်တော့ ကျွန်တော်က ကိုနဗန တို့နှစ်က မဟုတ်ပါဘူး။ သူက ကျွန်တော့်ထက်ကို အများကြီး စီနီယာကျပါတယ်။ (ကျွန်တော့်ထက်လဲ ရုပ်ပိုဆိုးပါတယ်။ သူက နူတ်ခမ်းမွေး စစနဲ့ ၀င်းဦးစတိုင် ဖမ်းချင်တာကိုဗျ...။ ၀င်းဦးနဲ့တော့ မတူဘူး.. သမိန်ပေါသွပ်နဲ့တူတယ်။ အဟက်...။ သူဒီဘလော့ လာမဖတ်နိုင်လောက်ဘူး။) သူတို့နှစ်တုန်းက အငြိမ့်တွေ ဘာတွေ ရှယ် လုပ်ဖြစ်သေးတယ်ဗျ။ ကျွန်တော်တို့နှစ်မှာလဲ လုပ်တယ်။ ဒါပေမယ့် သူရို့လောက် ၀က်ဝက်မကွဲဘူးပေါ့ဗျာ။ မေဂျာအလိုက် ဖြစ်သွားတာလဲ ပါလိမ့်မယ်။

ပြန်ဆက်မယ်။ ချမ်းအေးသာဇံ ကားကြီးကွင်းကနေ အရှေ့ကို တည့်တည်ချိုးလာတဲ့ ကားလေး ၂၆ ဘီလမ်း တစ်ရိပ်ရိပ် မောင်းနေတယ်။ မှတ်မိနေတဲ့ ကျုံးရေပြင်နဲ့ ပြဿဒ်တွေ၊ ကျုံးရေပြင်ထဲက ကြာပန်းတွေဟာ မျက်စိထဲမှာ လှနေတုန်းပဲ။ မန်းလေးဆိုတဲ့အတိုင်း အညာနေဟာ ပြင်းထန်နေတယ်။ ၇၃ လမ်းကို ကျော်လာတော့ ရင်နည်းနည်း ထိတ်သွားတယ်။ ဘာလို့ တက္ကသိုလ်ကို မသွားတာပါလိမ့်။ ကားလေးက ဆက်သွားနေတုန်းပဲ။ ဒီလိုနဲ့ ကျုံးအရှေ့ဘက်ကို ရောက်ခဲ့တယ်။ အဲဒီမှာ ကားလေးက မြောက်ဘက်ကို ပြန်ချိုးလိုက်ပြီး ကျုံးအရှေ့လမ်းအတိုင်း ဆက်မောင်းပြန်တယ်။ အော်... ငတို့ကျောင်းက မန်းလေး တောင်ခြေမှာကိုး၊ ဘုရားကို အေးဆေး ဖူးလို့ရတာပေါ့လို့ တွေးနေတုန်းမှာပဲ ... ကျုံးအရှေ့မုခ်တည့်တည့်က နန်းရှေ့ကို သွားတဲ့ လမ်းလေးအတိုင်း အရှေ့ဘက်ကို ချိုးပြန်တယ်။ ဘယ့်နှယ် မန်းလေးတောင်ခြေမှာ မဟုတ်ပြန်ဘူးတဲ့လား...။ အင်း.. နားထဲမှာတော့ အိမ်မှာတုန်းက လာနှုတ်ဆက်တဲ့ အဒေါ့်သူငယ်ချင်းတစ်ယောက် ပြောတာ ကြားဖူးတယ်။ နင်တို့ကို တောထုတ်ထားတာ ဆိုတော့ သူကျီစယ်တာ နေမှာပါ ထင်ထားတာ။ မန်းလေးဆိုတာ တော ရှိတဲ့ အရပ်မှ မဟုတ်တာ။ ဘယ်က တောထုတ်ရမှာတုန်းလို့...။

ကားလေးကတော့ သူ့သခင် စေရာ လမ်းအတိုင်း နန်းရှေ့ကနေ တောက်လျှောက် မောင်းနေတုန်းပဲ...။ ဒီလိုနဲ့ တိုက်တာ အိမ်ခြေများကို ကျော်လာပါပြီ။ နန်းရှေ့က နာမည်ကြီး ပိုးထည်တိုက်တွေလဲ ကျော်သွားပါပြီ...။ အိမ်ခြေရာခြေတွေ နည်းပါးသွားပြီး ဘေး တစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ မြင်လာပါတယ်။ ဒီတော့ အတူပါလာတဲ့ စီနီယာ အစ်ကိုကြီးကို မေးမိတယ်။ အခု ဘယ်ကို သွားနေတာလဲ ဆိုတော့ ကိုယ်တော်ချောက မိန့်မိန့်ကြီး ပြုံးပြီးတော့ Welcome To MIT, the jungle ဆိုပြီး ကျောင်းကို သွားနေတာလေ လို့ ပြန်ဖြေတယ်။ မရောက်သေးဘူးလား ဆိုတော့ ရောက်တော့မှာပါတဲ့...။ တစ်ပြ နှစ်ပြ ဆို ရောက်ပါပြီတဲ့။

လယ်ကွင်းတွေလဲ ဖြတ်လိုက်ရတာ မနားပဲ...။ အဲဒီနောက် လမ်းမှာ လမ်းဖြတ်ခ ကောက်တဲ့ဂိတ်တစ်ခုကို ရောက်လာတယ်။ ဂိတ်နဲ့ ဟိုရှေ့မလှမ်းမကမ်းမှာ ဘယ်ဘက်ကနေ မြောက်ဘက်ကို တူရူ ခွဲထွက်သွားတဲ့ လမ်းလေးကို တွေ့နေရတယ်။ အဲဒီမှာ အိမ်တန်းတွေ စုစုနဲ့ မြင်နေရတာ မေးကြည့်တော့ ပုသိမ်ကြီး မြို့နယ်ကို သွားတဲ့လမ်းတဲ့။ ဟင်.. ဒါဆို မန်းလေးမြို့ထဲက ထွက်လာပြီပေါ့...။ ကျောင်းရောက်ခါနီးပြီလား ဆိုတော့ နီးပါပြီ တစ်ပြပေါ့တဲ့။

ကားဂိတ်မှာ ဂိတ်ကြေးတွေ ပေးပြီးပြန်တော့ ဆက်မောင်းလာတယ်။ ပုသိမ်ကြီးလမ်းခွဲလေးကတော့ ကျန်နေခဲ့တယ်။ ဒီလမ်းလေးလဲ နောက်ကို ချောင်းပေါက်မတတ်လာခဲ့ရတဲ့ လမ်းလေး တစ်ခု ဖြစ်ပြန်တယ်။ ဆက်ထွက်လာတော့ လမ်းရဲ့ မြောက်ဘက်ခြမ်းက လယ်ကွင်းထဲမှာ အဆောက်အအုံ ဖြူဖြူလေးတွေ အများကြီးနဲ့ တွေ့တော့ ၀မ်းသာအားရနဲ့ ကျောင်းရောက်ပြီးလား မေးမလို့ ရှိတုန်း ဘွားကနဲ ပေါ်လာတဲ့ ဆိုင်းဘုတ်ကြောင့် မေးမယ့် စကားလုံးတွေ မျိုချလိုက်ရတယ်။ “ပုသိမ်ကြီး အဆုတ်ရောဂါ ကုသရေး ဆေးရုံ” တဲ့။ စာရေးဆရာမ ခင်နှင်းယုရဲ့ “ရင်နင့်အောင်မွေး” ဆိုတဲ့ ၀တ္ထုထဲက ဇာတ်ကောင် ဆေးလာကုတယ် ဆိုတာ ဒီဆေးရုံ ဖြစ်မယ်။ ပြောရဦးမယ်။ ပုသိမ်ကြီး၊ ရေကြည် အဲဒီနားတစ်ဝိုက်က ရေတွေဟာ ထုံးဓါတ်ကြွယ်ဝ လို့ ဆိုလား မသိဘူး။ အဆုတ်နာနဲ့ တည့်တယ်တဲ့။ ဒါ့ကြောင့် အဲဒီနားမှာ အဆုတ်ဆေးရုံ လာတည်ကြတာ။ အဲဒီကနေ နည်းနည်း ထပ်သွားလိုက်ရင် ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ်။ အဲဒီနားက ကျောင်းက ရေတွင်းက ရေဟာ PH7 အဆင့် ရှိတယ်တဲ့။ သဘာဝ သောက်ရေသန့်လို့ ဆိုရမယ်။ အဲဒီနား နေထိုင်သူ တွေဟာ ဘုန်းဘုန်းဆီကနေ ခွင့်တောင်းပြီး သောက်ရေလာယူကြတယ်။ ပြင်သစ်က ရေသန့်ပညာရှင်တွေကိုယ်တိုင် လာစစ်ဆေးပြီးတော့ လူတွေ သောက်နိုင်တဲ့ PH လယ်ဗယ် အဆင့်မှီတယ်လို့လဲ ထောက်ခံသွားတယ်တဲ့။ (နက္ခတ္တ ရောင်ခြည် မဂ္ဂဇင်းထဲမှာတော့ အဲလို ရေးထားတာပဲ။) ဘာပဲပြောပြော ထုံးရေကြောင့် ရေကို ကျိုချက်နေရတဲ့သူတွေ အတွက် ထင်းဖိုး မီးဖိုး သက်သာတာပေါ့။ တစ်ချို့မန်းလေး မြို့တွင်းက သူတွေဆို ကားနဲ့ တစ်ကူးတစ်က လာယူကြတယ် ပြောတယ်။ နာမည်ကြီး သောက်ရေသန့် လုပ်ငန်းရှင် တစ်ယောက်က ဘုန်းဘုန်းကို ချဉ်းကပ်ပြီး ရေသန့် ထုတ်ရောင်းမယ် ဆိုတာကို ဘုန်းဘုန်းက လက်မခံပဲ အများဝေနေယျကို အခမဲ့သာ ဖြန့်ဝေမယ်လို့ ပြောတယ်တဲ့။ သာဓု သာဓု သာဓု။

ဒီလိုနဲ့ ကားနဲ့ ခရီး ဆက်ပြန်တယ်။ ခဏနေတော့ အရှေ့ဆီမှာ ထီးထီးတည်း ရှိနေတဲ့ တောင်တစ်လုံးကို တွေ့ပြန်တယ်။ အမ်အိုင်တီ ကျောင်းသားများ ဦးခိုက်ရာ ရန်ကင်းတောင် ဆိုပဲ။

ဆက်ရန်....။

15 comments:

  1. နံပတ် ၁ ကွ..ဟားဟား
    ကျောင်းသွားရတာလဲ ဝေးလိုက်တာ.. ကျောင်းသားတွေကို တော်တော် ကြောက်ပုံပဲ...

    ReplyDelete
  2. ဖတ်ကောင်းတုန်းဆက်ရန်တဲ့ :D
    ကိုနဗနတို့ထက် အများကြီးငယ်ရင် ကျွန်တော့်ထက်လဲ ငယ်တယ်ဗျ။
    သူကကျွန်တော်ထက် တနှစ်ပဲ ကြီးတာ.....

    ReplyDelete
  3. ဒီမယ်ကိုဘ... အများကြီးတော့ မငယ်ပါဘူးအေ.... သိသားပဲ....
    သူ့ကိုယ်သူ ပူတူတူလေး ထင်ခံရအောင် အများကြီး ငယ်တယ်တဲ့....
    ဟ..ဟဟာဟ ရယ်လိုက်ရ......။

    ReplyDelete
  4. ပူတူတူ=ပူတူးတူး***

    ReplyDelete
  5. ကျောင်းကိုချောချောမောမောရောက်ရဲ့လား။ကြားဖူးခဲ့သလို ဘူတာရုံကနေ ဟိုတယ်ကို ဆိုက်ကားငှားတာ လမ်းကြိုလမ်းကြားက မရပ်မနားသွား၊ ဟိုတယ်မှာချပေး ဆိုက်ကားခ အားရပါးရတောင်းပြီးဆိုက်ကားပြန်ထွက်သွားတော့ အနီးအနားကို ဝေ့၀ိုက်ကြည့်လိုက်တာ ဟိုတယ်ကနေ ဘူတာရုံကိုကိုလှမ်းမြင်နေရတယ်ဆိုသလိုများဖြစ်နေပြီလားလို့။ ဂျာကင်နဲ့ ဘောင်းဘီရှည်နဲ့ ဝေါ့ကင်းရှူးနဲ့ဆိုတော့ကာ ကားဆရာတွေအကြိုက်များဖြစ်နေမလား။

    ReplyDelete
  6. ဘာဘဲဖြစ်ဖြစ်ပါကိုဘရာ ကျွန်တော်တို့ ထက်တော့အသက်ကြီးတာပါဘဲ။ငှဲငှဲ။ ကျောင်းတုန်းက မသိလိုက်ရလေချင်းးးးးး

    ReplyDelete
  7. အင်း.. နောက်တင်မယ့် အချက်အလက်တွေမှာ ကိုယ်ရေး အကျဉ်းတွေ မပါအောင် သတိထားမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်တယ်။ ခွိ။

    ReplyDelete
  8. တစ်ပြဆိုတာ.. ကွေ့ကောက်နေတဲ့လမ်းဆို ပိုတိုမှာပဲနော်? ရစ်တာမဟုတ်ဘူး ကိုဘ၊ တစ်ကယ်မသိတာပါ

    အနော့်ကိုလဲ သူက ပြောတယ်၊ သမိန်ပေါသွပ်နဲ့ တူတယ်တဲ့း(

    ReplyDelete
  9. ကို ဟာ့မြူဇီယမ်က စီနီယာကြီးပေါ့...။
    ဆင်ဆင် မနာလို မရှိပါနဲ့...။
    ကြည်- ကျောင်းကို ရောက်မရောက်တော့ စောင့်ကြည့်ပေါ့ကွယ်...။
    စုဗူးအိမ်က လူမိုက်ပျော်သည် အမ်အိုင်တီကပဲလား...။ မသိလိုက်ရတာ ကံကောင်းလိုက်ထှာ...။
    မဲလေး - ကွေ့တယ် ဖြောင့်တယ်လို့တော့ မပါဘူးပေါ့ကွယ်။
    နေစမ်းပါဦး.. ဘယ်က သူ ဆိုတာက ပါလာတာတုန်း

    ReplyDelete
  10. ဟုတ်ပါ့ ဟုတ်ပါ့ :)

    ReplyDelete
  11. ကြုံကြွားပေါ့..ဟိ.. မူးရင် ရှုစရာ ရှိတယ်လို့ ပြောတာ၊ သမိန်ပေါသွပ် အခေါ်ခံရသော်ငြားလဲပေါ့နော်

    ကိုဘလဲ ရေသူမ မကြိုက်ရင် ကုန်းသူမလေးရှိတယ်နော်၊ စိတ်ချင်းဆက်နေတဲ့ တစ်ယောက်လေ

    ReplyDelete
  12. ”အမ်အိုင်တီ ကျောင်းသားများ ဦးခိုက်ရာ ရန်ကင်းတောင် ဆိုပဲ။”...ဘုရားဖူးလား
    ထန်းရေမူးလား..မူးလာရင်လည်း မပူပါနဲ့ ..ပါချုပ် မြို့ထဲက ပြန်လာတာတွေ့ရင် တင်ခေါ်သွားမှာပါ..အဟီး
    လွမ်းလိုက်တာဗျာ....

    ReplyDelete
  13. ကျွန်တော့်စီနီယာ တစ်ယောက်တော့ အဲလိုပဲ တောင်ခြေမှာ မူးပြီး လဲတာ ပါချုပ်ကိုယ်တိုင် အခန်းထဲထိ လိုက်ပို့တယ်။ တော်သေးတယ် ပါချုပ် မြို့ထဲက အပြန်နဲ့ ကြုံလို့...။
    ချစ်စရာ အမ်အိုင်တီ ဓလေ့များပေါ့ဗျာ...။
    ဟိ လွမ်းမိသေး...။

    ReplyDelete
  14. ဖုန်းနဲ့ ကန်နဲ့ မန်းချယ်ရီအဆောင်သူ ဘ၀များ အလွန် ပျော်ဖို့ကောင်းတာ။တစ်တောင် မပြည့်တော့တဲ့ ကန်ထဲက ရေကိုလူတကာ ခပ်ချိုးတော့ အနည်ထ...အဲဒီရေနဲ့ ခေါင်းလျော်...ဟုတ်တော့ နေတာပဲ။မျက်နှာသစ်ရင်း ရေပိုက်တွေ ထုံးဂျိုးခေါက်ထားတဲ့နေ့နဲ့များ ကြုံလို့ကတော့ မျက်စိထဲ ထုံးဂျိုးတွေဝင်...အဲ့မှာတင် ရေကလည်း ရပ်သွား...ဒါပေမဲ့လည်း ချီးကျရာ ပျော်တဲ့လောက်တွေမို့လား မသိဘူး။ရှာကြံ ပျော်တာပါပဲ။အဆောင်ထဲက သင်္ဘောသီးတွေ အဆောင်မှုး မသိအောင်ခူးပြီး သုပ်စား။မြင်းခွာရွက် အကြမ်းတွေလည်း ခူးပြီးသုပ်စားကြတာပဲ။ကျူရှင်သွားတက်ရတဲ့ ရွာထဲက ဆီးပင်တွေက ပေါတယ်မလား။စက်ဘီးကယ်ရီယာပေါ်တက်ပြီး ဆီးသီးအခူးကောင်းလို့ ထမိန်ပြဲလည်း အမှတ်မရှိ ခူးကြတာပါပဲ။သူများကျောင်းလို ပိုက်ဆံရှိတောင် စားစရာက မရှိဘူးမလား။
    ချဉ်ပေါင်ရွက်ကို သင်ထားတာ မဟုတ်ပဲ နွားစာလို ဓါးနဲ့စင်းထားတဲ့ ချဉ်ပေါင်ဟင်းလေးကလည်း သောက်ကောင်းတာပဲ။တခြမ်းတည်းရတဲ့ ဘဲဥကို ရွေးရတာလည်းအမော...မာရင်မာ ပျော့ရင်ပျော့ တခါတလေ ပိုးစော်အရမ်းကို နံနေတဲ့ ထမင်းကိုလည်း ညစာရင်စားဖို့ ခိုးရသေးတယ်။

    ReplyDelete
  15. လာမှ လာပါ့မလားလို့ သက်စုရာ...။ ဒီမှာ မန်းချယ်ရီသူတွေ မချောဘူး ပြောနေလို့...။ နောက်တစ်ခါ ကိုယ်လုံးပေါ် ဒါ့ပုံပါ ပြလိုက်ဇမ်းဘာ...။
    ငါ့နှမ ဘယ်လောက်လှကြောင်း၊ ချောကြောင်း ကြွားချင်လို့ပါဟာ...။

    အပေါ်က သက်စုရေးတဲ့ ဖုန်းနဲ့ ကန်နဲ့ ဆိုတာ စာလုံးပေါင်းမမှားပါ။ သူတို့ မန်းချယ်ရီ အမျိုးသမီးဆောင်မှာ ဖုန်းဆက်ဖို့ အဆောင်ပါလာမှာ ဖုန်းထားပေးပါတယ်။ ယောကျာ်းလေးဆောင်မှာတော့ လန့်လို့ ထင်ပါရဲ့။ အဆောင်မှူး အခန်းထဲ ထည့်ထားပါတယ်။ တစ်နှစ်နေလို့မှ တစ်ခါ မဆက်ရပါ။ (မှတ်မှတ်ရရ ရန်ကုန်ကနေ အစ်မက ဖုန်းဆက်လာတော့ အဆောင်မှူးကိုယ်တိုင် အခန်းထိ လာခေါ်ပေးဖူးပါတယ်။ ဖဲရိုက်နေတာ အဆောင်မှူးလာတော့ ဖဲဝိုင်းလာဖမ်းတယ် ထင်ပြီး ထွက်ပြေးကြတာ...။ နောက်မှ ဖုန်းလာလို့ လာခေါ်မှန်း သိတယ်။ ဟီးဟီး)
    နောက် ကန်နဲ့ ဆိုတာကတော့ ရေချိုးကန်ပါ။ ကျွန်တော်ဆီမှာလဲ ရေချိုးကန်၊ အုတ်ကန်ပေါ့လေ။ တစ်လနေ ရေတစ်ခါ မလှယ်လေတော့ ရေညှိလေးတွေ တက်နေတာ ကန်မျက်နှာပြင် အပြည့်ပါပဲ။ ဖလားနဲ့ အဲဒီရေညှိတွေ ဖယ်ပြီး ရေချိုးရတဲ့ အရသာကို လွမ်းမိသား။ တစ်ခါတစ်လေများ ရေစက်ပျက်သွားလို့ ရေမလာရင် ကျောင်းရှေ့ ရေနီမြောင်းထဲကို ရွာသားတွေ၊ ရွာသူတွေနဲ့ အပြိုင် လုချိုးကြရတယ်။ ရေချိုးဆိပ်က ၄ နေရာပဲလား ရှိတာ။ လွမ်းတောင်လာပေါ့...။

    ReplyDelete