Sunday, June 14, 2009

လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၂)။

အရှေ့ဆီမှာ မြူတွေဆိုင်းနေတတ်တဲ့ ရိုးမတောင်တန်းကြီးဟာ ကျွန်တော့အတွက်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ သဘာဝ ပန်းချီကား တစ်ချပ်ပါ။ လပြည့်ညများမှာဆို ရိုးမပေါ်ကနေ ကျော်ပြီး တစ်ဖြည်းဖြည်း တက်လာတဲ့ ငွေလ၀န်းကြီးကို တိတ်တဆိတ် ငေးကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါ။ လပြည့်ည ရောက်တိုင်း ကျွန်တော် လုပ်တတ်တာကတော့ ကျောင်းရဲ့ အရှေ့ဘက် လူတွေ သိပ်မလာတတ်တဲ့ ၀န်ထမ်း အိမ်ရာတွေနားက ကွင်းပြင်ကို ဖြတ်ထားတဲ့ လမ်းလေးနားက အုတ်ခုံလေးမှာ သွားထိုင်လေ့ ရှိတယ်။ ရိုးမတောင်စွယ်ပေါ်ကနေ ပြူတစ်ပြူတစ်နဲ့ မျက်စပစ်တတ်တဲ့ ကြယ်ကလေးတွေ ကြားကနေ တက်လာတတ်တဲ့ လပြည့်ဝန်းကို ငေးကြည့်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး။ သူငယ်ချင်းတွေကတော့ အရူးလို့ ထောမနာ ပြုကြတာပေါ့။




ကျောင်းတော်မဟာကြီးကို စရောက်ရောက်ခြင်း နေရတဲ့ အခြမ်းက H1 အဆောင်လို့ သတ်မှတ်ထားတဲ့ ကျောင်းဆောင် နံပါတ် (၁) ပါ။ အဆောင်မှာ အရှေ့ဘက် တန်းလျားနဲ့ အနောက်ဘက် တန်းလျား ရှိပါတယ်။ ကြားမှာ ကော်ရစ်ဒါလေး ခြားတာပေါ့။ ရောက်ရောက်ခြင်း ပထမနှစ်မှာတော့ အနောက်ဘက်ခြမ်းကို ရတယ်။ ကျောင်းဆောင်က မြောက်ဘက်ကို မျက်နှာမူထားတဲ့ အခြမ်းလေ။ ဆိုတော့ ကျွန်တော် နေရတဲ့ အခြမ်းက တောင်ဘက်ကို မျက်နှာမူတဲ့ အခြမ်းပေါ့။



ကျွန်တော့်အခန်း ၀ရန်တာကနေ ထွက်လိုက်ရင် ရှမ်းရိုးမကြီးကို တန်းမြင်နေရတယ်။ တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်း ကျောင်းလာတက်တော့ စိတ်ထဲမှာ အိမ်လွမ်းနာက အတောမသတ်နိုင်ဘူး။ မိုးတွေ ညို့လာပြီဆို ရိုးမကြီးကို ဖုံးလွမ်းနေတတ်တဲ့ တိမ်တွေကို ငေးပြီး အိမ်ကို လွမ်းလိုက်တာလေ။ အဖေါ်အပေါင်းများကလဲ အဲလောက် မရှိတတ်သေး။ ကျောင်းက ဖွင့်စ ဆိုတော့ သူ့နယ်ကိုယ့်နယ်က လူတွေလောက်ပဲ စုစု စုစု ရှိသေးတယ်။ ဆိုတော့ သင်းကွဲပြီးတော့ မန်းလေးကို ရောက်လာတဲ့ ခြင်္သေ့ကျွန်တော် တစ်ယောက် တောင်ကြီး တက္ကသိုလ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့် ဘော်ဒါတွေကို သတိတရ ဖြစ်မိသေးတယ်။


ကျွန်တော်တို့ ရှမ်းပြည်က တက္ကသိုလ်တက်သူများအတွက် ရိုးရိုး ၀ိဇ္ဇာ၊သိပ္ပံတွေဆို တောင်ကြီးမှာ တက်ရတယ်။ အထူးပြု ဘာသာများ ဆို မန်းလေး တက္ကသိုလ်မှာ လာတက်ရတယ်။ ၉၀ မတိုင်မီ နှစ်များဆီက စက်မှု တက်ခွင့်ရသူများဆို ရန်ကုန်မှာ လာတက်ရတယ်။ နောက်ပိုင်း မြန်မာပြည် အထက်ပိုင်း ကျောင်းသားများ အတွက် မန်းလေးစက်မှု တက္ကသိုလ်ကို ၁၉၉၀ မှာ ဖွင့်ပေးလိုက်တော့ ကျွန်တော်တို့ ရှမ်းပြည်က စက်မှုကျောင်းသားများသည် ရန်ကုန်မှာ လာမတက်ရတော့ပဲ မန်းလေးမှာ တက်ရတော့တာပေါ့။ ကျွန်တော် စက်မှုတက်တဲ့ နှစ်မှာ ကျွန်တော်တစ်ယောက်တည်းပဲ စက်မှု ရောက်ခဲ့တယ်။ ကျန်တဲ့ သူငယ်ချင်းများကတော့ တောင်ကြီးမှာ ၀ိဇ္ဇာ၊ သိပ္ပံတွဲတွေနဲ့ ကျန်ခဲ့တယ်။ သက်ထွန်းတို့၊ ၀င်းစိန်တို့ပေါ့။ တောင်ကြီးမှာ သူတို့ ရှိနေတော့ အလည်ရောက်တိုင်း သူတို့ဆီပဲ ၀င်လည်/အိပ်နေတော့တာပဲ။ (သက်ထွန်းတို့က နိုင်းနိုင်းစနေတို့နဲ့ တစ်နှစ်ထဲ။ ဟဲဟဲ... ခွန်ကျော်လှိုင့် သူငယ်ချင်းဆိုလားပဲ။ )

စကားတွေ ပြန်ကောက်မယ်။ ကိုယ်နေတဲ့ အဆောင်ရဲ့ ၀ရန်တာကနေ ဟိုးတောင်ဘက်ကို ခပ်လှမ်းလှမ်း ကြည့်လိုက်ရင် ရေတံခွန်တောင်ကို မြင်နေရတယ်။ ရေတံခွန်တောင်လို့ နာမည်ပေးထားပေမယ့် သုံးရာသီပတ်လုံး ရေတံခွန်ရှိတာ မဟုတ်။ မိုးရာသီရောက်လို့ တောင်ပေါ်ရေများ ကျလာရင် ရေတံခွန်သဖွယ် စီးလာတာ ဖြစ်တယ်။ တောင်မြင်ရင် ဘုရားတည်တတ်တဲ့ ဗုဒ္ဓဘာသာ မြန်မာများကြောင့် အဲဒီ ရေတံခွန်တောင်မှာ စေတီ ဘုရား တစ်ဆူ ရှိတယ်။ အမ်အိုင်တီ ကျောင်းသားများ ကိုယ်ကြိုက်တဲ့ ကောင်မလေးများကို မျက်နှာလို မျက်နှာရ ဘုရားဖူး လိုက်ပို့လို့ ကောင်းတဲ့ ဒုတိယနေရာပေါ့ဗျာ။ (ပထမကတော့ ဘုရားကြီးပေါ့။ မြို့ထဲ သွားလို့ မလွယ်ရင်တော့ ရေတံခွန်တောင် ဘုရားကို လိုက်ပို့တာ များတယ်။)

ကျောင်းတော်ကြီးက တောကြိုအုံကြားထဲမှာ ဆိုပေမယ့် ကျောင်းတော်သူ/သား အများစုက ညည်းညူ မနေကြပါဘူး။ ရောက်တဲ့ အရပ်မှာ ပျော်အောင် နေကြတာပါပဲ။ ကျောင်းဆောင်မှာ နေသူအများစုက နယ်ကနေ လာတာဆိုတော့ တောမှာ နေနေ မြို့မှာနေနေ အိမ် မဟုတ်တဲ့ အတွက် ထူးပြီး ဆန်း မနေတော့ပါဘူး။ ရောက်စကသာ အားငယ်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ယောက်ကို တစ်ယောက် အားပေးကြရင်းနဲ့ တောကြိုအုံကြား အရပ်မှာ ချေးကျရာ ပျော်တဲ့ လောက်လို နေတတ်ခဲ့ကြတယ်။ (ဟုတ်တယ်နော် စုဇုစိန်။)

ကျောင်းတော်ကို စလာခဲ့တဲ့ နေ့ကဆို ရီရတယ်။ တောင်ကြီးကနေ မနက်လင်းအားကြီး ငါးနာရီလောက် ကျားခေါင်းကားနဲ့ ဆင်းလာတာ။ တောင်တက်တောင်ဆင်း လမ်းများကို ကိုယ်က စီးနေကျ မဟုတ်တော့ ကားမူးနေတာ။ အဲဒီတုန်းက မန်းလေးမှာ ကားကြီးကွင်းက ချမ်းအေးသာဇံ ကွင်းမှာ ရှိနေတုန်း။ အခုလို ကျွဲဆည်ကန် မရောက်သေးဘူး။ မန်းသီရိ တေးသံသွင်းဆိုင်နားက အ၀င်လေးမှာ။ မှတ်မိသေးတယ်။ တောင်ပေါ်က ဆင်းလာတာ။ အဲဒီတုန်းက မေလဆိုပေမယ့် တောင်ကြီးမှာ မိုးတွေ ရွာလို့ ချမ်းနေတုန်း။ အနွေးထည်၊ ဂျင်းဘောင်းဘီ၊ ဝေါ့ကနဲရှုးများနဲ့...။ ကားက ဒတ်ဆန်းကားကို ခုံတွေ အတန်းလိုက် စီထားတာလေ။ တောင်ပေါ်မှာတုန်းက မိုးကောင်းနေတော့ ကားဘေးနားက တာလပတ်တွေ အကုန်အုပ်တာ။ အတော့်ကို ချမ်းတာကလား။ ခိုက်ခိုက်တုန်တာပ။

မိတ္ထီလာလဲ နီးရော မြေပြန့်ဆိုတဲ့ အရသာကို ခံစားရပါလေရော...။ ပူလာပြီလေ။ ဆိတ်ချေးနံ့များလဲ သင်းလာပြီ။ ရထားသံလမ်းများလဲ ကားလမ်းနဲ့ အပြိုင် မြင်လာပါပြီ။ အနွေးထည်များလဲ ချွတ်လိုက်ရပြီ။ ကန္တာရ ဆူးပင်များလဲ ဟိုတစ်ပင် ဒီတစ်ပင် တွေ့ရာကနေ ခပ်စိတ်စိတ် တွေ့လာရတယ်။ ကြခတ်ဝါးကျဲကျဲ ခြံခတ်ထားတဲ့ ဓနိမိုး အိမ်များကို ဟိုစုစု ဒီစုစု တွေ့လာရတယ်။ စိုစိစိုစိ အနေအထားကနေ ခြောက်သွေ့ ပူလောင်လာတယ်။ အဲဒီနောက် သဲတော ၀မ်းတွင်း စတာတွေ ဖြတ်ပြီး ညနေ သုံးနာရီလောက်မှာ မန်းလေး ရွှေနေပြည်တော်ကို ရောက်ခဲ့လေရော။

မြင်းလှည်းသံ တစ်ဒေါက်ဒေါက်၊ စက်ဘီးနင်းသံ၊ ဆိုင်ကယ်သံတွေ ညံလာပြီ။ မုန့်လက်ကောက်လောက် ထူတဲ့ ရွှေခြေကျင်းကို ၀တ်ထားတဲ့ စကားပြောရင် ကျွန်တော် ကျွန်တော်လို့ ပြောတတ်တဲ့ မန်းသူများကိုတော့ မတွေ့ရပါဘူး။ ပါးကွက်တွေ ပိန်းပိတ်နေအောင် ကွက်ထားတဲ့ ရေသန့်ဗူးရောင်းနေတဲ့ ဈေးသည်များကိုသာ ကားဂိတ်မှာ တွေ့ရတယ်။

ကားပေါ်က ဆင်းလိုက်တာနဲ့ လေပူပူကို ရှိုက်သွင်းမိပါတယ်။ ၀တ်တာစားတာက သူများနဲ့ မတူ တစ်မူ ထူးနေတော့ ကားသမားတွေ၊ ဆိုက်ကားသမားတွေ ၀ိုင်းအုံလာပါတယ်။ (တို့တော့မယ်ဟဲ့ ဆိတ်တော့မယ်။ လာထား တောင်ပေါ်သား အချဉ်တွေ ဆိုတဲ့ အထာနဲ့ပါ)။ ဘယ်သွားမလဲ။ မိန်းထဲလား။ အောင်မင်္ဂလာလား၊ ရွှေမန်းလား ဆိုတဲ့ အသံတွေ၊ ဆိုက်ကားလား၊ မြင်းလှည်းလား ဆိုတဲ့ အသံတွေ ကြွက်စီ ညံသွားပါတယ်။ ကိုယ်က ဘာမှ မသိတော့ အတူပါလာတဲ့ စီနီယာ အစ်ကိုကိုပဲ မေးငေါ့ပြလိုက်ပြီး ဘေးထွက်ထိုင်တယ်။ စီနီယာက ပုသိမ်ကြီး ရေကြည် အမ်အိုင်တီ လို့ ပြောတော့ ရှဲသွားကြတယ်။ ဟင်.. ခုနကကတော့ အမဲ ဖျက်မတတ် ၀ိုင်းလာကြပြီး ခုတော့ ရှောင်ကုန်တာပဲ...။ နောက်တော့ တစ်ယောက်ဝင်လာတယ်။ ညီလေးတို့ သွားမှာက အဝေးကြီးပဲ။ ဘာနဲ့သွားချင်လဲတဲ့။ ကားနဲ့ပေါ့။ အိုကေ.. ဒီဈေး ဒီဈေး ရှိတယ်ဆိုတော့ စီနီယာ အစ်ကိုကြီး သုံးချိုး တစ်ချိုး ဆစ်လိုက်တာ နောက်ဆုံး ဈေးတည့်သွားတယ်။ ကျွန်တော်သာဆို တစ်ဝက်လောက်တောင် ဆစ်ရဲမှာ မဟုတ်ဘူး။ မှတ်မှတ်ရရ ၁၅၀ ကျပ် ထင်တယ်။ (၁၉၉၄ တုန်းက ကားငှားခ ဈေးနှုန်းပါ။ ဒေါ်လာဈေးက တစ်ဒေါ်လာကို ၇၅ ကျပ် ၀န်းကျင် ထင်ပါ့)။ အဲဒါနဲ့ ဈေးတည့်ပြီး ပါလာတဲ့ အထုပ်များကို ကားပေါ်တင်ဖို့ လုပ်တော့ လားလား။ ကားက သုံးဘီးကား သေးသေးလေးပါလား။ ပါလာတဲ့ ပစ္စည်းတွေလဲ ကြည့်ပါဦး။ သံသေတ္တာက နှစ်လုံး၊ ဘေးကျားအိတ်လို့ ခေါ်တဲ့ မြွေရေခွံအိတ် အကြီးစားက သုံးလုံး။ ဒါတောင် လက်ဆွဲ တိုလီမိုလီက မပါသေးဘူး။ ပစ္စည်းနဲ့ တင် ကားက ပြည့်နေပြီ။ လူက ဘယ်နား တက်ထိုင်မလဲ။ ရှေ့ခန်းက ဒရိုင်ဘာပဲ ထိုင်တာ။ နောက်တော့ သံသေတ္တာကို ကားခေါင်မိုးပေါ်မှာ တင်၊ ကြိုးနဲ့တုပ်မှ လူထိုင်ဖို့ နေရာ ရှိတော့တယ်။

အဲဒီနောက် ကျောင်းတော်မဟာကို ယွန်းကြပါတော့တယ်။ ချမ်းအေးသာဇံ ကားကြီးကွင်းကနေ မန်းသီရိ တေးသံသွင်း ဘေးနားက လမ်းလေးအတိုင်း ထွက်လာပြီးနောက် ၂၆ဘီလမ်းပေါ်ကို ရောက်ပါတယ်။ အဲဒီနောက် အရှေ့ဘက်ကို ချိုးပြီး ကျုံးလမ်းအတိုင်း တောက်လျှောက် မောင်းပါတယ်။ မန်းလေးကို ၈၃-၈၄ ခုနှစ်များဆီက ရောက်ဖူးတော့ ကျုံးရေပြင်ကြီးကို မှတ်မိပါတယ်။ ကျုံးဘေးနားက တစ်ရိပ်ရိပ် ကျန်နေခဲ့တဲ့ အပင်များကို ငေးကြည့်ရင်း ၀င်လုဆဲ နေလုံးကြီးကို ကျောပေးပြီး အရှေ့ဘက်ကို တစ်ချက်ချက် မောင်းနေတဲ့သုံးဘီးကား ခေါ်ဆောင်ရာနောက်ကို ငြိမ်ငြိမ်ဆိတ်ဆိတ်လေး လိုက်ပါမိပါတော့တယ်။

နောင်တစ်ချိန်မှာ အဲဒီ ၂၆ ဘီလမ်းလေးဟာ ကျွန်တော်နဲ့ အတော့်ကို ရင်းနှီးလာမယ့် လမ်းဆိုတာ အဲဒီတုန်း တွေးမထင်ခဲ့မိပါဘူး။

15 comments:

  1. ၂၆ဘီလမ်းက ဒေါ်ရှိ နှမ်းမနှဲဘေးက အာပူလျှာပူဆိုင်ကို
    သိပ်သတိရတာပဲ..
    အဆောင်ကနေ..အဲ့ထိ ဘီးနဲ့ အသားကုန်နင်းရတာ ဖတ်ဖတ်ကိုမောလို့

    ReplyDelete
  2. အဲ့ဆိုင်က ဟင်းချိုမှုန့် မထည့်လို့ ပြောရင်
    ရလို့ ...လက်ဖက်သုတ်လည်းရတယ်လေ..

    ReplyDelete
  3. သေချာလွမ်းနေတာကိုး
    မလွမ်းပါနဲ့
    လွမ်းတယ်ဆိုတာ သိတ်ခံစားရတယ။်

    သေချာဖတ်သွားပါတယ။်
    တစ်ကို တောင် ပြန်သွားဖတ်လိုက်သေးတယ်။

    ReplyDelete
  4. ကိုဘရေ
    ကျောင်းလွမ်းတာချင်းတော့ တိုက်နေပြီ
    ကျွန်တော်တို့ ခေတ်မှာ ကနောင်ဆောင် လို့ ခေါ်တဲ့ဆီမှာတောင် နားလည်မှုနဲ့ တစ်လလောက်နေခဲ့သေးတယ်ဗျ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  5. လွမ်းပါ..... လွမ်းပါ....။
    တစ်ခါမှ မရောက်ဖူးတဲ့နေရာတွေမို့ ဝင်တော့ လွမ်းမသွားတော့ဘူး...(ဆိတ်ချီးနံ့တဲ့... အော့အော့ လွမ်းပါဘူး...)
    :))

    ReplyDelete
  6. ပြည်ကျောင်းကနေ အထက်ဖက်ကို Excursion ထွက်လာတုန်းက MITထဲ ရောက်ဖူးလိုက်တယ်။ တတိယနှစ်ကို ပြည်ကျောင်းမှာ စတက်ရတော့ ပါမောက္ခချုပ်ဆရာကြီး ဦးအောင်ကျော်မြတ်က MIT ပြောင်းသွားပြီ။ အဲဒါကြောင့် စီနီယာတန်းတွေက ဆရာကြီးကို ဂါရဝ ဝင်ပြုကြရင်းနဲ့ MIT ကို ဝင်လည်ကြတာ။ ကျောင်းထဲလည်း အနှံ့လိုက်ပြတယ်။ ပထမနှစ်တုန်းက နယ်ကျောင်းတွေမှာ အတူတက်ခဲ့ရတဲ့ သူငယ်ချင်းတွေကို ကျောင်းထဲမှာ ပြန်ရှာကြ နှုတ်ဆက်ကြ ဓါတ်ပုံတွေ ရိုက်ကြနဲ့ လွမ်းစရာ ပျော်စရာအမှတ်တရလေးတွေပါပဲ။

    ReplyDelete
  7. အစ်ကို က MIT က လား MTU က လား။ MTU က ကျောင်းတော်သူလေးတွေ ချောကြောင်းလည်း ထည့်ရေးပါဦးနော်။
    အခု ညီမတို့  YTU က ကျောင်းသူတွေ ကို (ဂျီဟောသူ) ထဲကလို ၁၀၀ မှာ နှစ်ယောက်သာ ကြည့်ကောင်းတယ်လို့ အပြောခံနေရလို့ ...:)

    ခင်မင်စွာဖြင့် ...
    မယ်ကိုး

    ReplyDelete
  8. ဒီရက်ပိုင်းတွေမှာ တိုက်ဆိုင်လိုက်တာများကွာ.. :P ဖတ်မိသမျှ ပိုစ့်တော်တော်များများက ကျောင်း(တက္ကသိုလ်)အကြောင်းတွေကြီးပဲ
    http://phothagyan.blogspot.com/2009/06/blog-post_1839.html
    http://arrmanthit.blogspot.com/2009/06/blog-post_15.html
    ခု ကိုဘွိုင်ဇ်ရဲ့ ပိုစ့် ။
    ရေးချင်လာအောင် စိတ်ကို ဆွပေးနေသလိုပဲ..
    ဟဲဟဲ လာပါတော့မယ်.. ခမမ တို့လည်း အားကျမခံ..

    ReplyDelete
  9. ဆက်ရေးပါ အစ်ကိုရေ
    ဖတ်နေတယ်ဗျို...
    ကျောင်းဆိုတာနဲ.ကို အလိုလို အားပေးပြီးသား ...
    မတရားဘူးလာမပြောနဲ. ဘာပဲဖြစ်ဖြစ်ကောင်းတယ် (ဇွတ်ပဲ ) .....ဟဲဟဲ
    မန္တလာကျောင်းသူတွေ ချောတာတော့ ကျွန်တော်ထောက်ခံတယ်..
    အလုပ်ထဲမှာ နှစ်ယောက်တွေ.တယ် နှစ်ယောက်လုံး အညာသူချောချောလေးတွေ...
    မယ်ကိုး အတွက် သက်သေပြပေးလိုက်ပါ အစ်ကိုရေ....

    ReplyDelete
  10. ဘယ်ကျောင်းကပဲ ဖြ စ်ဖြစ် ကျောင်းသားဘ၀ကတော့ လွမ်းရတဲ့ အဖြစ်ကလေးတွေချည်းပါပဲ ကဘရယ်။
    မရောက်ဖူးပေမယ့် ကူလွမ်းပေးသွားပါတယ်။
    မခင်ဦးမေလိုပဲ တစ်က ပြန်ဖတ်သွားတယ်။

    ReplyDelete
  11. ကို boyzက ကိုနဗနတို့ နှစ်ကကိုးဗျ....

    ReplyDelete
  12. ကျောင်းကိုအလွမ်းပြေပြန်တွေ့ရတာ ကျေးဇူးပါပဲ. ဟိုတလောကတော့ ကျောင်းထဲပြန်ရောက်သေးတယ် ကျောင်းကြီးကတိတ်ဆိတ်လို့

    ReplyDelete
  13. “ရိုးမတောင်စွယ်ပေါ်ကနေ ပြူတစ်ပြူတစ်နဲ့ မျက်စပစ်တတ်တဲ့ ကြယ်ကလေးတွေ ကြားကနေ တက်လာတတ်တဲ့ လပြည့်ဝန်းကို ငေးကြည့်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး။“

    ကိုဘ.. ငရဲကြီးမှာ စိုးလို့ သူငယ်ချင်းတွေ ခေါ်သလို မခေါ်တော့ဘူးနော အဟတ်

    ဒီမြို့မှာတော့ နွားခြေးနံ့လေး ရတတ်တယ်၊ လာလယ်လေ၊ ဟိ

    p.s. အသက်ခန့်မှန်းတာ.. မအောင်မြင်လိုက်ဘူး

    ReplyDelete
  14. လုပ်လိုက်ပြန်ပြီဟေ့။ လွမ်းစရာတွေ မပြောပါနဲ့လား.... ရွာကိုလွမ်းလို့ငိုမိတော့မယ်။

    ReplyDelete
  15. လွမ်းစရာပဲ။ ကိုယ်တိုင်တောင် ရေးချင်စိတ်ပေါက်လာတယ်။

    တော်ပါပြီ။ မရေးတာပဲ ကောင်းတယ်။ ကိုယ့်အကြောင်းကောင်းတာ တခုမှ မရှိဘူး။ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ကုန်တော့မယ်။

    ReplyDelete