Sunday, June 14, 2009

လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၁)

ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ထဲက လှပတဲ့ ဝေါဟာရ တစ်ခုပါ။ အခု ရေးမယ့် ပို့စ်လေးနဲ့ ကိုက်နေလို့ သုံးလိုက်တာပါ။

အဲဒီ ဘာသာပြန်စာအုပ်ထဲမှာ Princeton တက္ကသိုလ်က ကျောင်းတော်သူ/သား များရဲ့ အကြောင်းကို ရေးထားတာ ဖတ်ရတယ်။ အခုလဲ ကျွန်တော် ကျောင်းတက်တုန်းက အတွေ့အကြုံ ပျော်စရာ အဖုံဖုံလေးများကို ပြောပြချင်တော့ ကိုက်နေတာနဲ့ ဒီခေါင်းစဉ်လေး ယူသုံးလိုက်တာပါ။

ကျွန်တော်တက်ခဲ့တဲ့ ကျောင်းကတော့ ပရင်စတန် ယူနီဗာစီတီကြီးတော့ မဟုတ်ဘူးပေါ့ဗျာ...။ ငြိမ်ဆိတ် အေးသက်တဲ့ တမာရိပ်မှာ ထီးထီးတည်း ရှိနေတဲ့ ကျောင်းတော်မဟာကြီးပေါ့။ အရှေ့သို့လားသော် ရှမ်းရိုးမ၊ အနောက်ဘက်မှာတော့ ရေနီမြောင်း၊ မြောက်ဘက်မှာတော့ သမ၀ါယမတက္ကသိုလ်၊ တောင်ဘက်မှာတော့ စစ်တပ် စသဖြင့် ခြံရံလျက်ရှိတဲ့၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး တောထုတ်ခံရတဲ့ ကျောင်းလေးပေါ့ဗျာ။

မန်းလေးရဲ့ အရှေ့ဘက် နန်းရှေ့ကနေ တည့်တည့် ထွက်လာရင် ပုသိမ်ကြီး မြို့နယ် ဆိုတာကို ရောက်လိမ့်မယ်။ တည့်တည့် ထပ်လာခဲ့ရင် ရန်ကင်းတောင် ဆိုတာကို ဦးခိုက်လိမ့်မယ်။ အဲဒီ ရန်ကင်းတောင် ဆိုတာက နှယ်နှယ်ရရ မဟုတ်။ ဘုရားလောင်း ငါးရံ့မင်း ဖြစ်စဉ်အခါက နေခဲ့တဲ့ နေရာဖြစ်တယ်လို့ အဆိုရှိတဲ့ နေရာဗျ။ သမီးရည်းစား စုံတွဲများ တောင်ပေါ် မတက်ကောင်း၊ တက်တာနဲ့ ကွဲတာပဲတဲ့။ မန်းလေး တစ်ဝိုက်က ယာဉ်ကား အသစ်စက်စက်များ ၀ယ်ရင် ဒီတောင်ကို လာပြီး နတ်ပြကြ၊ ဦးခိုက်ကြတယ်။ တောင်ခြေနားမှာတော့ ဘုရားဖူးတွေ အမောပြေ အဆာပြေ ၀ယ်ခြမ်းစားသောက်နိုင်ဖို့ စားသောက်ဆိုင်တွေ အသီးသီး ရှိတယ်။ အဲဒီ စားသောက်ဆိုင်တွေနားက ထောင့်နားက စားသောက်ဆိုင်ဟာဖြင့် သူတို့ ၀ယ်ထားတဲ့ ကားမှာ ဘီးတစ်ဘက်စာ ကျွန်တော် ရှယ်ယာ ၀င်ထားတာ။ (ရှယ်ယာပါဆို ကျောင်းတက်နေတုန်း ကာလများက ဆိုရင်ဖြင့် နေညိုလို့ လေပြိုရင် လေသက်အောင် လေချဆေး သွားသွားမှီဝဲနေကျ နေရာကိုးဗျ။)

အဲဒီတောင်ခြေမှာ ဘယ်ညာ လမ်းနှစ်သွယ် ကွဲသွားတယ်။ ဘယ်ဘက်လမ်းက ရေကြည် ကိုသွားတဲ့ လမ်း၊ ညာဘက်လမ်းကတော့ ရေနီမြောင်းကို သွားတဲ့လမ်း။ ဆိုတော့ ညာဘက်လမ်းကို လိုက်ရင် ကျွန်တော်တို့ ကျောင်းရှိရာကို ရောက်တယ်။ ရန်ကင်းတောင်ကို တစ်ကွေ့တစ်ပတ်ကြီး ပါတ်ရတယ်။ တောင်ရဲ့ ဟိုဘက် အစွန်းမှာ အိမ်ရှေ့မင်း ထန်းတောလို့ ကျောင်းသားများ နာမည်ပေးထားတဲ့ ထန်းတော အသေးစားလေး ရှိတယ်။ အဲဒီနားမှာ မြန်မာ့အသံ ကြော်ငြာခေတ်ကောင်းတုန်းက ထက်ထက်မိုးဦးနဲ့ ကြော်ငြာတဲ့ မြသီဒါ ပဲလှော်ဖို ဆိုတာ ရှိတယ်။ စက်ဘီးလေးများ စီးလာရင် အဲဒီ ပဲလှော်ဖိုကနေ လေအဝှေ့နဲ့ ပါလာတဲ့ ပဲလှော်နံ့လေးများ သတိရမိသေး။

ပြန်ဆက်မယ်။ အဲဒီကနေ အရှေ့ဖက်ကို တည့်တည့်ဆက်စီးသွားရင် တောင်ဘက်မှာက လယ်ကွင်းတွေ တွေ့လိမ့်မယ်။ ကောက်စိုက်ချိန် ဆို ကောက်သမများက ရှက်တတ်တဲ့ ကိုကိုကာလသားများ စက်ဘီးပေါ်ကနေ ဆင်းပြီး ထွက်ပြေးချင်လောက်အောင်ကို စနောက်တာတွေ့ပါလိမ့်မယ်။ (ကိုပေါများ ဒီလမ်းက ပြိုင်ဘီးနဲ့ ဖြတ်ဖူးတာလား မသိဘူး။)

တစ်ပြလောက် စီးမိရင် လမ်းက တောင်ဘက်ကို ချိုးသွားပါလိမ့်မယ်။ နောက်ထပ် တစ်ခေါ်သာသာလောက် ဆက်သွားရင် အရှေ့ဘက်ကို ချိုးတဲ့ လမ်းလေးကို ရောက်ပါလိမ့်မယ်။ အဲဒီမှာ ဆိုင်တန်းလေး နောက်ထပ် တွေ့ပါလိမ့်မယ်။ ကျောင်းအ၀င်ဝမှာပေါ့လေ။ လက်ဘက်ရည်ဆိုင် အများစုပါ။ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်နှစ်ဆိုင်နဲ့ ကုန်စုံဆိုင်လေးများ တွေ့နိုင်ပါတယ်။

ဒီဆိုင်တန်းလေးကျော်ရင်တော့ ရေနီမြောင်းလေးကို ကျော်ဖြတ်ခွဆောက်ထားတဲ့ အုတ်ကွန်ကရစ် တံတားလေး ကို တွေ့ရပါလိမ့်မယ်။ ညနေ နေညိုချိန်၊ အကျည်းတန်တွေ လှတဲ့ အချိန်၊ နွားရိုင်းသွင်းချိန်မှာ ဒီတံတားပေါ်မှာ ကိုကိုကာလသား ကျောင်းသားလေးများ တံတားဘောင်ပေါ်မှာ ထိုင်ကာ ကျောင်းသူဆောင် ဖြစ်တဲ့ မန်းချယ်ရီဆောင်က အဆောင်သူလေးများ ကုန်စုံဆိုင်မှာ လိုအပ်တာလေးတွေကို လာဝယ်တာကို မျက်စိစားပွဲ ထိုင်ကြပါတယ်။ ကဗျာဆန်တယ်လို့တော့ မထင်လိုက်ပါနဲ့။ နွားအုပ်တွေ သွင်းလာချိန်ဆိုတော့ ဖုန်အထပ်ထပ်၊ နွားချေးနံ့ တစ်သင်းသင်းနဲ့ပါ.။

မေ့လို့ ကျောင်းတော်မဟာကတော့ မန်းလေး စက်မှုတက္ကသိုလ် ခေါ် MIT တစ်ဖြစ်လဲ MTU ကျောင်းတော် မဟာ ဖြစ်ပါတယ်...။

9 comments:

  1. အဆုံးမရှိတဲ့ ဇာတ်တွေများနေပြီ။
    သည်းမခံနိုင်တော့ဘူး။

    ReplyDelete
  2. "နေညိုလို့ လေပြိုရင် လေသက်အောင် လေချဆေး သွားသွားမှီဝဲနေကျ နေရာကိုးဗျ..."

    အဲဒီလေချဆေးဆိုတာ ဘာကိုပြောတာလဲ...

    မသိလို့မေးတာနော်....းဝ)

    ကိုလူထွေး

    ReplyDelete
  3. ခုနကမှ ရောက်တယ် ခုနောက်တစ်ပုဒ်ထပ်တက်လာတော့ နောက်တစ်ခေါက်ထပ်လာရပြန်တာပေါ့ .... လေချဆေးတွေလည်း သိပ်မသောက်နဲ့ပေါ့ ကို Boyz ရယ် ... တော်ကြာနေ ... မရှုနိုင်မကယ်နိုင် လေတွေအန်နေပါ့မယ် :D
    နေဒေးသစ်။

    ReplyDelete
  4. ဇတ်သိမ်းပိုင်း ရောက်မှပဲ ကော်မန့်ပေါင်းပေးတော့မယ်..။

    ReplyDelete
  5. ဇာတ်လမ်းလေးကတော့ အစချီလေပြီ...။
    ရေးပြီးသလောက်တော့ ပုံပေါ်ပါပြီ...။
    ကဲဆက်ရန်လေး.....

    ReplyDelete
  6. မမKOM ကိုယ့်များစောင်းပြောသွားလားမသိ။

    အခန်းဆက်ဆိုတာ အစလွယ်သလောက် အဆုံးခက်တဲ့ အရာပါကွယ်။ ကိုယ်တွေ့ကိုယ်တွေ့

    ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားလို့ စောင့်ဖတ်နေပါတယ်

    ReplyDelete
  7. ဆရာမြသန်းတင့် စာအုပ်လေးတော့ အသေကြိုက်တာ ...
    စိတ်ဝင်စားသွားပြီ...
    ဆက်ရေးပါဗျာ .....
    စောင့်မျှော်လျက်

    ReplyDelete
  8. မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ပေါ်အောင်ကို အသေးစိတ် ရေးတော့တာကိုးဗျ။
    ရန်ကင်းတောင်ပေါ် တက်တဲ့ (ဖြတ်လမ်း) ကားလမ်းလေး ကျန်သွားတယ်။ :D
    ထန်းတောအကြောင်းကို အသေးစိတ်ရေးအုံးနော့.....ဟီးးးး လွမ်းတယ်ဗျာ..

    ReplyDelete
  9. တစ်ပြ တို့ တစ်ခေါ်တို့ အသုံးအနှုန်းတွေ ကြိုက်တယ် ကိုဘ

    ReplyDelete