ဆက်စပ်ဖတ်ရှုရန်။
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၁)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၂)
လွမ်းမောဖွယ်ရာ အတိတ်နေ့ရက်များ (၃)
အဲဒီ ရန်ကင်းတောင်ကွေ့နား ရောက်တယ် ဆိုရင်ပဲ လူတွေ တော်တော် စည်ကားနေတာ တွေ့ရတယ်။ လိုင်းကားတွေလဲ အဲဒီမှာ ဂိတ်ထိုးထားတာ တွေ့တယ်။ မန်းလေးထဲ ပြန်သွားမယ့်ကားနဲ့၊ ရေကြည်ဘက်ကို သွားမယ့် ကားနဲ့၊ ဘုရားဖူးလာတဲ့ ကိုယ်ပိုင်ကားတွေနဲ့ စည်ကားနေပါကလား။ စီနီယာက ကားကို ခဏရပ်ခိုင်းပြီး ခရီးဆောင်သေတ္တာထဲက Sprite ဘူး တစ်လုံးကို ထုတ်လိုက်တယ်။ အဲဒီနောက် ထောင့်နားက စားသောက်ဆိုင်ကို ၀င်သွားတယ်။ သူဝင်တာနဲ့ ဆိုင်ထဲက “ဟေး” ကနဲ အော်သံတွေ ထွက်လာတယ်။ (နောက်မှ သိရတာက အဲဒီ Sprite ဘူးထဲမှာ ကျွန်တော်တို့ မြို့က ထွက်တဲ့ စပါး အရက် ပါတယ် ဆိုတာပဲ။ လေယာဉ်နဲ့ သယ်လို့ရလားဆိုတော့ လေဆိပ်က ကာစတန်တွေကို ဆရာတွေ ကန်တော့ရအောင် သယ်သွားမယ့် Sprite ဘူးတွေ ဆိုပြီး ပြောသယ်လာတာတဲ့။ အတုမြင် အတတ်သင် ဆိုတဲ့ အတိုင်း နောင်တော့ ကျွန်တော်လဲ စီနီယာ ခြေရာအတိုင်း ထပ်တူ နင်းနိုင်ခဲ့ပါတယ်။ တစ်ချို့နေရာဆို သူတို့ကိုတောင် ကျော်တက်သေးတာပေါ့) ဘူးကို ပေးပြီးတော့ သူ ပြန်ထွက်လာတယ်။ သူ့နောက်က သူ့သူငယ်ချင်း တစ်ယောက် လိုက်လာတယ်။ မိတ်ဆက်ပေးတယ်။ စီနီယာပါပဲ။ တစ်နယ်တစ်ကျေးမှာ အနေကြာတဲ့ တစ်မြို့တည်းသားချင်းပဲ။ ကျွန်တော့် အစ်ကိုနဲ့ ဘော်ဒါတွေ။
ကားကို ဆက်မောင်းခိုင်းတယ်။ ရန်ကင်းတောင်ကနေ ညာဘက်ကို ကွေ့သွားတဲ့ လမ်းအတိုင်း ချိုးသွားတာ။ ဟိုဘက် ဘယ်ဘက်ခြမ်းက တော့ တစ်ခြားရွာကို ရောက်တဲ့ လမ်း...။ ဘုရားရေ.. ခရီးက မဆုံးနိုင်သေးဘူး။ စားသောက်ဆိုင်တန်းတွေ ကျော်လာတော့ သိမ်တစ်ခုကို တွေ့တယ်။ သိမ်လား ဘာလားတော့ မသိဘူး။ အထဲမှာ ဇာတ်တိုက်နေတာ တွေ့ရတယ်။ ဆိုင်းတွေ နှဲတွေ ပုလွေတွေနဲ့။ လမ်းလေးက ကားတစ်စီးသာသာပဲ...။ ညာဘက်မှာတော့ ရန်ကင်းတောင်နဲ့ အပင်တွေ အုပ်ဆိုင်းနေတယ်။ ဘယ်ဘက်ကတော့သီးပင်စားပင်၊ ပန်းပင်များ ဝေေ၀ဆာဆာ စိုက်ထားတဲ့ ခြံတွေ...။ နွေနှောင်းရာသီမှာ ဒီလမ်းကို ဖြတ်သွားမိတိုင်း အေးစိမ့်နေတာပဲ။ အပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း ဆိုတော့ အေးစိမ့်တာ...။ ခဏနေတော့ ဘယ်ဘက်ကို ရုတ်တရက် ချိုးသွားတယ်။ ဒီအချိုးလေးက အတော် သတိထားရတယ်။ နောက်ပိုင်း မြို့ထဲ အသွားအပြန် လုပ်တိုင်း ဒီနေရာမှာ ဆိုင်ကယ်ကို မနည်း အရှိန်လျော့ရတယ်။ စပိဒ်နဲ့ မောင်းလာပြီး ဒီနေရာကျမှ ရုတ်တရက် ချိုးကွေ့သွားတာ။ အဲဒီ အကွေ့ကို လွန်တာနဲ့ ဆိတ်အုပ်တွေ၊ ဆိတ်ချေးနံ့၊ နွားချေးနံ့တွေ သင်းနေပါပြီ။ လမ်းပေါ်မှာ ဆိတ်နွား မစင်တွေ မနည်း ရှောင်ကွင်း သွားရတယ်။
အဲဒီရွာကလေးကို ကျော်လိုက်ရင် အထင်ကရ အပင်ကြီးကြီး သုံးလေးပင် တွေ့ရမယ်။ စီတန်းနေတာပဲ သိသာတယ်။ အဲဒီ အပင်နားမှာ ၉၇ တစ်ဝိုက်လောက်က ကျောင်းသားတွေကို ပစ္စည်းလုတာ ပြန်ခုခံလို့ လက်လွန်ရာက ကျောင်းသားတစ်ယောက် အသက် ဆုံးသွားတယ်။ အဲဒီ ကျောင်းသားကို အပင်ပေါ်ကနေ ကြိုးနဲ့ ဆွဲချိတ်ထားခဲ့တယ်လို့ ပါးစပ်ပြော ပုံပြင်တွေ ကြားဖူးခဲ့တယ်။ အရင်က အဲဒီနေရာတွေဟာ အလွန် အေးချမ်းပါတယ်။ မူးလို့ ပြန်လာလို့ လမ်းပေါ်မှာ မှောက်အိပ်လဲ ဘယ်သူက ဘာမှ လုပ်မသွားဘူး။ လမ်းနဲ့ မလွတ်လို့ လမ်းဘေးကို ရွှေ့တာလောက်ပဲ ရှိမယ်။
အဲဒီနေရာလေး မတိုင်ခင်မှာ ကျွန်တော် ပြောတဲ့ မြသီဒါ ပဲလှော်ဖိုနဲ့ ကျောင်းသားတွေ လာကွန်းခိုလေ့ရှိတဲ့ အိမ်ရှေ့မင်း ထန်းတောဆိုတာ ရှိတယ်။ ကျွန်တော်တို့ဆို ညနေတိုင်း လာလာသောက်နေကျ။ ကြွက်ကြော် နဲ့ ပဲလှော်ဝါးလိုက်... ထန်းရည်လေးကို အဖတ်လေးပါအောင် အုန်းမှုတ်ခွက်လေးနဲ့ ခပ်သောက်လိုက်၊ တစ်ကျိုက်ကျိုက်လိုက်နဲ့ ဇရက်မင်း၊ နတ်မင်း စည်းစိမ်များ အတော် ခံစားခဲ့တာကလား။ (ဂလု.. ရေးရင်းနဲ့ ပြန်သတိရလာပြီ....။) ကံကောင်းရင် ယုန်သား ဆီပြန်၊ မြွေသားဆီပြန်များ ရတတ်သဗျ။ လင်းမြွေသားဆို နူးအိနေတာ ကြက်သားနဲ့ မလဲနိုင်ဘူး။ ယုန်သားကျတော့ ချိုတာများ...။
အဲဒီကနေ နောက်ဆက်သွားတော့ တစ်ခေါ်သာသာလောက်မှာ ကျောင်းအ၀င်ဂိတ်ဝနားက တံတားကို ရောက်ပါတယ်။ အဲဒီ တံတားလေးက ရေနီမြောင်းလေးကို ဖြတ်ဆောက်ထားတာပါ။ အဲဒီနားမှာ ကုန်စုံဆိုင်လေးတွေ ရှိပါတယ်။ မန်းချယ်ရီသူလေးများ အပ်က အစ၊ သနပ်ခါးအလယ်၊ ငပိ အဆုံး လာဝယ်ကြတဲ့ ရိုးရာ ကုန်စုံဆိုင်လေးများ ပေါ့ဗျာ။ ကိုကိုကျောင်းသားများကလဲ အဲဒီ တံတားဘောင်ပေါ်မှာ ထိုင်ပြီး ဟန်ရေးပြကြတာပေါ့။ (နွားတွေ စားကျက်ထဲကနေ ရွာပြန်သွင်းတော့ ဖုန်တစ်လုံးလုံးထ၊ လောလောလတ်လတ် စွန့်သွားတဲ့ နွားချေးနံ့က တစ်သင်းသင်းနဲ့ ဘယ်လိုထိုင်နိုင်ကြတယ် ဆိုတာ အံ့သြ ကုန်နိုင်ဖွယ်ပဲ။ ကျွန်တော် အကောင်းစားလေးလဲ ပါတာပေါ့။) ရေတွေ ချိုးလာပြီး ဟန်ရေးပြသလောက် အပြန်ကျတော့လဲ နောက်တစ်ခါကို ပြန်ချိုးကြရတယ်။ ခေါင်းမှာတော့ ဖုန်တွေ အလိမ်းလိမ်းနဲ့ ပေါ့ဗျာ...။
ကဲ.. အမ်အိုင်တီ ကျောင်းက ဂိတ်ကတော့ ခန့်ခန့်ထည်ထည်ကြီးဗျာ...။ ကားလမ်းကို ပိတ်ထားတဲ့ “ရပ်” ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတဲ့ ဖြူနီဆေးချယ် ၀ါးလုံးတန်းက မိန့်မိန့်ကြီး တားထားတယ်။ အင်း... ကျောင်းသားမှန်း သိအောင် ဘာနဲ့ သက်သေပြမှာပါလိမ့်..။ အို မှတ်ပုံတင် ထုတ်ပြရမယ် ထင်တာပဲ ဆိုပြီး ကားရပ်တာနဲ့ အိတ်ထဲက မှတ်ပုံတင် ကို အဆင်သင့် ထုတ်ထားလိုက်တယ်။ စီနီယာ(၂) က ကားပေါ်က ဆင်းပြီး ဂိတ်က မှန်တံခါးကို တစ်ဘုန်းဘုန်း သွားထုနေတယ်။ ဒုက္ခပဲ မူးမူးနဲ့ ဘာတွေ သွားလုပ်တာလဲ မသိဘူး။ အဲဒီအချိန်မှာ ဂိတ်နောက်က တစ်ကုန်းကုန်းနဲ့ အသားညိုညို လူတစ်ယောက် ထွက်လာတယ်။ အိန္ဒိယသွေးနွယ်တယ် ထင်ပါရဲ့။ ကွမ်းတွေဝါးလို့ သွားတွေက ရဲနေတာပဲ။ “ဟာ ကိုစိုင်း ဘယ်တုန်းက ရောက်တာလဲ” ဆိုပြီး မေးတယ်။ စီနီယာ (၂) က “ဘာလဲဗျာ..။ ဘာလို့ ၀ါးလုံးတားထားတာလဲ မြန်မြန်ဖယ် အချိန်မရှိဘူး။ ” ဘာညာနဲ့ သဟောက်သဟမ်း လုပ်နေတယ်။ သူက ပြုံးဖြဲဖြဲနဲ့ ဘယ်က မောင်ကျောင်းသားတွေ လာနောက်တာလဲ မသိဘူး။ ၀ါးလုံးနား ခဲဆွဲထားတာ ဖြုတ်သွားတယ်ဗျာ ဆိုပြီး ၀ါးလုံးတန်းကို အပေါ်တင်လိုက်တယ်။ ကားက အဲဒီကနေ တစ်ဆင့် ကျောင်းထဲကို ၀င်လာပါတယ်။
ဟော... ကျောင်းကို ရောက်လာပါပြီဗျာ...။ လမ်းက ဖြူးနေတာပဲ။ ပြေပြေလေးနဲ့ အရှေ့ဘက်ကို တက်သွားတယ်။ ဂိတ်အ၀င်လမ်းအတိုင်း ဖြောင့်ဖြောင့်ဖြူးဖြူး တက်လိုက်ရင် မန်းချယ်ရီ အဆောင်ကို တန်းတန်းမတ်မတ် ရောက်တယ်။ လမ်းကတော့ ကျောက်နဲ့ ကတ္တရာနဲ့ ရောခင်းထားတာ။ ဘေးနား တစ်ဘက်တစ်ချက်ကတော့ အပင်သေးသေးလေးတွေ နဲ့ တစ်မျှော်တစ်ခေါ်ကြီးပေါ့လေ....။ တမာပင်တွေတဲ့...။ အဲဒီတုန်းက ကျောင်းတက်တဲ့သူတွေများ တမာရိပ်မှာ သွားခိုမယ် မကြံလေနဲ့...။ တမာပင်တွေက လူခါးတစ်ရပ်တောင် မရှိသေးဘူး။ ( ၂၀၀၂ နောက်ပိုင်း ကျောင်းရောက်သွားတော့ တမာတောအုပ်ကြီးကို ဖြစ်လို့။ လူဝင်သွားရင် မမြင်ရတော့ဘူး။ အတွဲတွေ သွားချိန်းလို့ အလွန်ကောင်းဆိုပဲ။ ဘာသွားလုပ်ကြတာလဲ မသိဘူး။ ကြည့်ရတာ ၀က်ခြံသွားညှစ်ပေးကြတယ် ထင်တာပဲ။ :P )
ကားလေး က တည့်တည့် ဆက်သွားပြီးနောက် ညာဘက်လမ်းလေးအတိုင်း ချိုးသွားပါတယ်။ ဒီလမ်းကတော့ ကတ္တရာလမ်း မဟုတ်ပဲ.. ကျောက်တွေ ခင်းထားတဲ့ လမ်းပါ။ ဒီလမ်းအတိုင်း စက်ဘီးနဲ့ ဖြတ်စီးလေတိုင်း ဘီးခဏခဏ ပေါက်တာပေါ့။ ပထမဆုံး T3-T4 ဆိုတဲ့ စာတမ်း ထိုးထားတဲ့ အဆောက်အအုံကို တွေ့ပါတယ်။ တတိယနှစ်နဲ့ စတုတ္ထနှစ် အတန်းများ စာသင်ကြားရာ အဆောင်လို့ ဆိုပါတယ်။ ရုပ်ရှင်ရုံ တည်ဆောက်ပံအတိုင်း အနောက်ဘက်က မြင့်ပြီး အရှေ့ဘက် ဆရာ စာသင်ရာ ကျောက်သင်ပုန်းကို တစ်တန်းခြင်း တစ်ဆင့်ခြင်း နိမ့်သွားတဲ့ စတိုင်ပါ။ T3-T4 ကို ကျော်ပြန်တော့ ပုံစံတူ အဆောက်အအုံကို တွေ့ရတယ်။ T1-T2 တဲ့။ သူက ပထမနှစ်နဲ့ ဒုတိယနှစ်တွေကို စာသင်ကြားပေးရာ နေရာပေါ့။ ကိုကိုစီနီယာတွေက ညီမလေး ဂျူနီယာတွေ ကို လာလာပြီး ကသိုဏ်းရှုတတ်တဲ့ လူအစည်ကားဆုံး စာသင်ဆောင် ဆိုလဲ မမှားပါဘူ...။
ဒီလိုနဲ့ ကျွန်တော်တို့ ကားလေးဟာ ကျောင်းသားရေးရာ ရှိရာကို ဦးတည် သွားနေပါတယ်...။ နေလုံးကတော့ အနောက်ဘက်မှာ သာလို့ ကောင်းတုန်း...။ လေပူကလဲ တစ်ချက် တစ်ချက် ဝေ့လာလေရဲ့...။ အရှေ့ဘက်မှာတော့ ရှမ်းရိုးမ တောင်တန်းက တောင်မြောက် သွယ်တန်းနေတာပေါ့...။

Thanks, Ko Boyz...
ReplyDeleteI will try!
T1,T2ပေါ်က ရေကန်ထဲမှာ အရက်ပုလင်းဖွက်ထားပြီး သောက်တဲ့သူများလည်း ရှိသတဲ့ဗျာ။အဲဒီ ခင်ဗျားပြောတဲ့ အပင်သုံးပင်ဆိုတာ လိမ်ပင်ကွေ့ပါ ကဘွတ်ဇ်ရာ...အဲ့ကနေ လမ်းချိုးလေးထဲမှာလည်း လိမ်ပင်ရွာသို့ လို့ ရေးထားတယ်။အဲ့အပင်တွေမှာ သရဲနေသတဲ့။ပြောတာပဲ။တနေ့တော့ ဒေါ်ခင်မာဏီ(သိတယ်ဟုတ် မန်းချယ်ရီ အဆောင်မှုး အာခီဌာနမှုး)က အဲဒီကနေ ကဲ သရဲလိုက်ချင်လည်း လိုက်ခဲ့လို့ ခေါ်လာသတဲ့ဗျာ။ပြီးတော့ အဲ့ခေါ်လာတဲ့ သရဲက အဆောင်မှာ သောင်းကျန်းဆိုပဲ။ကျနော်တော့ မကြုံဖူးပါဘူး။ကြုံတာကတော့ မန်းချယ်ရီမှာ မျက်နှာသစ် ဘေစင်မှာ မျက်နှာသစ်ရင်း ကိုယ့်ဘေးနားက ရေဖွင့်သံကြားတဲ့ အခါတိုင်း လူရှိပြီး ဖွင့်နေတာ မဟုတ်ပါဘူး။ဘေးက ရေပိုက်က သူ့ဟာသူပဲ ပွင့်လေသလား ဘာလား ရေကျတတ်ပါတယ်။ကိုယ်ဟာကိုယ်မှ စာလုပ်ရင်း အိပ်ချင်လာလို့ မျက်နှာလာသစ်တာဆိုတော့ သရဲသော ဘာသော စဉ်းစားမနေအားပါဘူး။ပြန်ပိတ်ပေးခဲ့တယ်။မန်းချယ်ရီ အဆောင်သူများလည်း ဖျာလိပ်နတ်ဆိုတာ ခေါ်တာ ၀ါသနာပါကြတယ်ဗျာ။ကျနော်ကတော့ အဲ့လို တခန်းတည်းစုနေတဲ့သူတွေ ဖိနပ်လိုက်ဖွက်ဖို့ အကြံနဲ့မို့ တခါမှ ဖျာလိပ်နတ် မမေးခဲ့ဖူးဘူး။
ReplyDeleteအရင်လူတွေက ရေပိုက်ကို ဖွင့်ထားခဲ့တယ်။ ရေမလာလို့ ပြန်ပိတ်ဖို့ မေ့သွားတယ်။ နောက်လူလာတဲ့ အချိန်မှာ ရေဖွင့်တော့ ရေလာတာနဲ့ ကြုံနေတော့ ရေတွေကျလာတာလဲ ဖြစ်နိုင်ပါတယ်။ သရဲတော့ မကြုံဖူးဘူး။ ပင်လောင်းက ရှမ်းကြီးဆိုတဲ့ တစ်ယောက် တစ်ကိုယ်လုံးမှာ ဘီလူးအင်းတွေ ထိုးထားတာ။ သူ့ကို ကို ဘီလူးစီးတာတော့ ကြုံဖူးတယ်။ ဘယ်သူမှ ထိန်းလို့ မရဘူး။ အိတ်ခ်ျသရီးဆောင် သုံးထပ်လောက်ကနေ အောက်ကို ခုန်ဆင်းတာ ဘာမှ မဖြစ်ဘူး ဆရာ...။
ReplyDeleteကြွက်ကြော်စားချင်တယ်၊ ယုန်လေးတွေတော့ သနားပါတယ်၊
ReplyDeleteမန္တလေးတောင် သေချာမရောက်ဖူးသေးဘူး၊ ကျောင်းကတော့ ကိုဘရေးမှ ကြားဖူးတာ... ရန်ကုန်တက္ကသိုလ်ပဲ သိတယ်၊
sprite ဗူးထဲ အရက်တွေ ထည့်ပြီး ဘယ်လိုပြန်ပိတ်လဲ ကိုဘ တယ်တော်ကြပါလား။ နွားချေးနဲ့သင်းတယ်ဆိုလို့ ကိုဘ အကောင်းမြင် ၀ါဒီဆိုတာ သေချာသွားပြီ။ ဆက်လွမ်းဦးမှာလား။
ReplyDeleteအော်..ရောက်သွားပြီကိုး။ တော်ပါသေးရောက်သွားလို့။ sprite ဗူးကသံဗူးမဟုတ်တဲ့ ကော်ဗူးကြီးနဲ့မလား။
ReplyDeleteကိုဘ ကိုဘနဲ့ ခေါ်နေကြတာ သူကိုး
ReplyDeleteမဲလေး - ကြွက်ကြော်ကတော့ ကောင်းသလား မမေးနဲ့။ ကြက်ကြော်နဲ့ မလဲနိုင်ဘူး။ အိမ်ကြွက် မဟုတ်တဲ့ လယ်ကြွက်တွေ။ စပါးနှံတွေ ကိုက်ဖြတ် စားသောက်ပြီး ၀ဖြီး အဆီတက်နေတဲ့ လယ်ကြွက်ဆူဖြိုးဖြိုးကိုမှ ရှယ် ကြော်ထားတာ။ ဆွေမျိုး မေ့သွားမယ်။ ယုန်သားကတော့ ရှားတယ်။ ချိုတယ်။
ReplyDeleteမီယာ - sprite ဗူးထဲ ထည့်ပြီး ပိတ်တော့လဲ ဒီအတိုင်းပါပဲ။ အဲဒီခေတ်က အချိုရည်တွေ ဗမာပြည်ထဲ အဲလို သယ်နေကျ။ ဆိုတော့ သံသယ မရှိဘူးပေါ့။ ဘယ်ကာစတန်က အဖုံးပိတ်မပိတ် စစ်မနေဘူး။
ကြည် - စိတ်လက်ချမ်းသာစွာ ဖတ်ရှုနိုင်ရန် အလို့ငှာ ကျောင်းကို ချောမွေ့စွာ ရောက်ရှိကြောင်း ပြောကြားလိုပါတယ်...။
ရီတာ - သူရို့က အဲလို ခေါ်တာ ကြာရော့။ ဒီဘက်ကို သိပ်မရောက်ဖြစ်လို့ မသိတာ နေမှာ...။