Friday, April 10, 2009

အရောက်လာခဲ့ပါ....


ပိတောက်တွေ ဖူးပြီး အတာတွေ ကျူးတဲ့ တန်ခူးလ ရာသီကို ရောက်ခဲ့ပြန်ပါပြီ...။
ဝေ့ကနဲ ၀ိုက်ကနဲ တိုက်ခတ်လာတဲ့ လေပြည်ထဲမှာ ပိတောက်နံ့လေးများ ပါမလားလို့ ယောင်ယမ်း ရှုရှိုက်မိတယ်...။
ကားမီးခိုးနံ့၊ ဓါတ်ဆီနံ့တွေ ထုံမွမ်းနေတဲ့ လေထု အောက်သက်သက် အနံ့က နှာဝကို အလုအယက် တိုးဝင်လာလို့ မနည်း အသက် ပြန်အောင့်လိုက်ရတယ်...။
အော်.. တန်ခူးလ ရောက်ပြန်ပြီပေါ့။
ခပ်လှမ်းလှမ်းက စိန်ပန်းပင် နီနီကြီးမှာ ခပ်သဲ့သဲ့ မြည်နေတဲ့ ဥသြတွန်သံလေး ကြားလိုက်မိပါရဲ့...။
ခါတိုင်းလဲ ဒီလို အချိန်အခါ မဟုတ် တွန်နေတဲ့ ဥသြ အသံကို အမှုမဲ့ အမှတ်မဲ့ နေမိခဲ့တာပဲ။
အခုမှ အွန်လိုင်းက ၀ါရွှေရောင် ပိတောက်ပုံတွေ တွေ့မိမှ သင်္ကြန်အခါတော်နား နီးပြီဆိုတာ သတိပြုမိတယ်။


ပိတောက်ရယ် သင်္ကြန်ရယ်က ခွဲလို့မရတဲ့ အရာပေါ့လေ...။ ပြောစမှတ်ပြုကြတယ်။
ပိတောက်ဆိုတာ သင်္ကြန်အခါတော်မှာမှ ပွင့်လို့ သစ္စာရှိတဲ့ ပိတောက်လို့ ပြောကြတယ်။
သို့သော်လဲ မေပိတောက်သည်လည်း သစ္စာမရှိနိုင်ရှာတော့။
မတ်လမှာ ပွင့်ချင်ပွင့်၊ အခါမဲ့ မိုးများ ရွာလိုက်ရင်လဲ ပွင့်ချင်ပွင့်နဲ့ စိတ်ထင်သလို ပွင့်နေတော့တယ်။
လောလောဆယ်တော့ ဒိုဘီဂေါက် ဘူတာ အထွက်က အော်ချတ်လမ်းမမှာ ပန်ဆင်သူမဲ့ ပိတောက်တွေက သင်းပျံ့တဲ့ အနံ့နဲ့ ဖူးပွင့်နေတာ တွေ့နေရတယ်...။
ပြည်မြန်မာမှာ ဆိုရင်ဖြင့် ဒီပိတောက်တွေဟာ ပန်ဆင်လိုသူ ပျိုဖြူများရဲ့ ဆံကေသာထက်မှာ အခန့်သား စံနေမှာ ဖြစ်ပေမယ့် တန်ဖိုးမသိတဲ့ သူတွေများတဲ့ ဒီခြင်္သေ့ကျွန်းမှာတော့ မြေမှာ သက်ကြွေ၊ ခဝေနေရပြီ။
ပိတောက်ချင်း တူပေမယ့် နေရာမတူလေတော့ ပစ်ပယ်ခံနေရတယ်...။
လမ်းသွားလမ်းလာထဲက တစ်ယောက်စ နှစ်ယောက်စကတော့ အပင်နားက လက်လှမ်းမီရာ အပွင့်တွေကို ခူးပြီး တစ်ယုတစ်ယ နမ်းရှိုက်သွားတာ တွေ့ရတယ်...။ အော် .. ရွှေမြန်မာများပဲ ထင်ပါ့။

ဒီလိုပဲလေ.. ရွှေမြန်မာများလဲ ရောက်တဲ့ အရပ်မှာ ပျော်အောင် နေကြတာပဲပေါ့...။ အထူးသဖြင့် အခုလို မြန်မာနှစ်သစ်ကူးတဲ့ သင်္ကြန်အခါမှာ အများနည်းတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အတာ ရေသဘင်ပွဲများကို ဆင်နွဲချင်ကြတာပဲလေ...။ သင်္ကြန်နီးလေတိုင်း တူးပို့တူပို့ သံများ ကြားရင်ဖြင့် မရိုးမရွ ဖြစ်မိတာက အခါခါ...။ မြနန္ဒာ သီချင်းလေးကို လူတိုင်း အလွတ်ရနေတဲ့ ရွှေမြန်မာများအနေနဲ့ ဒီအတာကူးတဲ့ တန်ခူးလကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဆင်နွဲချင်ကြတာပါပဲလေ...။

ထိုနည်းတူစွာ ခြင်္သေ့ကျွန်းရောက် ရွှေမြန်မာများထဲက အခွင့်အခါ မသာလို့ အမိမြန်ပြည်ကို မပြန်သာသေးတဲ့ ကိုကို၊ပျိုပျိုများဟာ မိမိတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အချင်းချင်း ချစ်စနိုး ရေပက်ကစားရာက အစုအဖွဲ့များလာတော့ ပုံမှန် ဆုံစည်းနေကြ တိုပါးရိုး ဘုန်းကြီးကျောင်းမှသည် ဓါတ်တော်တိုက်ရှိရာ Eunos ဘုန်းကြီးကျောင်း.. ထိုမှသည် မြန်မာများ တွေ့ဆုံရာ ပင်နီစူလား ပလာဇာမှာ မိမိတို့နည်း မိမိတို့ဟန်နဲ့ သင်္ကြန်ပွဲတော်ကို သတ်မှတ်ထားတဲ့ ဘောင်အတွင်း ဆင်နွဲကြတာပေါ့။

ဒီလို ဆင်နွဲလာရကနေ ယခုနှစ် ၂၀၀၉ ခုနှစ်မှာတော့ စင်ကာပူရောက် ရွှေမြန်မာများနဲ့ သက်ဆိုင်သူများ အကြိမ်ကြိမ် စည်းဝေး ညှိနှိုင်းပြီး စင်ကာပူရဲ့ ပထမဆုံးသော မြန်မာ သင်္ကြန်ပွဲတော်ကို တရားဝင် အများပြည်သူရှေ့မှာ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်...။ ကျင်းပမယ့် နေရာကတော့ ပင်နီစူလား ပလာဇာ မျက်နှာခြင်းဆိုင်က ပန်ဒန်း ဘောလုံးကွင်းမှာ ဖြစ်ပါတယ်။ ဧပြီလ ၁၂ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဓိက ကူညီပံ့ပိုးပေးတာကတော့ M1 ဆက်သွယ်ရေး ကုမ္ပဏီက လို့ သိရပါတယ်။ လက်မှတ်များလဲ ရောင်းချနေကြတာ ကုန်သလောက်နီးနီး ဖြစ်နေပါပြီ။ လက်မှတ် အရေအတွက်က စောင်ရေ ၂၀၀၀၀ ဖြစ်ပြီး တစ်စောင်ကို S$ 15 လို့ သိရပါတယ်။ လက်မှတ်များကို ၀ယ်ယူအားပေးချင်တယ် ဆိုရင်ဖြင့် ပင်နီစူလား ပလာဇာက အောင်ချမ်းသာမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

အဆိုပါ သင်္ကြန်ပွဲမှာ မြန်မာပြည်က လူသိများတဲ့ အဆိုကျော်များလဲ လာရောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ ဖြူဖြူကျော်သိန်း၊ ဒီဂျေအဖြစ် ဥက္ကာဦးသာ နဲ့ အခြားသော အနုပညာရှင်များ လာရောက်ဖျော်ဖြေဦးမယ်လို့ သိရပါတယ်...။

အဆိုပါ သင်္ကြန်ပွဲမှာ ရွှေပွဲလာ ရွှေမြန်မာများကို အဆာပြေ၊ ရေငတ်ပြေ စားစရာ သောက်စရာများလဲ ထည့်သွင်း ရောင်းချပေးမယ်လို့ သိရပါတယ်...။ စင်ကာပူရောက် ရှမ်းမိသားစုများမှလဲ ရှမ်းတိုင်းရင်းသား ရိုးရာ အစားအစာများကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးမယ်လို့ သတင်းရရှိထားပါတယ်။


ရောင်းချမယ့် စားသောက်ဖွယ်ရာကတော့ ရှမ်းခေါက်ဆွဲ၊ ရှမ်းထမင်းဝါတို့ ဖြစ်တယ်လို့ သိရပါတယ်။ အခြားသော အစားအစာများလဲ အလျဉ်းသင့်သလို ရောင်းချပေးမယ်လို့ သတင်းရရှိထားပါတယ်။

ရှမ်းခေါက်ဆွဲကတော့ အများ သိပြီးသား ဖြစ်နေလို့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုတော့ဘူး ထင်ပါတယ်။ ထူးထူးခြားခြား မိတ်ဆက်ပေးမယ့် အစားအစာကတော့ ရှမ်းထမင်းဝါလို့ ခေါ်တဲ့ စားစရာ ဖြစ်ပါတယ်။ သက်သတ်လွတ် အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ ထမင်းဝါအကြောင်းကို ပြီးခဲ့သော ပို့စ်များထဲမှာ ကျွန်တော် မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ဒီစားစရာကတော့ လုပ်ရတာ လက်ဝင်သလို တော်ရုံ စားနိုင်တဲ့ အစားအစာ မဟုတ်ပါဘူး။ သက်သက်ကို လုပ်မှသာ စားနိုင်တဲ့ အစားအသောက် ဖြစ်ပါတယ်။ (ရှမ်းထမင်းဝါ အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။)


ဒီ စားစရာများကို စင်ကာပူရောက် ရှမ်းမိသားစုများမှ ကိုယ်တိုင်တည်ခင်းရောင်းချမှာ ဖြစ်ပါတယ်...။ သင့်တင့်မျှတတဲ့ နှုန်းထားနဲ့ သင်္ကြန်ပွဲတော်တွင်းမှာ ရောင်းချပေးမှာ ဖြစ်တဲ့ အတွက် တစ်နှစ်မှ တစ်ခါသာ စားရမယ့် ကြုံရခဲ့တဲ့ ရှမ်းရိုးရာ ထမင်းဝါကို ပွဲတော်တွင်းမှာ “ရှမ်းတောင်တန်း” စားသောက်ဆိုင်မှာ လာရောက် အားပေး သုံးဆောင်နိုင်ပါကြောင်း ပန်းသတင်း စကားလက်ဆောင် ပါးလိုက်ရင်းနဲ့.. ပျော်ရွှင်စရာ ကောင်းတဲ့ နှစ်သစ်သင်္ကြန်ကို ဆင်နွဲနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...။

ဒီပို့စ်ကတော့ ကြော်ငြာ သက်သက်ပါ...။ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပါ။ ကျေးဇူးတင်လို့ ရှမ်းထမင်းဝါများ မေတ္တာနဲ့ အကျွေးအမွေး ဧည့်ခံမယ်ဆိုရင်လဲ လူမှုရေးအရ ငြင်းမယ် မဟုတ်ပါဘူး။

Related Posts :
စကာင်္ပူနိုင်ငံ၏ အကြီးကျယ်ဆုံး ပထမဆုံးသော သင်္ကြန်ပွဲ
ဒေါက်တာ စိုင်းခမ်းလိတ်၏ အသက် ၆၀ ပြည့်မွေးနေ့။

7 comments:

  1. လာချင်ပါသော်ကော အကိုဘွိုက်ဇ်ရေ
    အကိုဘရယ်၊ ခွင့်အများကြီးယူထားတယ်ဆိုတဲ့ အဒေါ်ကြီးရယ်၊ စက်ဘီးလျှောက်စီးနေတဲ့ အာကိုကြီး :) တို့နဲ့ရှမ်းထမင်းစားလိုက်၊ ရှမ်းခေါက်ဆွဲ ဆွဲလိုက်နဲ့ စကားလက်ဆုံကျလို့ ပွဲရှုချင်ပါသေးရဲ့။
    အခြေအနေမပေးသေးလို့ ကိုဘသွားတဲ့အခါရိုက်လာခဲ့မယ့်ပုံတွေ ရေးမယ့်စာတွေပဲ စောင့်မျှော်ဖတ်လိုက်တော့မယ်။

    ဒါနဲ့ ရှမ်းထမင်းချဉ်ပဲ စားဖူးတယ်။ ကောင်းတယ်။ ရှမ်းထမင်းဝါတော့ မစားဘူးသေး..

    ReplyDelete
  2. ဖြူဖြူကျော်သိန်းပါတယ်ဆိုလို့ ကြည့်ချင်လိုက်တာ
    လိုက်ဖ်ရှိုး ရိုက်ကွက်လေးများ ရနိုင်မလား ;)

    ReplyDelete
  3. လာခဲ့ပါ ခမမ... ပျော်စရာကောင်းမှာပါ။ စလုံးမှာ ပထမဦးဆုံး အပြင်မှာ တရားဝင် ကျင်းပခွင့်ရတဲ့ပွဲပါ။

    နိုင်းနိုင်းရေ.. ဗွီဒီယို မရှိသေးပါဗျာ။ ဖုန်းကင်မရာနဲ့ ရိုက်ရအောင်ကလဲ ရေတွေ ပက်နေမှာဆိုတော့ လိုက်ဖ်ရှိုး ရမရကတော့ အာမ မခံနိုင်ပါဘူး...။ စကားမစပ်... နိုင်းနိုင်းက ဖဖကသ ရဲ့ ပိတ်သတ်ကြီးလား...။ :D

    ReplyDelete
  4. ဟယ် ပျော်စရာကြီး။ နီးရင် လာပါတယ်။ သင်္ကြန်ဆိုတာ (ဦး) ဇော်ဝမ်း မပါရင် မပြည့်စုံဘူး။ သူ့အဆိုလေးပါမှ ရှယ်ဖြစ်သွားမှာ။ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဝေေ၀ဆာဆာ တင်ပေးပါနော်။ စလုံးရဲ့ ပထမဆုံး မြန်မာသင်္ကြန် စည်းကမ်းရှိ လှပစွာ အောင်မြင်ပါစေ။

    ဒါနဲ့ ကျွန်မရဲ့ ရှမ်းခေါက်ဆွဲလေး လာကြည့်ပြီး လိုအပ်တာလေး ညွှန်ကြားသွားပါဦးလို့ ဖိတ်မန္တက ပြုပါတယ်း)

    ReplyDelete
  5. စားမယ် ကိုဘွိုင်းရေ စားချင်တယ် ခက်တာက ကျွန်းပိစိလေးကို ကူးဖို့ ခက်နေတယ် ဖုန်းနဲ့ ပဲလှမ်းမှာလိုက်မယ် ဒေါ်လှ နဲ့  ပေးမယ်လေ အိမ်အထိ ပို့ မယ်ဆိုတာ တစ်ကယ်နော် မစားရတာကြာပြီလေ မြင်နေရက်နဲ့ မကြင်ရတာ ဆိုးတယ် ဘယ်ဘဝက ဒုက္ခတွေလည်းမသိဘူး ဆုတောင်းမကောင်းခဲ့ဘူးထင်တယ် သင်္ကြန်နားနီးလာလေ ဒုက္ခက ပိုများလေပဲ

    ReplyDelete
  6. ခမမ.. ခွင့်မရဘူးလား။ ကြုံခဲတယ် နွှဲလိုက်ပါဗျာ။

    (ပြောသာပြောရတာ၊ ကိုယ်လည်းသွားမှာမဟုတ်ပဲနဲ့၊ ဟီးဟီး)

    ReplyDelete
  7. သွားဖြစ်လား?

    ReplyDelete