လရောင်ကတော့ ဖြာနေတုန်းပဲ...။
လရောင် တိုးဝင်နေတဲ့ အိပ်ခန်း ပြူတင်းရဲ့ လေသာပေါက်ကနေ အပြင်ကို ဇင်ဇင် ငေးကြည့်နေမိတယ်...။
တိမ်ညိုမဲ ပုပ်ပုပ်တွေကြားကနေ လက်မတင်လေး လွတ်လာတဲ့ လမင်းကြီးဟာ ၀ိုင်းဝိုင်းစက်စက်ကို သာလို့...။
ဝန်းကျင်မှာတော့ ညဥ့်ရဲ့သရုပ်ကို အားပါစေတဲ့ ဇိုးဇီဇိုးဇီ အသံလေးများ၊ တစ်ချက်တစ်ချက်မှ ဖိုသံပေးနေတဲ့ အုံးအင်သံလေးများ ပေါ်လာလေရဲ့...။
လရဲ့ညကို သရုပ်ပါစေတာကတော့ တောင်ပေါ်လေချမ်းလေ ဝှေ့ခနဲ သုတ်ပြီး တိုက်လိုက်တဲ့ အချိန်ပါပဲ...။
ဇင်ဇင့် အနွေးထည်ပါးပါးထဲကို တိုးဝင်လာတဲ့ ဆောင်းညလေချမ်းကြောင့် နွေးခနဲ ကြက်သီးတွေ ထလာခဲ့တယ်...။
ဆောင်းလေချမ်းကြောင့် ပါးပြင်ပေါ်က အေးစက်တဲ့ အထိအတွေ့ကို သတိထားမိချိန်မှာ သူငိုနေပါလားဆိုတာ သတိရလာတယ်...။ ဇင်ဇင်တစ်ယောက် ငိုနေမိပါပကော။ ပျံ့လွင့်နေတဲ့ အတွေးစများကို ပြန်လည် စုစည်းလိုက်တယ်။ ပြတင်းတံခါးကို ပြန်ပိတ်လိုက်ပြီး မှန်ပြတင်းက ထိုးကျလာတဲ့ လရောင်ကို ငေးကြည့်ဖြစ်တယ်။ လက်ထဲက ကိုင်ထားတဲ့ ခြုံစောင်ပါးပါးကို ကိုယ်ပေါ် အသာ ပြန်တင်လိုက်ရင်း လက်ရှိ ပစ္စုပ္ပါန် အခြေအနေကို သုံးသပ်နေမိတယ်....။
မေမေနဲ့ အပြင်းအထန် စကားများပြီး နောက် တစ်နယ်တစ်ကျေးက အဖေ့ဆီကို ထွက်လာခဲ့လိုက်တယ်။ မေမေကတော့ ဒီတစ်ခေါက်မှာ အတော်နောင်တရသွားတယ်။ သူ့ကို မတားဆီးနိုင်တော့ပဲ ကျန်နေခဲ့တယ်။ ဒီရောက်တော့ အဖေ့ဆီကို ဖုန်း ကြိုဆက်ထားတယ်တဲ့။ အဖေကတော့ ငယ်ငယ်ကတည်းက မေမေနဲ့ ကွဲပြီးတဲ့နောက် သူ့ကို တစ်နှစ်မှ တစ်ခါသာ တွေ့ဖြစ်တယ်။ တရားရုံးက အမိန့်ချလိုက်တယ်လေ။ တော်တော့်ကို ဆိုးဝါးခဲ့တဲ့ အတိတ်ပေါ့။
သူ့အဖေကတော့ အောက်ထပ်မှာ အိပ်နေလောက်ရောပေါ့...။ စခန်းမှူးတစ်ယောက် ဖြစ်တဲ့အတွက် ညဥ့်နက်မှပဲ အမြဲပြန်လာဖြစ်တဲ့ အဖေနဲ့ သူမတို့နှစ်ယောက်ဟာ တစ်အိမ်တည်း အတူ နေနေပေမယ့် ဝေးကွာနေဆဲလို့ သူခံစားနေရတယ်။
ဒီနေ့ ညစာစားချိန်အမှီကို ပြန်လာတဲ့ အဖေက ထူးထူးဆန်းဆန်း သတင်းတစ်ခုကို ပြောပြတယ်။ ထူးဆန်းပေမယ့် အလားတူ ဖြစ်ရပ်ကတော့ ၃ မှုရှိသွားပြီတဲ့။ လူသူ မနီးတဲ့ တောကြီးမျက်မည်းက ချောက်ကမ်းပါးထိပ်မှာ အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ မုဆိုးတစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရကြောင်း၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အတွက် ဘယ်သူမှန်း မသိပေမယ့် ဒီနယ်ဘက်ကို နယ်ကျွံလာတဲ့ မုဆိုးတစ်ယောက် ဆိုတာကို သူ့ဘေးနားက အမဲလိုက် ရိုင်ဖယ်နဲ့ ကိရိယာ တစ်ချို့အရ သိရကြောင်း၊ တိရစ္ဆာန်ရဲ့ တိုက်ခိုက်မှုကို ခံရတာ ဖြစ်ကြောင်း စိတ်မချမ်းမြေ့ဖွယ် ပြောပြနေတယ်။
ဆေးရုံက သေမှုသေခင်း ဆရာဝန်ကတော့ ဒီနယ်ဘက်မှာ မြေခွေးဆိုတာ မရှိသလောက် ရှားပါးတဲ့ အကြောင်း၊ အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ဒီနှစ်ထဲမှာဆို သုံးကြိမ်မြောက်ဖြစ်ကြောင်းကိုလဲ ပြောသွားသေးတယ်...။
ဇင်ဇင့်စိတ်ထဲမတော့ သူနဲ့ သူ့ဖေဖေ ဘယ်တော့ ပြန်နီးစပ်မလဲဆိုတာကို စဉ်းစားနေမိတယ်။

ဒီနေ့ ဖေဖေ ဘယ်မှ မသွားဘူး အိမ်မှာနေနေတယ် ထင်တယ်။ မနက်နိုးလာတော့ အိမ်ရှေ့ခန်းမှာ ကော်ဖီထိုင်သောက်ရင်းနဲ့ ဂျာနယ်တစ်စောင် ထိုင်ဖတ်နေတာတွေ့တယ်...။ ဇင်ဇင်လဲ မီးဖိုချောင်ထဲ ၀င်ပြီး မနက်စာကို အလွယ် လုပ်စားလိုက်တယ်။ ညဦးပိုင်းက ဖေဖေက ပြောစရာရှိတယ်ဆိုလို့ ခဏနေတော့ ဖေဖေ့နား သွားထိုင်လိုက်တယ်။
ဖေဖေက ဂျာနယ်ဖတ်ရင်းကနေ မျက်လုံးလှန်ကြည့်တယ်။
“သမီးနိုးပြီလား။ လာ ခြံထဲ သွားရအောင်”
ဖေဖေနဲ့ခြံထဲကို ဆင်းခဲ့တယ်။ ခြံလေးကတော့ မာလီ မရှိလို့ ရွက်ကြွေတွေနဲ့ ပြည့်နေလေရဲ့။
ဆောင်းလေရူးက တစ်ချက် တိုက်သွားတယ်။ အနွေးထည် တစ်ထပ်လောက် ၀တ်ခဲ့ရင် ကောင်းမှာလို့ ဇင်ဇင် တွေးမိတယ်။ ဖေဖေက ဂိုဒေါင်ရှေ့မှာ ရပ်လိုက်တယ်။ အိတ်ထဲ အသင့် ပါလာပုံရတဲ့ သော့နဲ့ တံခါးကို ဖွင့်တယ်။ ဂိုဒေါင်ထဲမှာတော့ ထင်ထားသလို ပင့်ကူမျှင်တွေနဲ့ ပြည့်မနေပါဘူး။ အပြင်က နေရောင်ကြောင့် အတွင်းပိုင်းကို သေချာ မြင်နေရတယ်။ ဖေဖေ့ဝါသနာ အတိုင်း တွင်ခုံ၊ လက်သမား ကိရိယာ၊ စတာတွေ တွေ့နေလေရဲ့။ မော်တာ တစ်ချို့၊ ချိန်းကြိုးတွေ လဲတွေ့တယ်။
အထဲမှာ အ၀တ်စအကြီးကြီး အုပ်ထားတဲ့ ခပ်ကြီးကြီး အရာတစ်ခုရှေ့ရောက်တော့ ဖေဖေ ရပ်လိုက်တယ်။ ဇင်ဇင်လဲ ရပ်လိုက်မိတယ်။ ဖေဖေက အ၀တ်စကို ရုပ်ခိုင်းတယ်။ ဆွဲရုပ်လိုက်တော့ ထရပ်ကား တစ်စီး။ နီညိုရောင်လေး။ ဒေါ့ဂျစ်ကို ထရပ်ကား ပုံ ဖြစ်အောင် ပြန်ပြင်ထားတဲ့ ပုံစံ။
“Happy Birthday သမီးလေး” တဲ့။
စိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဖေဖေ သူ့မွေးနေ့ကို မမေ့သေးဘူးကိုး။ ၀မ်းသာပေမယ့် စိတ်ထဲမှာပဲ ထားလိုက်တယ်။ မောင်းလို့ ရလားလို့ မေးတော့ ဖေဖေက တစ်ဟားဟားနဲ့ ရယ်နေရင်းကနေ မောင်းလို့ ရတာပေါ့လို့ ပြောတယ်။ အိမ်ရှေ့ကနေ ကားသံကြားလို့ ထွက်ကြည့်တော့ နယ်ခံတိုင်းရင်းသား လူကြီးတစ်ယောက်နဲ့ သူ့အရွယ် ကောင်လေးတစ်ယောက်။ လူကြီးက ၀ှီးလ်ချဲပေါ် ထိုင်လို့။ ဖေဖေက ၀မ်းသာအားရ နူတ်ဆက်တယ်။ လူကြီးက ဇင်ဇင့်ကို ကြည့်ရင်းနဲ့ “အိုး ဇင်ဇင်မဟုတ်လား...။ ကြည့်စမ်း သမီး ထွားလာလိုက်တာ။ ဒီကို မလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးတယ်။ ဇင်ဇင်တောင် မမှတ်မိတော့ဘူး။ ဘယ်သူလဲ။ ဘယ်သူလဲ။ ဖေဖေက ဦးဟန်ထွန်းလို့ ပြောပြတယ်။ ငယ်ငယ်က သူတို့အိမ်နားက ချောင်းလေးမှာ အားလပ်ရက်တိုင်း ငါးသွားမျှားတတ်တာ၊ ဇင်ဇင်က အဲဒီ ချောင်းလေးထဲကို ဆင်းဆော့ရတာ ၀ါသနာပါတာ၊ ကောင်လေးက အဲဒီတုန်းက ဇင်ဇင့်နဲ့ ကစားဖေါ် သက်ထွန်း ဖြစ်တာ။ ဇင်ဇင် တစ်ခုမှ မမှတ်မိတော့ဘူး...။ မကောင်းတတ်လို့သာ ပြုံးပြလိုက်ရတယ်၊ ကောင်လေးကို ဘယ်လိုမှ ပုံဖေါ်လို့ မရဘူး။ ဖေဖေက ပြောတယ် ဒီကားကို မောင်းလို့ရတဲ့ အဆင့်အထိ ပြင်ခဲ့တာ သက်ထွန်းရဲ့ ကြိုးစားမှုကြောင့်တဲ့။ သက်ထွန်းက ဂျီတီအိုင်မှာ ဆက်တက်နေတဲ့ အကြောင်းကို ပြောပြတယ်။ အော်.. ဇင်ဇင်နဲ့ တူတူ ကျောင်းတက်မှာပါလားလို့ သိလိုက်တယ်။
ဖေဖေက ဦးဟန်ထွန်းကို အိမ်ရှေ့ရောက်အောင် တွန်းသွားနေတယ်။ ဇင်ဇင်နဲ့ သက်ထွန်းက နောက်ကနေ လျှောက်ရင်းနဲ့ လိုက်လာတယ်။ ဦးဟန်ထွန်းက ဖေဖေ့ကို ပြီးခဲ့တဲ့ လပြည့်ညတုန်းက အလည်မလာတာကို မေးတော့ ဖေဖေက ဦးဟန်ထွန်းကို ဟိုးတစ်ညက တိရစ္ဆာန်အကိုက်ခံရပြီး သေသွားတဲ့ လူသေမှုကို ပြောပြတယ်။ ဦးဟန်ထွန်း သတင်းကို ကြားတော့ ကွက်ကနဲ မျက်နှာပျက်သွားတယ်။ ဖေဖေ့မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး “သူတို့တစ်တွေ ဂတိ ပျက်နေပြီ” လို့ တီးတိုး လှမ်းပြောလိုက်တယ်။ ဇင်ဇင်ကြားဖြစ်အောင် ကြားလိုက်တယ်။ ဘယ်သူတွေက ဂတိတွေ ပျက်နေတာလဲ။ သက်ထွန်းက ဇင်ဇင့် အာရုံလွဲသွားအောင် တစ်ခြား ငယ်ဘ၀က အကြောင်းတွေ ပြောပြပေမယ့် ဇင်ဇင် စိတ်မ၀င်စားနိုင်တော့ဘူး။
“သူတို့တစ်တွေ ဂတိ ပျက်နေပြီ” ဆိုတဲ့ စကားတစ်ခွန်း။ဖေဖေက ဂျာနယ်ဖတ်ရင်းကနေ မျက်လုံးလှန်ကြည့်တယ်။

ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ရုပ်အလောင်း။
တစ်နှစ်ထဲကို သုံးခါ ရှိပြီ...။
----xxxx----
(ဆက်ရန်)
(အစကတော့ တည်မိတဲ့ ဘုရား လင်းတပဲ နားနား ဆိုပြီးတော့ စထားမိတယ်။ ခုမှ အလုပ်တွေက ဇယ်ဆက်သလို လုပ်နေရတယ်။ တေချင်တယ်။ မနေ့က အကြမ်းကိုပဲ ပြန်ချောလိုက်ရတယ်။ ခွင့်လွှတ်ပါကုန်။)
အပိုင်း ၃ ကပိုစိတ်ဝင်စားစရာကောင်းလာပြီ မြန်မြန်ဆက်ပါလေ :D
ReplyDeleteကောင်းပါသည်။ ပေက ရှည်တော့မည်။ လူံးချင်းဖြစ်သွားနိုင်သည်။ ကုလားကားလည်း ဖြစ်သွားနိုင်သေးသည်။
ReplyDeleteစိတ်မထင်ရင်လည်း ချက်ချင်းပြီးသွားနိုင်ပါသေးသည်။
ReplyDeleteအစ်မခင်ဦးမေ ပြောတာကို ထောက်ခံပါတယ်..
ReplyDeleteကိုဘွိုင်း လုံးချင်းဝတ္ထုရေးနေတာလား..
ကုလားကားလို သီချင်းဆိုပြီး ကတဲ့ အခန်းတွေလဲ ထည့်အုံးနော်..
အခုတလော နားထောင်နေတယ်ဆိုတဲ့ လေးဖြူရဲ့ ဘင်္ဂလား ပင်လယ်အော် ထဲက သီချင်းတွေနဲ့  ပေါ့...
This comment has been removed by the author.
ReplyDeleteအိမ်း။ မဟုတ်မှလွဲရော။ လရောင်ကလည်းငတ်။ မုဆိုးအလောင်းကလည်း တွေ့သည့်နောက်တွင် ... ။
ReplyDeleteဟုတ်ကဲ့။ စာဖတ်ပရိတ်သတ်များခင်ဗျာ။ မကြာမီ သမန်းကျား (သို့မဟုတ်) လူသားမကျ၊ ဖုတ်ကောင်မကျ၊ စာရေးဆရာ ကိုယ်တိုင်လည်း တစ်ခါဆိုတစ်ခါမှ မမြင်ဘူးသော အကောင်တစ်ကောင် ထွက်လာပါတော့မည်။ မကြောက်သော်ငြားလည်း ကြောက်သည်ဟုသာ အခါခါပြောပေးပါရန် ကြိုတင်အသိပေးအပ်ပါသည်။
ဟဲဟဲ...။ ရုပ်ရှင်ထဲမှာဆိုရင်တော့ movie spoiler ပေါ့ဗျာ...။ ခု ဘလော့ဂ်ထဲက post တွေဆိုတော့ Blog Post Spoiler ပေါ့ဗျာ...။
ReplyDeleteဟဲဟဲ..။ စောင့်ကြည့်ကြသေးတာပေါ့...။
အကြာကြီး မထားနဲ. နော်
ReplyDeleteThis comment has been removed by the author.
ReplyDelete