ထိုနေ့က သူ အလွန် အလုပ်များနေလေသည်။ ရုံးမှ ၅ နာရီထိုးသံ ဒင်ဒေါင် တစ်ချက် ကြားလိုက်လေမှ ဟိုက်ကနဲ ဖြစ်မိချေသည်။ လုပ်လက်စ အလုပ်များကို ရပ်၊ ပစ္စည်းများကို အလျင်စလို သိမ်း၊ တယ်လီဖုန်းနှင့် တက်စီကိုခေါ်၊ ဓါတ်လှေကားသို့ အမြန်ပြေး၊ လမ်းတစ်လျှောက် တွေ့သောလူကို လိုက်လံနှုတ်ဆက် စသဖြင့် ဇယ်ဆက်သလို လုပ်ဆောင်သွားလေ၏။
ထိုနေ့က ညနေစောင်း ငါးနာရီခန့်တွင် တန်းပနီးစ် စက်မှုဇုံအတွင်း ၉၂ လမ်းပေါ်၌ ဖုန်းတစ်လုံးနှင့် ဗျာများနေသော ခပ်ချောချော ငနဲကို တွေ့လျင် အကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး မောင်ဘွိုင်းဟုသာ မှတ်ကြချည်လော့။
ထိုနေ့မတိုင်မီက အကြောင်းအရာတို့ကို ပြန်ပြောင်းဇာတ်ကြောင်းလှန်ရသော်...
(ရုပ်ရှင်များတွင် နောက်ကြောင်းပြန်ရာတွင် Flash မီးများဖြင့် တစ်ဖျတ်ဖျတ် ပြန်သကဲ့သို့ မြင်ယောင်ပါလေ...။)
အင်တာနက်တည်းဟူသော လှိုင်းလုံးကို စီးကာ ကမ္ဘာအနှံ့ ကျက်စားမိသည့် ညများစွာ အနက်မှ ညတစ်ညတွင် ဖြစ်သည်။ လက်ထဲမှ ကြွက်ကလေးကို ဘယ်နှိပ်လိုက်၊ ညာနှိပ်လိုက်နှင့် အမှတ်မထင် ဆော့ကစားနေရာမှ ဂျက်စတားတည်းဟူသော လေကြောင်းလိုင်းမှ ဘာအထိမ်းအမှတ် ညာအထိမ်းအမှတ်နှင့် နှစ်လုံးပေါက် ဈေးချနေသည့် ကြော်ငြာကို အလိုလို နှိပ်မိလျက်သား ဖြစ်လေ၏။ လွန်ခဲ့သော တစ်လဆီက တရုတ်နှစ်ကူး အားလပ်ရက် ပိတ်ရက်ရှည်ကို ကောင်းကောင်းကြီး မသုံးလိုက်ရသည့်အတွက် ရက်တိုခရီးတစ်ခုကို မဖြစ်မနေ ထွက်ဖြစ်အောင် ထွက်ရမည်ဟု တေးထားသည့်အတိုင်း ယခု ကြော်ငြာသည် နတ်တို့ရက်သည့် ကမ္ဗလာ၊ ရေကန်အသင့် ကြာအသင့် ဖြစ်ချေ၏။ ထိုနည်းတစ်ဝ အနှစ်နှစ်အလလက မတွေ့ရတာ လက်တစ်ဘက်နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် အစ်မတော် တစ်ယောက်သည်လည်း ဘန်ကောက် ထရန်စစ် ၀င်ချေမည်၊ အားလျင် လာတွေ့ချေဟု တစ်ဆင့်စကား လျပ်စီးကြောင်း ၀ါယာကြိုးမှ တစ်ဆင့် အမှတ်တော် ပါးလာချည်ရကား... အဆိုပါ ဂျက်စတား အရောင်းမြှင့်တင်ရေး အစီအစဉ်ကို Welcome ဟူသည့် အစပျိုး နှုတ်ဆက်စကားမှာ စ၍ Terms and Conditions ဟူသည့် စာပိုဒ်အထိ အနုလုံ ပဋိလုံ စေ့စေ့ငုငု ဖတ်ရှု၏။ ဘတ်ဂျက် အဲယားလိုင်းတို့မည်သည် အများမြင်သာအောင် ဖေါ်ပြထားသော ဈေးနှုန်း၊ သတ်မှတ်ချက်များ နောက်ကွယ်၌ Hidden Agenda များ ဘုရားတရလောက်အောင် ပေါများနေလေရကား သေချာစွာ စစ်ဆေးခြင်း ဖြစ်၏။
အစ်မတော် ရောက်မည့်ရက်နှင့် အရောင်းမြှင့်တင်ရေးကာလသည် တိုက်ဆိုင်စွာဖြင့်ပင် Qwety, Qwety ကွက်တိ ဖြစ်နေချေ၏။ Thursday, Friday နှစ်ရက်ကို ခွင့်ယူချေသော် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်နှင့် ပေါင်းလျင် ၄ ရက်တာ နတ်မိမယ်များနှင့် ပျော်ပါး.. အဲ.. အဲ.. အားလပ်ရက် ဖြစ်မည့် အားလျော်စွာ ရုံးမှ အုပ်ချုပ်ရေး အရာရှိများထံ ကြာသပတေး၊ သောကြာ နှစ်ရက်စာ ခွင့်စာများ ရေးသား တင်ပြခြင်းများ ပြုလုပ်၏။ လုပ်လက်စ အလုပ်များ ဖြတ်သင့်တန်ဖြတ်၊ ရွှေ့ဆိုင်းတန်သင့် ရွှေ့ဆိုင်းရ၏။ ဤမျှလောက် လုပ်နေသည့် ကြားမှပင် အားဂျင့်ဟုဆိုကာ အဆောတလျင် မနှေးအမြန် လာပါဟု တစ်ဂျီဂျီ ခေါ်လိုက်၊ ရာဇသံ ပေးလိုက် လုပ်နေသော ဖေါက်သည်များကို အထက်အရာရှိနှင့် စကားပြောချည်ဟု လွဲချ၏။ အရာရှိမှာ ယခုအခေါက် အားလပ်ရက်တိုကို ခွင့်မပြုချင်သော်လည်း တရုတ်နှစ်ကူး ပိတ်ရက်များတွင် ခွင့်စာ Approve ဖြစ်ပြီး အရေးပေါ် ကိစ္စ ပေါ်လာသောကြောင့် ခွင့်ပိတ်ရက် မခံစားလိုက်ရသည့် အဖြစ်ကို သိထားသည့် အားလျော်စွာ ခေါင်းငြိမ့်ကာ ဖေါက်သည်များကို ငြင်းလွှတ်ရချေ၏။
ထိုင်းနှင့် မြန်မာတို့သည် ရှေးယခင် အတီတေ ကာလများစွာ ကြာမြင့်ရှည်လျားသော သမိုင်းကြောင်းများ ရှိခဲ့သည် မှန်သော်လည်း....။ သူအားများလျင် ငါ့နယ်မြေကျူး... ငါအားများလျင် သူ့နယ်ချဉ်း စသဖြင့် အားစမ်းကာ နေလာသည့်ကာလမှာလဲ မတည့်အတူနေဆိုသကဲ့သို့ အဆိုပါသမိုင်းကြောင်းများနှင့် ယှဉ်တွဲလျက် နေချေသည်တကား။ အများအားဖြင့် မြန်မာမင်းများကသာ အနိုင်ရလေ့ ရှိသောကြောင့် စစ်ရှုံးသူတို့ ထုံးစံ စစ်နိုင်သူကို နာကျည်းသည်မှာ ဓမ္မတာပင်။ ဖမာ့ ဖမာ့ ဆိုလျင် မုန်းတီးစိတ် ၀င်နေအောင်လည်း ယခင့်ယခင် မျိုးချစ်စိတ် ပြင်းထန်သော အစိုးရမင်းများက ဖြူစင်သော ထိုင်းနိုင်ငံ အနာဂတ် ကလေးများအတွက် ပြဌာန်းထားသော ကျောင်းစာအုပ်များထဲတွင် အမှန်တစ်ဝက် လံကြုတ်တစ်ဝက် ထည့်သွင်းလေသောကြောင့် ယိုးဒယားခေါ် အယုဒ္ဓယပြည်သားများသည် ဖမာ့ ဟု ခေါ်ဆိုအပ်သော မြန်မာများကို အမုန်းကြီး မုန်းနေသည်မှာ မဆန်းချေ။ သို့သော်လည်း သောက္ကတဲဟု ခေါ်ဆိုအပ်သော စူကိုထိုင်း (Sukotai)၊ ပိဿလောက် ဟုခေါ်ဆိုအပ်သော ဖစ်စနူလုပ် (Pisanulok)၊ အစရှိသည့် အရပ်များတွင် ရှေးမြန်မာမင်းများ ချီတက် အလည်အပတ် ရောက်ခဲ့စဉ်က ဖျက်ဆီးခဲ့သည် ဆိုသော ဘုရား၊ ကျောင်းကန်ပျက်များ၊ ဆင်းတုတော်ပျက်များကို ယခုခေတ် အခါ၌ နိုင်ငံခြားသား ဧည့်သည်များအား လိုက်လံ ပြသကာ ၀င်ငွေလမ်း ဖြောင့်နေသည်မှာ ငြင်း၍ မရချေ။ သမာသမတ်ကျသော၊ လက်တစ်ဆုပ်စာမျှသော ထိုင်း သမိုင်းပညာရှင် အချို့က အဆိုပါ မြို့ပျက်၊ ဘုရားပျက်၊ ကျောင်းပျက်များသည် မြန်မာများ ကျူးကျော်ခြင်း သက်သက်ဆိုလျင် ဤမျှ များပြားမည် မဟုတ်။ ကုံးထက် မဟာနာ့ခွန်း ဟု ခေါ်ဆိုအပ်သော နတ်မိမယ်တို့ ပျော်စံရာ ဘန်ကောက်မြို့တော် ကို တည်သော မင်းလက်ထက်က အဆိုပါ မြို့ပျက်များမှ အုတ်ကောင်းများကို သယ်ယူကာ မြို့သစ်တည်ရာတွင် အသုံးပြုသောကြောင့် မြန်မာမင်းများ ဖျက်ဆီးသည်ထက် ပို၍ ပျက်စီးသည် ဟု ထောက်ပြဖူးလေသည်။ သို့သော်လည်း ယုန်ကလေးများသည် အဆိုပါ အကြောင်းအချက်များကို နှာစေးနေကာ ဖမာ့ ဖျက်လို့ ပျက်တာဟု လက်ညိုးထိုးကာ နိုင်ငံခြားသားများထံမှ ဒေါ်လာငွေများ သဲ့ယူကြလေ၏။
ရေးရင်းနှင့် လမ်းချော်ကုန်ပြီ...။ တင်ပြချင်သည်မှာ အဆိုပါ ဖမာ့များကို မုန်းတီးသည့် အကျိုးဆက်များကြောင့် နောက်တက် အစိုးရများထဲတွင် ဖမာ့ မုန်းတီးသည့် အရာရှိမင်းများ ပါလာလျင် မြန်မာများကို အကျိုး ဖြစ်ထွန်းစေမည့် အချက်များကို ပယ်နှုတ်၊ ပိုမို တင်းကျပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်ခြင်း စသည့် အမှုကို ပြုလုပ်ကြလေ၏။ ရှေး အရင် မဆလ ခေတ်ဟု ခေါ်ဆိုအပ်သော ခေတ်အခါ၌ သဘောင်္လိုက်ခြင်း ဟူသော အော့်ဖ်ရှိုးဂျော့ဘ် အမှုသည် အလွန် ခေတ်စားလေ၏။ သဘောင်္သား အများစုသည် စင်္ကာပူ၊ ဟောင်ကောင်မြို့များ၌ သဘောင်္တက်စီးလေရကား ရန်ကုန်မှ အဆိုပါ မြို့များသို့ တိုက်ရိုက်လေကြောင်း မရှိလေရကား ဘန်ကောက်မှ တစ်ဆင့် သက်ဆိုင်ရာ လေကြောင်းလိုင်း ပြောင်းစီးခြင်း Transit အမှုကို ပြုရလေ၏။ အဆိုပါ ခေတ်ကာလ၌ ထိုင်းအစိုးရမင်းများထဲတွင် ဖမာ့များကို မုန်းတီးသူများ ပါရှိဟန် မတူချေ။ ထို့အတွက်ကြောင့် ဘန်ကောက် ထရန်ဆစ် ဆိုလျင် ထရန်ဆစ်ဗီဇာများကို ရန်ကုန်၌ တင်ကြို တောင်းစရာ မလိုခဲ့ချေ။ ဆိုက်ရောက်ဗီဇာဖြင့်သာ ရယူရန်လို၏။ အဆိုပါ ဆိုက်ရောက် ထရန်ဆစ်ဗီဇာဖြင့် ဘန်ကောက်မြို့တွင်း ၃-၄ ရက် လည်ပတ်နိုင်လေ၏။ နောက်တစ်ဆင့် သွားမည့် လေယာဉ်လက်မှတ် ပြရုံဖြင့်ပင် ထရန်ဆစ်ဗီဇာ အလွယ်တကူရနိုင်သော ကင်းလွှတ်ခွင့်များ ရရှိဖူး၏။ နောက်တက်လာသော အစိုးရမင်းများ လက်ထက်တွင်ကား ထရန်ဆစ်ဆစ် မဆစ်ဆစ်၊ ဗီဇာ ကို တင်ကြို လျှောက်ထားရမည် ဟူသော မူကို ချမှတ်ကာ ထရန်ဆစ်ဗီဇာ ကင်းလွှတ်ခွင့်ကို ဖမာ့ခေါ် မြန်မာများ အတွက် ပယ်ဖျက်လိုက်လေရာမှ ရန်ကုန်မြို့ရှိ ယိုးဒယား သံရုံးသည် ဗီဇာလျှောက်ထားသူများနှင့် စည်ကားသွားလေ၏။ ထိုမျှမကသေး သံရုံး၏ ဘဏ္ဍာရေး အခြေအနေမှာ နိုင်ငံပြင်ပသို့ ထွက်ခွာကြသော မြန်မာနိုင်ငံသားများ ကောင်းမှုကြောင့် ဂရပ်မျဉ်းများသည် အပေါင်းပြရုံမက တာဝတိသာဖက်သို့ တည့်တည့်ကြီး ထိုးတက်သွားလေ၏။
(ဤသည်ကား ဗဟုသုတ အလို့ငှာ ဖြန့်ဝေခြင်းပင်တည်း။)
သို့အတွက်ကြောင့် ဘန်ကောက်မြို့တော်သို့ အလည်အပတ် ရောက်ရှိနေမည့် မောင်ဘွိုင်းမှာလဲ သက်ဆိုင်ရာ ထိုင်းသံရုံးသို့ ဗီဇာလျှောက်ထားခြင်း အမှုကို ပြုရလေ၏။ သံရုံး၏ အင်တာနက် စာမျက်နှာပါ ညွှန်းဆိုချက်များအတိုင်း ဗီဇာလျှောက်ထားသည့် အချက်အလက်များ ဖြည့်သွင်းရေးစွက်ထားသည့် လျှောက်လွှာတစ်စောင်၊ ပတ်စ်ပို့ ဓါတ်ပုံ တစ်ပုံ၊ S-Pass, EP, PR မိတ္ထူ တစ်စုံ၊ ဗီဇာလျှောက်ထားကြေး ဒေါ်လာ ၅၀ (မည်သည့်အကြောင်းကြောင့်မျှ ပြန်မအမ်းချေ။)၊ အသွားအပြန် လေယာဉ်လက်မှတ် တစ်စောင်၊ နီစွေးနေသော နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်ဖြင့် သံရုံး တည်ရှိရာ အောချာ့တ်လမ်းပေါ်တွင် တည်ရှိသော East Point Mall ရှေ့ရှိ ယိုးဒယား သံရုံးသို့ မနက် ၉း၀၀ - ၁၁း၃၀ နာရီအတွင်း အရောက်သွားကာ လျှောက်ထားခြင်း အမှုကို ပြုလေ၏။ ကြုံဖူးနေကျ ဖြစ်သော အခြားသော သံရုံးများကဲ့သို့ ဆက်ဆံရေး မပြေပြစ်မည်ကို စိုးရိမ်မိချေသေးသည်။ ဂိတ်ဝ၌ မိမိတို့၏ သက်ဆိုင်ရာ မှတ်ပုံတင်ကို ထားခဲ့ကာ သံရုံးအတွင်းရှိ ဗီဇာဌာနသို့ ၀င်ရောက်၊ သတ်မှတ်နေရာ၌ တန်းစီ၊ မိမိ အလှည့် ရောက်လေသော် လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်း၊ ကျသင့်သော ဗီဇာကြေး ပေးသွင်း၊ လက်ခံဖြတ်ပိုင်း ဘောက်ချာများကို ယူ၊နောက်တစ်နေ့ နေ့လည် ၂း၀၀ နာရီ အချိန်တွင် ဗီဇာတုံး ထုထားသော နိုင်ငံကူး လက်မှတ် လာယူပါရန် ချိုသာသော အပြုံးပိုင်ရှင် မမ၏ စကားသံကို နားဝင်ပီယံ ရှိလောက်အောင် ကြားရပြီး သကာလ၌ ဗီဇာလျှောက်ထားခြင်း အမှု ပြီးဆုံး၏။
သတ်မှတ်နေ့ရက်တွင် နိုင်ငံကူး လက်မှတ်ကို ယူချေ၏။ ညဘက်၌ လိုအပ်သော ပစ္စည်း ပစ္စယများ ၀ယ်ခြမ်း.. အဲ.. အဲ.. ကျွန်းပိစိ၌ ၀ယ်သည်ထက် နတ်မိမယ်တို့ ပျော်စံရာ ကုန်းထက်တွင် ပို၍ ဈေးချိုသည်ကို သတိပြုပါလေ။ ထို့အတွက်ကြောင့် လေးရက်တာ သွားမည့် ခရီးအတွက် ပစ္စည်းများ သိပ်မများဟု ဆိုကာ ညဉ့်တုန်းက ပစ္စည်းများ မသိမ်းဆည်းချေ။
အဆင်မသင့်လေသော် ထွက်တော်မူမည့် နေ့၌ ရုံးတွင်းတွင် လုပ်ငန်းများ ဇယ်ဆက်သလို တရစပ် လုပ်နေခဲ့ရသဖြင့် ဤပို့စ်အပေါ်ဆုံးတွင် ပြဆိုသကဲ့သို့ လမ်းမပေါ်၌ ပျာယာခတ်ခြင်း အမှုကို ပြုနေခဲ့ရခြင်း ဖြစ်ချေတော့သည်တကား။
ဆက်ရန်။

တီဇက်အေသွားလိုက်၊ မောင်ဘွိုင်းဇ်သွားလိုက်နဲ့ အတော်ထူးတယ်။ နောက်ကွယ်မှာ ဘယ်လို ဟစ်ဒင်းအာဂျင်ဒါတွေ ရှိနေသလဲ စနည်းနာဦးမှ။
ReplyDeleteအယ် မပြောမဆိုနဲ့ထွက်သွားပြန်ပြီတစ်ယောက်။
ReplyDeleteအပိုဒ်၆ကိုဖတ်ပြီး ငယ်ငယ်က သတင်းစာမှာဒေါက်တာမတင်ဝင်း ရေးတဲ့သမိုင်းကြောင်းတွေ ပြန်သတိရမိတယ်။ ဗီဇာလျှောက်တဲ့အတွေ့အကြုံ ဝေမျှထားတာဖတ်၊မှတ်သွားပါတယ်။ ထွက်တော်မူနန်းကခွာတယ် နောက်အပိုင်းတွေမျှော်နေမယ်။
ReplyDeleteသူတို့ချည်းပဲ သွားနေကြတာပဲ။
ReplyDeleteထွက်တော်မူ နန်းကခွာတယ်ဆိုတော့ ပြန်ကောလာဦးမှာလားဗျ
ReplyDeleteဒီလောက်သွားနေကြတာ ပြန်လာမနေပါနဲ့တော့ကွာ
ReplyDeleteဖြူဆုတ်လိုလို ၀ိဇ္ဖာမောင်ပိန်လိုလို အဲ ညိုမြလိုလို သိပ္ပံမောင်ဝလိုလိုနဲ့ အရေးအသားကတော့ ဖိုးသခွါးပဲ။
ReplyDelete(ထိုနေ့က သူ အလွန် အလုပ်များနေလေသည်။ )
ReplyDeleteအလုပ်က များတာ မဟုတ်ပါဘူး ။ များချင်ယောင်ဆောင်တာပါ။ အရင်နေ့များက လည်းဘာ မှ မလုပ်ခဲ့၍ဖြစ်သည်။ များမှာပေါ့ ။ တစ်နေ့လုံးချက်နေတာကိုး. ဟိုဝင်လိုက် ဒီဝင်လိုက် ။ ဟိုဖတ်လိုက် ဒီဖတ်လို့က်လိုက်. ဟိုယောင် ဒီယောင်လုပ်နေလို့ ပြန်ကာနီးမှ တိုက်သုတ် ရိုက်နေရခြင်းဖြစ်ပါတယ။် ရှင်းပါတယ်နော်။
(ရုံးမှ ၅ နာရီထိုးသံ ဒင်ဒေါင် တစ်ချက် ကြားလိုက်လေမှ ဟိုက်ကနဲ ဖြစ်မိချေသည်။ )
စီပုံးမှာ ပြောတုံးကတော့ ပုံ မှန် ၆ နာရီအထိ ရုံးမှာ အလုပ်လုပ်လုပ်ရပါတယ်ဆို။ ရုံ့းချိန်က ခြောက်နာရီအထိပါဆို။ စကထဲ ကလွဲတာဘဲ. .
(လမ်းတစ်လျှောက် တွေ့သောလူကို လိုက်လံနှုတ်ဆက်)
ကျှွှန်တော် အကောင်းစားကလေး နာမည်ကြီးကလေးမောင်ဘွီိုင်း ဘန်ကောက်သွားလိုက်ပါဦးမယ်ခင်ဗျာ. ဘာမှာကြဦးမလဲခင်ဗျ.။ အော်.သိတ်မကြာပါဘူးဗျာ. စိတ်ကလေး ညောင်းနေလို့လမ်းလျောက်ထွက်မလို့ပါ. ဟုတွေ့သမျ လူကို လိုက်ံလံ့်ပြောဆိုနေလေ၏။
ထိုအချိန်န ဖုံးမြည်လာပစေ (ထိုဖူံးမှာ TZA နင့် ကြိုရိုက်ထားသော အကွက် ဖြစ်၏။ ဖုံးကိုကောက်ကိုင် ကာ အရေးကြီးသော အမှူအယာာနင့် အရမ်းအလုပ်မျှားသယောင်ဆောင် ကာ ပေါက်တတ် ကရ လျောက်ပြောရင်းနှင့် ဆက်လက် လမ်းလျောက်သွားရာ ဘေးက လူများမှာ ပါးစပ် အဟောင်းသားဖြင့် ငေးမောအားကျ ကာ အထင်ကြီးမိကြလေ၏၏၏၏
(လုပ်လက်စ အလုပ်များ ဖြတ်သင့်တန်ဖြတ်၊ ရွှေ့ဆိုင်းတန်သင့် ရွှေ့ဆိုင်းရ၏။ ဤမျှလောက် လုပ်နေသည့် ကြားမှပင် အားဂျင့်ဟုဆိုကာ အဆောတလျင် မနှေးအမြန် လာပါဟု တစ်ဂျီဂျီ ခေါ်လိုက်၊ ရာဇသံ ပေးလိုက် လုပ်နေသော ဖေါက်သည်များကို ).............(ဟမ်) ဟု အလန့်တကြားရေရွတ်ပါရန်။
တသက်လုံးက ဆည်းပူးထားသော ထိုင်းမြန်မာ သမိုင်းကိုလည်း ပို့ချသွားသေးလေ၏. သူ့အကွက်ဝင်သွားသောကြောင့် စာဖတ်ပရိသတ်များမှာ အငိုက်မိသွားကြလေသည်။
တဖန် (နတ်မိမယ်တို့ ပျော်စံရာ ကုန်းထက်တွင် ပို၍ ဈေးချိုသည်ကို သတိပြုပါလေ။ ) .... ([ဟမ်) again
ခြုံကြည့်ရရင်တော့ အတော်ကလေး ကို စိတ်ရှည်လက်ရှည်ရေးထားတာဘဲ ဆိုတာ ကို သုံးသပ်ရရင်ဖြင့် ....ရှေ့ဆက် ရမည့်ရက်ပေါင်း သုံးဆယ် အတွဲ ၂၀ ကို တွေးမိကာ သက်ပြင်းချသွားမိပါကြောင်း...........
အစ်မတော်နဲ့တွေ့ခဲ့လား။ အရင်က ထရန်ဆစ်ဗီဇာကိစ္စဗဟုသုတရသွားပါတယ်။တဆက်ထဲ သဘောင်္သားတွေ ထိုင်းမှာ ပွဲစားတွေညာလို့ သဘောင်္မတက်လိုက်ရပဲ ပြန်လာရတဲ့ဇတ်လမ်းလေးကို သွားသတိရမိတယ်။ စာတွေတော့ ရေးထားတာအားကြီးပဲ ..ပုံကျတော့မတင်ဘူး။ တင်တော့လည်း မျောက်သုံးကောင်တဲ့။ ကောင်းသေးရဲ့လား။ ဆက်ရန် များကို ဓါတ်ပုံနှင့်တစ်ကွ ဝေေ၀ဆာဆာ တင်ပြပါရန်......
ReplyDeleteထွက်တော်မူနန်းကခွာ အကျဉ်းချုပ်မှာသိရှိပြီးဖြစ်၏။ ယခု အကျယ်ချဲ့ဖတ်ရှုရ၍ ကျေးဇူးတင်ပါ၏။ ထိုနေ့ညနေ၅နာရီခန့်က ထိုနေရာတဝိုက်တွင် တယ်လီဖုန်းတစ်လုံးဖြင့် ဟိုဖက်ပြေးလိုက်ဒီဘက်ပြေးလိုက် ဟိုဟာနှိုက်လိုက် ဒီဟာနှိုက်လိုက် လုပ်နေသော MAD တစ်ယောက်တွေ့မိသည်ဟု ပြောသံကြား၏။
ReplyDeleteပို၍ဈေးချိုသော နတ်မိမယ်များ အကြောင်း ကိုလည်းစောင့်မျှော်နေပါ၏။ (ဟမ်-မမKOM)
ကြည်.. မျောက်သုံးကောင်ရဲ့အောက်က credit ကိုကြည့်ပါ..ပုံထဲကပိုင်ရှင်ကို ခွင့်တောင်းထားတာ
ဖုန်းတစ်လုံးနှင့် ဗျာများနေသော ခပ်ချောချော ငနဲကို တွေ့လျင် အကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး မောင်ဘွိုင်းဟုသာ .. တဲ့.. ခွိ ခွိ
ReplyDeletehttp://khinoomay77.blogspot.com/2009/03/tza.html
ReplyDeleteMonday, March 16, 2009
TZA (http://degolar.blogspot.com/2009/03/free-tree.html)
ငါ စိတ်ညစ်နေတယ်။
သစ်ပင်စိတ်မညစ်တတ်ဘူး။
TZA အိပ်နေတယ်။
ငါမငိုတတ်ဘူး။
ဒ့ါပေမဲ့ ကလန်းမန်းတီးမှာ ရေလျှံ့သွားတယ်။
ပင်လယ်ဖြစ်တော့မလို့။ဂျူလိုင်စမ်းချောင်းကယ်လိုက်ရတယ်။
စထရိုက်မိုးမိသွားတဲ့အခိုက်။
ဘွီု့က်စ်ပြန်လာတော့မယ။်
မျူိုးဘေးဖယ်။ ခွေဖြူကမလို့။
သိဟသစ် လမ်းလျောက်နေတုံး
စင်ဒန်လားသက်ဝေအိမ်မှာမရှိကြဘူး။
ဆိုင်းအောင် လူလုံပြနေတာနဲ့ဘဲ။
ပြည်စကားက မလိုင်လုံဝယ်နေတုံး လိမ်မော်ချစ်သူ ဖလက်ပြသွားတယ။် ဒီညတော့ ပေါက်သီချင်းဆိုနေတာနဲဘဲ ပွဲ့သိမ်းလိုက်မယ။်
"နိုင်ငံကူး လက်မှတ် လာယူပါရန် ချိုသာသော အပြုံးပိုင်ရှင် မမ၏ စကားသံကို နားဝင်ပီယံ ရှိလောက်အောင် ကြားရပြီး သကာလ"
ReplyDeleteမှန်တယ်ဗျို့ ၊ ထိုင်း embassy က မမ နှစ် ယောက် က သောက်ကရမ်း လန်းတယ်ဗျို့ ၊ အသံ ကလည်း ချိုမှချို