Tuesday, March 24, 2009

ကျွန်တော်နှင့် မပြီးဆုံးခဲ့သော ပန်းချီကား တစ်ချပ် (၁)

ဘယ်လိုမှ အစားထိုး မရနိုင်တဲ့ဆုံးရှုံးမှုတွေထဲမှာ အချိန်ဆိုတဲ့ အရာက အဖိုးအခအကြီးဆုံးလို့ပဲ ထင်မိတယ်။
ဖြစ်နိုင်ရင် အချိန်တွေကိုနောက်ပြန်ဆွဲပြီးတော့ ကိုယ့်ရဲ့ အမှာေးတွ၊ နောင်တတွေအတွက် ဘွာပြန်ခတ်လိုက် ချင်တယ်။
တကယ်တော့ ကျွန်တော်ဟာ .... အချိန်၊ကာလ၊နေရာ၊ဒေသကို လိုက်လျောညီထွေစွာ အသုံးမချတတ်တဲ့ မိုက်မဲလှတဲ့ သတ္တ၀ါပါ...။ ဒါ့ကြောင့်လဲပဲ ကျွန်တော့်ရဲ့မသိနားမလည်မှုတွေရဲ့ အကျိုးဆက် ရလာဒ်ကို အခုထိပဲခံစားနေရတာပေါ့...။

--------------------------------------------

လူတိုင်းလူတိုင်းအချစ်ဆိုတဲ့ အရာကို အနည်းနဲ့ အများခံစားတတ်ကြမှာပေါ့...။
အဲဒီထဲမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖော်ထုတ်ရေးသားခဲ့တာတွေတစ်ပုံကြီးရှိမှာပဲ...။
ဒီလိုမျိုး အချစ်အကြောင်းကို တစ်ယောက်ပြီးတစ်ယောက် ရှုထောင့် အသီးသီးကနေ သုံးသပ်ပြ၊ဝေဖန်ကြ၊ ရေးသားတင်ပြကြတာတွေ ရှိမှာပေါ့လေ...။
ခံယူချက်ခြင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့လေ...။
ခင်ဗျားတို့ရော အချစ်အကြောင်းကို ဘယ်လောက်သိကြပြီလဲ...။
ဘယ်လို သဘောပေါက်ပြီး ဘယ်လောက်နားလည်ကြပြီလဲ...။
ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အခုအချိန်အထိတော့ ရေးတေးတေးပဲ သဘောပေါက်သေးတယ်လို့.....။

==========================================

သူနဲ့ကျွန်တော်စတွေ့ခဲ့တာ ၉၉သီတင်းကျွတ်တုန်းကပေါ့...။
အဲဒီနှစ်က ကျွန်တော်တို့လမ်းထိပ်မှာ စတိတ်ရှိုး ရှိတယ်လေ...။
ကျွန်တော့် သူငယ်ချင်း ကိုတိုးက သူ့သူငယ်ချင်း လင်းခက်(ကျွန်တော်နဲ့လဲ ခင်ပါတယ်...။ကိုတိုးနဲ့က ပိုခင်တာပေါ့နော်...။)ကို စတိတ်ရှိုး ကြည့်ဖို့ ခေါ်ပါတယ်...။
သူတို့ကလှည်းတန်းမှာ အဆောင်ငှားနေတာလေ....။
အဲဒါကြောင့် တကူးတက ခေါ်ရတာ...။
အဲဒီတုန်းက ကျွန်တော့် ဘ၀အတွက် အပြောင်းအလဲ တစ်ခု ဖြစ်မယ်ဆိုတာ မသိခဲ့ဘူး...။
သူတို့က သုံးယောက်လာမယ်တဲ့...။
ဒါဆို ကျွန်တော်ရယ်...ကိုတိုးရယ်... ငလင်းရယ်... ပေါင်းလိုက်ရင် ၆ယောက်ပေါ့...။
အဲဒါ ပေါင်း ၆ ယောက်ဆိုပြီးတော့ ကျွန်တော် လက်မှတ်ကြိုဖြတ်ထားလိုက်တယ်...။

------------------------------------------

သီတင်းကျွတ်လပြည့်ည....စတိတ်ရှိုး ကြည့်မယ့်ည....။
လင်းခက်တို့ရောက်လာတယ်...။
သူလဲပါလာတာပေါ့...။
အော်... သူဆိုတာကျွန်တော့်ရဲ့နောင်တစ်ချိန်မှာ ကျွန်တော့်နှလုံးသားကို အပိုင်စိုးသွားမဲ့သူပေါ့....။ သူ့ကိုစတွေ့တွေ့ချင်းပဲ ကျွန်တော် ရင်ခုန်သွားတယ်...။
လင်းခက်က ကျွန်တော့်ကို သူ့နဲ့မိတ်ဆက်ပေးတယ်...။
ဥမ္မာသန်ဒီတို့... ပပ၀တီတို့ ....ကလီယိုပါထရာတို့ ချောတယ်..လှတယ် ဆိုတာ... ရာဇ၀င်ထဲမှာပါ...။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အငြင်းမပွားချင်ပါဘူး...။
(ဘာလို့လဲ ဆို... ကျွန်တော်က ရာဇ၀င်ထဲ ပြန်သွားကြည့်နိုင်မှာမှမဟုတ်တာ...။ ဟုတ်တယ် မဟုတ်လား အန်တီဂွိ...။)

ဒါပေမဲ့.. သူ့ကိုတွေ့လိုက်ရချိန်မှာတော့.... ကျွန်တော့်အမြင်မှာပေါ့လေ...။
ရာဇ၀င်ထဲကမိန်းမလှလေးတွေ ထိုင်ငိုသွားရပါလိမ့်မယ်...။
ဘာလို့လဲဆိုတော့ သူ့ထက်လှတာတောင်သူ့လောက် မလှနိုင်ဘူးလို့ထင်တာပါပဲ...။
သူ့ရဲ့အလှမှာ ယစ်မူးနေတဲ့ကျွန်တော့်ရဲ့ရင်ထဲမှာတော့..... ဂျပန်ပြည် ဟီရိုရှီးမားမြို့ကိုကြဲချခဲ့တဲ့ အဏုမြူဗုံးထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ ဗုံးတစ်လုံး ပေါက်ကွဲသလို....
ဒါမှမဟုတ်... ကိုဘေးငလျင်ထက် ဆယ်ပြန်ပိုပြင်းတဲ့ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်သလို ခံစားလိုက်ရပါတယ်...။
(ကိုဘေးငလျင်ပြင်းအား ဘယ်လောက်ရှိမှန်း ကျွန်တော် မသိပါ....။)

==================================

သာမာန်အမျိုးသမီးတစ်ယောက်နဲ့ ယှဉ်လိုက်ရင်ခေါင်းတစ်လုံးလောက် ပိုမြင့်နေတဲ့ ....နောက်ပြီး
ကျွန်တော့် အရပ်နဲ့ တန်းတူနီးပါး (ကျွန်တော့်အရပ်က ၅ ပေ ၈ လက်မလောက်ရှိပါတယ်...။) ရှိတဲ့ သူ့အရပ်နဲ့ လိုက်ဖက်ညီစွာ ခါးလည်လောက်အထိဖြောင့်စင်းပြီး ...... ကျော့ရှင်းသန်စွမ်းလှတဲ့.. သူမရဲ့ ပိတုန်းရောင် ဆံကေသာကို ၀ဲခါလှုပ်ရမ်းလိုက်တဲ့ အချိန်တိုင်းတွေဟာ....ကျွန်တော့်အတွက် တဂိုးရဲ့ကဗျာတွေထက် ပိုမိုလှပနေခဲ့ပါတော့တယ်...။


“သီဟရေ..ငါတို့သွားရအောင်...။” လို့လင်းခက်က လောတော့... သူမရဲ့အလှမှာတဒင်္ဂလောက်
ယစ်မူးနေတဲ့ ကျွန်တော်ဟာ လန့်နိုးလာပါတယ်...။
သူ့နာမည်ကို လင်းခက် ပြောမပြော သူသတိမထားလိုက်မိပါဘူး...။
ကျွန်တော် ဘာမှ မကြားလိုက်ပါဘူး...။
ပွဲခင်းထဲရောက်တော့ ကျွန်တော်ရယ်...ကိုတိုးရယ် သူရယ်ပေါ့.... သုံးယောက်သား လူအုပ်ကွဲပြီး ကျန်ခဲ့တယ်...။ လင်းခက်တို့သုံးယောက်သားက ပျောက်သွားတယ်...။
ကိုတိုးက ဒေါပွနေတယ်...။
ကျွန်တော်တော့ ပျော်နေတာပေါ့...။သူက ကျွန်တော်နဲ့ကျန်ခဲ့လို့ပေါ့...။ လင်းခက်တို့ကို လိုက်ရှာရင်း.. လိုက်ရှာရင်းနဲ့စတိတ်ရှိုးနားလဲ ရောက်ရော...
“ ဟေး..သီဟ... ကိုတိုး... ငါတို့ဒီမှာ ... လွင်မိုးရော...” တဲ့...။လင်းခက်အော်ခေါ်လိုက်တာပါ....။
ကျွန်တော် ကြောင်သွားတယ်...။ ဘယ်ကလွင်မိုးလဲပေါ့...။
ကိုတိုးကတော့.. ဒေါပွပွနဲ့ “ပါတယ်...ပါတယ်...။ ဒီမှာ”တဲ့....။ ဆိုပြီး သူ့ကို ဆွဲခေါ်သွားတယ်...။
အဲ...။ ကျွန်တော့်နတ်သမီးလေးကလွင်မိုးတဲ့လား...။
(မင်းသားနာမည်ကြီးလို့ စိတ်ထဲတွေးလိုက်မိသေးတယ်။)
အဲဒါနဲ့ စတိတ်ရှိုးကြည့်ဖို့ ဆိုင်ရာခုံတွေကိုသွားရော... ပြဿနာက စတက်ရော...။
လက်မှတ်ကသုံးစောင်ကို တစ်နေရာစီ...။ ဒီနေရာမှာလင်းခက်ကို ကျေးဇူးတင်ရမယ်...။ ကိုတိုးရယ်..ငလင်းရယ်... လင်းခက်ရယ်ကို တစ်ဖွဲ့...။
အိပ်မက်နတ်သမီးရယ်...နောက်တစ်ယောက်ရယ်... ကျွန်တော်ရယ်ကို တစ်ဖွဲ့ဆိုပြီး ခွဲလိုက်တယ်...။
သဲင့်ခယူ... လင်းခက်...။
ပြီးလဲ ပြီးရော.. လင်းခက်လဲဇိုးဇိုးဇတ်ဇတ်နဲ့ သွားတယ်..။
ကျွန်တော်က အိပ်မက်နတ်သမီးနဲ့လိုက်သွားတယ်...။
နောက်မှ တစ်ခုခုကို သတိရပြီး... လင်းခက်ဆီ ပြန်လှည့်သွားတယ်...။
ကျွန်တော် လိုက်လာတာကို လင်းခက်က မြင်တော့ “ဟဲ့ .. နင်လိုက်မသွားဘူးလား..။” လို့ လင်းခက်က မေးတယ်..။
“နာမည် မမှတ်မိလို့ဟ...” ကျွန်တော်ပြန်ပြောတယ်...။
လင်းခက်က ဇဝေဇ၀ါနဲ့..“ ဘာနာမည်တုံး...”တဲ့...။
ကိုတိုးက သဘောပေါက်ပြီး... “ဆံပင်တိုတိုနဲ့က နိုင်နိုင်..ဆံပင်ရှည်ရှည်နဲ့ က လွင်လွင်မိုးတဲ့...။”
ကျွန်တော်သိပြီ...။ အဲဒါနဲ့ သူတို့ဆီ ပြန်လှည့်သွားတယ်...။

==============================================

ကျွန်တော်တို့ခုံကညာဘက် အစွန်ဆုံးမှာပါ...။
နိုင်နိုင်က ယာစွန်မှာ ... လွင်လွင်ကအလယ်မှာ... ကျွန်တော်က ဒီဘက်မှာ... လွင်လွင်မိုးနဲ့ ကပ်ရက်။
အဟဲ... အီဖေကိုယ် ကြံတာ မဟုတ်ဘူးနော်...။
နိုင်နိုင်ကမူးတတ်လို့ အပြင်မှာ ထိုင်ပါရစေတဲ့...။
ဒီအချိန်မှာကျွန်တော့်ရဲ့ ရင်ထဲမှာ ကုလားဘုရားပွဲ အသေးစားလေးလှည့်နေတယ်...။ ဒိန်းတပ်တပ်..ဒိန်ဒတပ်တပ်နဲ့ပေါ့...။ စတိတ်စင်ကဒရမ်ခေါက်သံနဲ့ အပြိုင်ပေါ့...။

လူကလဲ ဘယ်လိုဖြစ်နေမှန်း မသိဘူး...။ သူကတော့ အေးဆေးပဲ...။
ပွဲစတာ တော်တော်ကြာသွားပါပြီ...။ ဒီအချိန်မှာပွဲခင်းကို ကာထားတဲ့ သံဆူးကြိုးကို ဖျက်ပြီး ၀င်လာဖို့လူတွေက လုပ်နေတယ်...။ နိုင်နိုင်က ကြောက်လို့ဆိုပြီး ကျွန်တော်နဲ့နေရာချင်း လာလဲပါတယ်...။ အဆိုတော်တွေ တစ်ယောက်ပြီး တစ်ယောက် ဆိုနေပါတယ်...။ နောက်တော့ ကာထားတဲ့ သံဆူးကြိုး ပေါက်သွားပြီး လူတွေ ပွဲခင်းထဲကို တားမနိုင်ဆီးမရ တိုးဝင်လာပါတယ်..။ လုံခြုံရေးနဲ့ ရန်ဖြစ်ကြပါတယ်...။ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်...။

ဒီအချိန်မှာ ကျွန်တော့်လက်မောင်းကိုအားကိုးတကြီး လာဆုပ်ကိုင်လိုက်တဲ့ အတွေ့အထိ...။
ကျွန်တော့်နတ်သမီးလေး...။ သူကြောက်လို့ ကျွန်တော့်ကိုအားကိုးတစ်ကြီး လာကိုင်တာပေါ့...။
“မကြောက်နဲ့နော် လွင်လွင်မိုး...” လို့ ပြောပြီးနောက်လှည့်ကြည့်တော့ .... အာ.... နောက်နားက ကုလားမကြီးပါ...။ နှာခေါင်းမှာလဲ အကွင်းလေးတပ်ထားပြီး ခေါင်မြီးခြုံထားတယ်...။
“သားရယ်... အမားကြောက်လို့ပါ...။ အမားကနယ်ကပါ...။ အမားကိုတည်းတဲ့ အိမ်ပြန်ပို့ပေးပါ...။ ဒီပွဲခင်းအပြင်နားမှာပဲ...” တဲ့...။
ကျွန်တော် ကိုယ့် အဖြစ်ကိုယ်ပြန်ရီချင်သွားတယ်...။ မှန်းချက်လွဲသွားလို့လေ...။
တကယ်ဆို..သူက ကြောက်စရာကြီးနော်လို့စကားစမယ်...။ ကျွန်တော့်လက်ကို အားကိုးတစ်ကြီးလာကိုင်မယ်။ ဒါဆို ကျွန်တော်က သူ့ကိုဘယ်လို ပြန်အားပေးလိုက်မယ်...။ သူ့ကို အကြောက်ပြေအောင်ဘယ်လို ပြန်ပြောလိုက်မယ်..။ ဘာညာ စသဖြင့် စာစီထားပြီးသား...။ဟီး... လွဲသွားပြီပေါ့...။ သူ့ကို ကြည့်တော့သူက စတိတ်ရှိုးကို စိတ်ပါလက်ပါ ကြည့်နေလေရဲ့...။ ဒါနဲ့ ကျွန်တော်လဲ သူ့ကို မခေါ်တော့ပဲ အဖွားကြီးကို အပြင် ပို့မယ်အလုပ် သူက.. ဘယ်သွားမလဲတဲ့..။ အကျိုးအကြောင်း ပြောပြတော့ သူလဲလိုက်လာမယ်တဲ့...။
(သားသား အကြိုက် .....ဟီး..။)

နိုင်နိုင်ကဆက်ကြည့်မယ်ဆိုတော့ လင်းခက်တို့ဆီ သွားပို့ပြီးထွက်လာခဲ့ကြတယ်...။ လင်းခက်တို့ကတော့
အဆိုတော်နဲ့ အပြိုင်အော်လို့ကောင်းတုန်း...။

--------------------------------------------

အဲဒီညကလဟာ အရင်လိုပဲ သာမြဲသာလျက်ပါပဲ...။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့လမင်းကြီးဟာ
ခါတိုင်းညတွေထက် ၀ိုင်းစက်ပြီး လှပနေခဲ့ပါတယ်....။ သူနဲ့ ကျွန်တော်ဟာ အဖွားကြီးကို လိုက်ပို့ပြီးမီးရောင်စုံ ထွန်းထားတဲ့ ပွဲခင်းအနှံ့ လျှောက်လည်ခဲ့ပါတယ်...။ ပွဲခင်းက လူတိုးတော့ လူချင်းကွဲမှာ စိုးလို့ သူ ကျွန်တော့်ကို မလွှတ်တမ်း ကပ်ပါတယ်...။ တစ်ခုခုစားချင်တယ်ဆိုလို့မုန့်ဟင်းခါးသွားစားကြပါတယ်...။ မုန့်ဟင်းခါးကို မုန့်ဖတ်မပါပဲ ဒီအတိုင်းချည်းဟင်းရည်နဲ့ အကြော်ပဲစားပါတယ်...။ ရန်ကုန်ရောက်ကတည်းက ဒီအတိုင်းပဲစားတဲ့ အကြောင်း... မုန့်ဖတ်တွေကို မကြိုက်ကြောင်း... ပြောပြနေတယ်...။ စားပြီးလို့ နောက် ပွဲခင်းထဲ ဆက်လျှောက်တော့ တစ်နေရာမှာချားရဟတ်ကြီးတစ်ခုကို သွားတွေ့ပါတယ်...။ အကြီးကြီးမှအကြီးကြီး...။ သူက စီးချင်တယ်တဲ့...။

ခက်ကပြီ...။
ကျွန်တော်က အမြင့်ကြောက်တတ်တယ်လေ...။ ဒါပေမဲ့...။ ဟန်ကိုယ့်ဖို့ မဟုတ်လား...။ သူနဲ့စီးရမယ်ဆိုတော့ ........ကျွန်တော် အရဲစွန့်လိုက်ရတယ်...။ တစ်ခါမှလဲစီးဖူးတာ မဟုတ်...။ အံမလေး....။ ဒါနဲ့ ... ကျွန်တော်တို့ချားရဟတ် စီးဖြစ်ပါတယ်...။ ကျွန်တော့်မှာဖြင့်ရင်တလှပ်လှပ်နဲ့ပေါ့....။ ရဟတ်စီးနေချိန်မှာပေါ့...။ ဟုတ်ကဲ့...။ အမြင့်ကြောက်လို့ မဟုတ်ပါဘူး...။ ရဟတ်စီးချင်တယ်လို့ဆိုတဲ့သူက ကြောက်လို့ဆိုပြီး ကျွန်တော့်ကို အတင်း ဖက်တွယ်ထားလို့ပါပဲ....။

=================================

သီတင်းကျွတ်လပြည့်ညမို့ လမင်းကြီးဟာ ၀ိုင်းဝိုင်းစက်စက်နဲ့ထိန်ထိန်တောက်နေပါတယ်...။
တစ်ချက် တစ်ချက် ဝေ့ကနဲ သုတ်လာတဲ့ လေပြေညင်းဟာဆောင်းရဲ့ အငွေ့အသက် တစ်ချို့ကို သယ်ဆောင်လာလေရဲ့...။
နှင်းမှုံတွေကျစပြုနေပါပြီ....။
ပုရစ်အော်သံက တစ်ချက်တစ်ချက် တိတ်ဆိတ်တဲ့ ညဥ့်ယံကို ထွင်းဖောက်နေပါတယ်....။ ပွဲခင်းထဲကအသံတွေဟာလဲ လေအဝှေ့မှာ တစ်ချက် တစ်ချက် ပါလာတယ်...။
သူနဲ့ကျွန်တော် ပွဲခင်း အပြင်ဖက်က လူသူလေးပါး ကင်းရှင်းတဲ့မြက်ခင်းပြင်ကျယ်ထဲမှာနှစ်ယောက်ထဲ
ထိုင်နေပါတယ်...။

သူကတော့ကောင်းကင်ယံက လမင်းကြီးကို ငေးမောလို့......။ တစ်ခါ တစ်ခါ လေနဲ့မတူ ပါသွားတဲ့ သူ့ဆံနွယ်လေးတွေကို လက်နဲ့ သိမ်းလိုက်ပုံလေးက သိပ်ကြည့်လို့ကောင်းနေတာပဲ....။
ကျွန်တော် သူ့ရဲ့အခွင့်မရပဲ ညလေပြေတွေနဲ့ အတူ လွင့်ပါ ဆော့ကစားနေတဲ့ သူ့ဆံစတွေကို စိတ်ကူးနဲ့ခိုးရှိုက်နေမိတယ်....။

ဆွတ်ပျံ့ရီဝေမှုတွေဟာကျွန်တော့်တစ်ကိုယ်လုံးလွမ်းခြုံသွားပါတယ်....။
သူလမင်းကြီးကိုငေးမောရာကနေ ရုတ်တရက် ကျွန်တော့်ဆီကိုလှည့်ကြည့်တယ်....။
ခိုးထုပ်ခိုးထည်နဲ့ မိတဲ့ သူလိုကျွန်တော် ပူထူသွားတယ်....။
လုပ်မိလုပ်ရာမြက်တွေကို လျှောက်ဆွဲနှုတ်နေတယ်...။
မြက်တွေကတော့ ကြားကဓါးစာခံဖြစ်သွားလို့ မကျေမနပ်နဲ့ လူတွေကို အရေးယူဖို့ အရေးပေါ် ညီလာခံ ကျင်းပနေမလားမသိ...။
ပွက်လောရိုက်သွားသလို မြက်ပြင်တွေ ယိမ်းထိုးသွားတယ်...။ လေပြည်လေး သုတ်သုတ် ရုတ်သွားလို့ ထင်ပါရဲ့...။

ဒါကို သူက ဘာတွေ သဘောပေါက်သွားလဲမသိ....။
အသံလွင်လွင်လေးနဲ့ ခိုးခိုးခစ်ခစ်ရယ်မောတော့တယ်။
ပြီးတော့.... သူပြန်ငြိမ်သွားပါတယ်....။ ဘယ်လောက်ကြာသွားမှန်းမသိဘူး....။ ကျွန်တော်သူ့ကိုငေးကြည့်နေမိတယ်...။
အချိန် လိပ်ပြာလေး ကျွန်တော်တို့နားက ဘယ်နှစ်ကောင်လောက် ပျံသွားသလဲ မသိ...။
သူက ကျွန်တော့်ကို မကြည့်ပဲပြန်ရအောင်လို့ ပြောမှ ကျွန်တော် သတိပြန်ဝင်လာတယ်...။
ပွဲခင်းထဲ ပြန်ဝင်လာတော့ လူကွဲစပြုနေပါပြီ...။
စတိတ်ရှိုးလဲ ပြီးသွားပါပြီ...။
ဒါဆိုလင်းခက်တို့ရော....။

ကျွန်တော်တို့ နှစ်ယောက်အခုမှ ပူထူသွားပြီး လိုက်ရှာနေမိတယ်...။
ပွဲခင်းထဲမှာ သူတို့ကို လုံးဝ မတွေ့ရတော့ပါဘူး...။ ဒါနဲ့ ကိုတိုးတို့ အိမ်ကို ပြန်မှပဲ ဆိုပြီး နှစ်ယောက်သား ပြန်လာခဲ့ကြတယ်...။
ကိုတိုးတို့အိမ်ကို ပြန်ရောက်တော့ စိတ်ပူနေကြတဲ့လင်းခက်တို့ကို အိမ်ရှေ့မှာ တွေ့ရတယ်....။
ကျွန်တော် ဘာမှပြန်မပြောတော့ပါဘူး...။
ဖြစ်ကြောင်းရယ်ကုန်စင်ကိုသူကပဲ ပြောပြတယ်....။
ကိုတိုးသူငယ်ချင်းက ကျွန်တော့်ကိုတိုးတိုးလေး နဲ့ ပိုင်လှချည်လားလို့လာပြောတယ်....။

သူတို့က အဆောင်မပြန်ပဲမြို့ထဲက သူတို့ အသိအိမ်မှာ အိပ်မယ်တဲ့...။
ကျွန်တော်တို့လဲ နီးလဲ မနီး ဝေးလဲ မဝေး ဖြစ်နေတော့ လမ်းလျှောက်ပို့လိုက်တယ်...။ နောက်တော့ညောင်းလာတာနဲ့ ဆိုက်ကားငှားစီးကြတယ်...။
သူရယ် ...ကျွန်တော်ရယ်... နိုင်နိုင်ရယ်က တစ်စီးပေါ့...။
လမ်းမှာ ကျွန်တော်က အရဲစွန့်ပြီး မနက်ဖြန်ရော လာမှာလားလို့မေးတော့ သူက ခေါ်တဲ့သူမှမရှိတာတဲ့...။ ကျွန်တော်က ဒို့ခေါ်မယ်ဆိုရင်ရော.... ဆိုတော့...ပြုံးပြီး ခေါင်းညိတ်မလိုလိုနဲ့.... စဉ်းစားလိုက်ဦးမယ်တဲ့...။
ကဲ... ကြည့်ပါဦး...။
ဘယ်လောက် အသဲ ယားစရာကောင်းလိုက်သလဲလို့....။

ဒါနဲ့ သူတို့ ညအိပ်မယ့်အိမ်ကို ရောက်လာတယ်...။ ဆိုက်ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်ကာနီး
နှုတ်ဆက်ကြတော့ သူက ခပ်တိုးတိုးနဲ့ ကျွန်တော့်ကိုလာခဲ့မယ်လေတဲ့....။

အပြန်မှာကောင်းကင်ကြီးဟာ မွန်းတိမ်းလရောင်ကြောင့်...တောက်ပနေပါတယ်...။ ကြယ်ကလေးတွေကတော့
ကျွန်တော့်ကိုကောင်းချီးပေးနေလေရဲ့...။

=======================

9 comments:

  1. ကိုဘွိုက် စာရေးကောင်းတယ်..ဝတ္ထုပဲရေးစားပါတော့ ကိုဘရယ်.. ကိုယ်တွေ့လား စာတွေ့လား.. ဆက်ရန်ရောရှိသေးလား.. ဇတ်လမ်းတွဲလား.. ၉၉ ထဲကဆိုတော့.. အဆုံးသတ်က အလွမ်းဇတ်ဖြစ်မှာတော့သေချာပါတယ် :)

    ReplyDelete
  2. ဟီး( ၁ ) ကိုခုမှမြင်တယ် ဆောဒီး

    ReplyDelete
  3. အလဲ့.. တယ်ဟုတ်ပါလား... စာရေးလည်းကောင်း......။
    ၁။ ပွဲခင်းမှာ နောက်လှည့်ကြည့်တော့ ကုလားမကြီး နှာခေါင်းနဲ့ ကျွန်တော့်ပါး ထိမိသွားသေးလား၊ ပွင့်ပွင့်လင်းလင်းဖြေပါ။
    ၂။ ဆိုက်ကား ၁စီး ၃ ယောက်စီးတော့ ဘေးခုံက ဘယ်သူထိုင်ပါသနည်း။

    ReplyDelete
  4. ကို boyz ရယ်
    အနော်လည်း မုန့်ဟင်းခါးဆို မုန့်ဖက်မထည့်ပဲစားတာပါ...
    ချား( ရဟတ်) တော့ ကို boyz တို့လို စီးရကံ မကြုံခဲ့ဘူး။

    နာကွင်းလေးနဲ့ ကုလားမလေးလာဆွဲတော့ ရောင်ရမ်းပြီး ရင်ခုန်းသွားတယ်လို့
    ထည့်ပြောရင် သဘာဝကျသွားမှာ

    ReplyDelete
  5. မစားရ၀ခမန်း ဒီလိုပဲ စိတ်ကူးယဉ်ရတာပါပဲလေ :)

    ReplyDelete
  6. လုပ်ဇတ် ဆိုတော့လည်း ရှေ့နောက်တွေ မညီနိုင်တော့ဘူးပေါ့။

    ReplyDelete
  7. လရောင်ငတ်တဲ့ည (၅) ပျောက်နေတယ်။ အမှန်ကတော့ လရောင် ပျေက်တဲကည (၅) ကိုဆက်ရေးသင့်တယ်။ အဲဒိတော့ ဒီ (၁) သည်လည်း အဆုံးမသတ် နိင်ဘုးလို့ယူဆရမယ်။

    ReplyDelete
  8. ပန်းချီကား ဘယ်နှချပ်ရှိတာလဲ..
    အတော်နုရွတာပဲ..အရေးအသားတွေက..

    ReplyDelete
  9. မှန်တယ်။ ကဘွိုက်စ်လူမိုက်ဆိုတာ ကို လက်ခံထားတယ်။
    အချစ်ဆိုတာကို သူများတွေ ကစတဲ့ အချိန်မှာ တို့ကတော့မေ့တောင် မေ့နေပါပြီ။ generation ကလည်းကွာတာကိုး။

    အင်း ၉၉ ဆိုတော့တို့က စလုံးမှာတောင် ဘာညာ ဘာညာ လုပ်နေပြီ။
    အမ်. ဘယ်က ဂွိက ပါလာတာတုံး။

    စိတ်ဒါတ်ကျလိုက်တာ. ပွဲ့ စမယ် မကြံသေးဘူး ပျက်ြ့ပီ. ကုလားမကြီး ဝင်လာတာနဲ့။ အဲဒါကြောင့်ပြောတယ်။ ဆက်ရေးမနေပါနဲကတော့ လို့ အတည် ကို ရေးလို့မရဘူး။ ပွဲဖျက်ပစ်လိုက်တာချည်းဘဲ။

    အင်း။။ဒါပေမဲ့ မဆိုးပါဘူး. ဇတ် လမ်ဆက်လို့ရသေးတယ။်

    အမြင့်ကြောက်တယ်ဆိုလို့ တစ်စုံတစ်ခု များဖြစ်ဦးမလားလို့ ဘာ မှ လဲ မဖြစ်ဘူး။ ဘာ မှ မဖြစ်ရင် အစကတည်းက စကားမခံထားရပါ။

    သူက လမင်းကို ငေးကြည့်နေရင် ကိုယ်သာဆိုရင် မ်ြက်ခင်းပေါါ်လှဲအိပ်ပြီး သူ့ကို ကြည့်နေမှာဘဲ။ (လှလိုက်တဲ့ အကွက်ကလေး. ရအောင် လေး မယူတတ်ဘူး)

    ဒီလောက်ဘဲလား. အလိုက်တာနော်။ တို့သာ မိန်းကလေး နေရာမှာဆိုရင် စိတ်ဆိုးမှာဘဲ။ ဘာမှ ဘာမှ..မဘာလို့ဆိုပြီး..

    ဆိုက်ကားက ဘယ်က ပါလာတာလဲ. ဖီးလ်အောက်လိုက်တာ..မော်တော်ကားလေး ဘာလေးသုံးတာ မဟုတ်ဘးူးး လေ နဲ့ရေးတာ စာမှာတောင် အဖြစ်မရှိဘူး။ လွန်းထားထားတို့ဆိုရင် …

    စဉ်းစားလိုက်ဦးမယ်ဆိုတာ yes လို့ပြောတာ။ တစ်ခါတည်း ခေါင်းငြိမ့်လို့ဖြစ်ပါ့မလား။ ဒီလောက်မှ မသိရင်..

    ဆက်မရေးနဲ့တော့.. ဇတ်ကို မလှအောင် ရေးနေရင်.။

    ReplyDelete