Saturday, December 27, 2008

ဒီဇင်ဘာည


၂၀၀၆ နှစ်ကုန်တုန်းက ထွက်လာခဲ့တဲ့ လူသစ်တန်း အဆိုတော် လင်းနစ်ရဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။ ဒီသီချင်းကို စစထွက်တုန်းက နားမထောင်မိဘူး။ လူငယ်တွေကြားထဲလည်း သိပ်မပြန့်ခဲ့ဘူး။ နောက်မှ တစ်ဖြည်းဖြည်း စိမ့်ဝင်လာခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။ ခံစားချက်ထောင့်တစ်နေရာ က မမေက ဒီသီချင်းကို လှမ်းညွှန်းလို့ နားထောင်ဖြစ်ရာက ကြိုက်မိတဲ့ သီချင်း တစ်ပုဒ်ပါ။ (ကျေးဇူး မမေ။) တစ်ခွေလုံးကို နားထောင်ဖြစ်ပေမယ့် ဒီတစ်ပုဒ်ပဲ ကြိုက်မိတယ်။ ပေါ့ပ်ဆန်ဆန် ခပ်ချိုချို သီချင်းလေးတွေကိုသာ ရွေးကြိုက်မိတဲ့ အာသီသကြောင့် ဖြစ်မယ် ထင်ပါတယ်။


အရင်က (၈၀ ကျော်ခုနှစ်များလောက်ဆီက) ဒီလို သီချင်း ချိုချိုလေးတွေကို ဆိုတတ်တာ တူးတူး ပါ။ (အခုတော့ အနုပညာလောက ကနေ အနားယူသွားပါပြီ။) ဒါပေမဲ့ ခေတ်အခါအရ သူ့သီချင်းတွေက ဒစ္စကို သီချင်းတွေ နွယ်တတ်ပါတယ်။ ၈၇ ခုနှစ် နှောင်းပိုင်းမှာ “နာရီပေါ်က မျက်ရည်စက်များ” အယ်လ်ဘမ်နဲ့ ကိုငှက် ဆိုတဲ့ အဆိုတော် ထူးအိမ်သင် ထွက်လာတော့မှ ကိုငှက်ကို ပိုကြိုက်ပါတယ်။ တောက်လျှောက် ကိုငှက်ကိုပဲ နားထောင်တယ်။ အသံချိုချိုနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက် ကြာပြီး နောက်ပိုင်းမှာ နောက်ထပ် အသံချို ပိုင်ရှင် တစ်ယောက် ပေါ်လာပြန်ပါတယ်။ သူကတော့ ကိုငှက်ရဲ့ ဆိုပေါက် ဆိုဟန်လွမ်းမိုးမှု မကင်းတဲ့ တိုင်းရင်းသား အဆိုတော် အယ်လ်လွန်းဝါ။ သူက ၂၀၀၃ လောက်မှာ ထင်တယ်။ အချစ်မျက်ဝန်းနဲ့ တစ်စိမ့်စိမ့်ပေါက်တာ။ ချက်ချင်း မပေါက်ဘူး။ ဒါပေမဲ့ ခွေထွက်ကတည်းက သူ့မှာ ပေါက်နိုင်တဲ့ သီချင်းလေးတွေ ပါနေတာကို သတိထားမိတယ်။ နောက်တော့ သိတဲ့ အတိုင်း အချစ်မျက်ဝန်းဆိုပြီး မှတ်တိုင်တစ်ခု စိုက်လိုက်နိုင်တယ်။ နောက်တော့ ကြိုကြား၊ကြိုကြား ဟိုနား ဒီနား၊ တစ်ပုဒ်စ နှစ်ပုဒ်စနဲ့ ကိုယ်ပိုင် သီချင်းကောင်းလေးတွေ၊ ပြန်ဆိုတေးလေးတွေ နဲ့ လုံးခြာလိုက်နေခဲ့တယ်။ ကောင်းလဲ ကောင်းပါတယ်။ အယ်လ်လွန်းဝါကို သဘောကျမိတဲ့ အချက်ကတော့ ပြန်ဆိုတေးတွေ ဆိုပေမယ့် ဖြစ်ကတတ်ဆန်း မဟုတ်ပဲ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ မူရင်း သီချင်းကို မပျက်အောင် သီဆိုနိုင်တာပါပဲ။ ၂၀၀၇ ခုနှစ်ထဲမှာမှ ကိုယ်ပိုင် ဒုတိယခွေ ထွက်လာတယ်။ ဒုတိယခွေက ပထမခွေကို မမှီပါဘူး။ ပရိသတ် အကြိုက်ထက် လွန်းဝါ အကြိုက်သာ များတဲ့ အခွေ ဖြစ်ခဲ့တယ်။ သုံးပုဒ်လောက်ပဲ ရင်ထဲ ဝင်တယ်။ နောက်မှ အယ်လ်လွန်းဝါ သီချင်းများကို ဆွေးနွေးပါမယ်။ ခုတော့ လင်းနစ် ဆီ ပြန်သွားကြရအောင်။

စီးတီးအက်ဖ်အမ် နှစ်ပါတ်လည်မှာလဲ လူကြိုက်များတဲ့ “ဒီဇင်ဘာည” သီချင်းကို လင်းနစ်က သီဆိုသွားပါတယ်။ အဲဒီ အမ်တီဗွီ သီချင်းကို Youtube မှာ တင်ထားတာ တွေ့လို့ တစ်ပါတည်း တင်ထားပေးပါတယ်။
အောက်မှာပါ။ ချိုရှရှ အသံရှင် လင်းနစ်ရဲ့ သီချင်းကို အပေါ်ဆုံးက သီချင်းခွေင်းစဉ်မှာ အမ်ပီသရီး ဗားရှင်းနဲ့ နားထောင်နိုင်သလို အရုပ်ပါ မြင်ချင်ရင်ဖြင့် အောက်က အမ်တီဗွီမှာ နားဆင်ခံစားနိုင်ပါကြောင်း။

ဒီဇင်ဘာည - လင်းနစ် (MTV)



သီချင်းလေးကို နားထောင်မိလို့ ကြိုက်မိတယ် ဆိုရင်ဖြင့် မူရင်း သီဆိုသူ၊ ရေးသားသူများရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ မူရင်း အခွေ၊ စီဒီ၊ ဗွီစီဒီ များကို ဝယ်ယူအားပေးကြပါဗျာ။ ဒီသီချင်း အမ်ပီသရီးကို တင်ထားတဲ့ အတွက်လဲ အဆိုတော် လင်းနစ် အနေနဲ့ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။ လင်းနစ်ဘလော့ သတ်သတ် ရှိပါတယ်။ သူ့သီချင်းကြမ်းတွေကို တင်ထားတာ တွေ့ရပါတယ်။ ဘလော့ လိပ်စာ မေ့သွားပါပြီ။ အဲဒီမှာလဲ မထွက်သေးတဲ့ သီချင်းများကို တင်ထားတာ တွေ့ရပါတယ်။ နောက်တွေ့မှာပဲ အဲဒီလင့်ခ်ကို လာတင်ပေးပါ့မယ်။

အယ်ဘမ်ထဲက သီချင်းလေးများ စာရင်းပါ။

ရင်ဘတ်ထဲက အိပ်မက်ဟောင်း (လင်းနစ်)
၁။ တိမ်တွေလိုဖြစ်ချင်တယ်
၂။ ဒီဇင်ဘာည
၃။ ရေဒီယို
၎။ ၀ိုင်တစ်ခွက်အကြောင်
၅။ နွေအိမ်မက်
၆။ ခေါ်သံအဝေး
ရ။ ကဗျာဆရာ
၈။ တစ်ယောက်သောသူ
၉။ ရပ်ကြည့်နေဆဲ
၁၀။ ရင်ဘတ်ထဲက အိမ်မက်ဟောင်း
၁၁။ လာမနှိုးနဲ့
၁၂။ နေညိုရင်….

ဖြည့်စွက်။
လင်းနစ်ဘလော့ဂ်ကို သိသူ တစ်ယောက်က လင်ခ့် လာပို့သွားပါတယ်။ ဒီမှာပါ။ ကျေးဇူးပါ နေနေ

http://linnith.mzblog.net/

15 comments:

  1. မသိရင်.. သိတဲ့သူတွေစီက မေးမြန်းစုံစမ်း သင့်ပါတယ်..
    အနီးအနားမှာ မေးလို့ ရတဲ့ သူတွေ အများကြီးရှိတဲ့ဟာကို.. :D
    ဒီမှာ လင်းနစ်နဲ့  ဘလော့
    http://linnith.mzblog.net/

    ReplyDelete
  2. ကွိကွိ.. သားဆီမှာလည်း ကိုလင်းနစ် MTV ကိုရွေးထားတယ်။ ခုထိကြိုက်တုန်းမို့။ ကြိုကြား၊ ကြိုကြားကို ဖတ်လိုက်တာ (အဆိုတော်) ကြိုးကြာလို့ပဲ မျက်လုံးထဲမြင်တယ်။းD
    သားသားကတူ့အသံကိုတိတ်ကြိုက်စ်။

    (...)နေနေနိုင် လင့်ခ်အတွက် ကျေးဇူး။ တွားနားထောင်ဘီ။း)

    ReplyDelete
  3. ရန်ကုန်မှာတုန်းက တို့များကာရာအိုကေဆိုရင် မပါမဖြစ်ပါတဲ့ နိုင်ငံတော်သီချင်းပေါ့ကွာ။ ဟဲဟဲ။ မင်းလုပ်တာနဲ့ လွမ်းစရာတွေဖြစ်ကုန်ပြီ။

    ReplyDelete
  4. humm.. ဒီသီချင်းက နိုင်ငံတော်သီချင်းတောင် ဖြစ်သွားတာလား...။ သိဘူးရယ်.. ဒီရောက်နေပြီ...။

    ReplyDelete
  5. မနေ့ညကပဲ နားထောင်ဖူးသွားပြီ..
    မ ဆိုး ပါ ဘူး
    ( ထရိုက်ချင်စရာလေသံနော့)

    ReplyDelete
  6. ဆွတ်ပျံ့လွမ်းမောဖွယ်ရာ သီချင်းလေးပါလားကွယ်။

    ReplyDelete
  7. သုသု.. သတိရသွားပြီပေါ့လေ...။

ိတိန်.... ပေါက်ကို ရိုက်လိုက်တာ...။

    ReplyDelete
  8. ကြားဖူးနေတဲ့ သီချင်းပဲ.. အဆိုတော်နာမည်ခုမှသိတယ်......
    ကောင်းပါတယ်။ အဲဒီသီချင်းလေးကြိုက်တယ်။

    ReplyDelete
  9. အခုမှ နားထောင်ဖူးတယ်။ တူးတူးကို ကြိုက်တယ်။ နိုင်ငံတော်သီချင်းက ကမ္ဘာမကြေ မဟုတ်ဘူးလား။

    ReplyDelete
  10. မီထုံ.. မီထုံ...
    အခု နိုင်ငံတော် သီချင်းက ဒီဇင်ဘာည ဖြစ်သွားပြီ...။
    အတော့်ကို ဝေးသေးတာပဲ...။ စလုံးမှာ နေတာ ထင်တယ်...။
    :D

    ReplyDelete
  11. စင်ဒန်လား လေးသံက ဖော်လို..ကြီး။

    ReplyDelete
  12. ကြိုက်လို့ကြိုက်တယ်ပြောတာကို... မမနော်.....

    ReplyDelete
  13. နားလည်မှုတွေ လွဲကုန်ပြီ။ နိုင်ငံတော်သီချင်းဆိုတာက “အတိသယ၀ုတ္တိ အလင်္ကာ” ပေါ့ကွယ်။ ဆယ်တန်းတုန်းက သင်ဖူးကြတယ် မဟုတ်လား။ (ဟဲဟဲ)။ ဆိုင်းဝိုင်းဘွိုင်းဇ်လှိုင် (ဆော်ဒီး နှုတ်ကျိုးသွားလို့) စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုးကလေး လှုပ်ပါဦး”လိုသီချင်းမျိုးပေါ့။

    အန်ကယ်တို့ စင်ကာပူမလာခင်တော့ “(၁၀)စက္ကန့်” ဆိုတဲ့ ဗီစီဒီ သီချင်းခွေတော်တော်နာမည်ကြီး သကွဲ့။ အဲဒီ့ထဲမှာ နာမည်အကြီးဆုံးသီချင်းကတော့ အာခေါင်နီ (အဲ) အာဇာနည်ရဲ့ ဘာတဲ့။ သီချင်းခေါင်းစဉ်တော့ မသိဘူး။ စာသားက “ဤမှန်သော သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင် အချစ်ဆုံးသာကိုယ့်နားရှိစေချင်” ဆိုလားပဲ။ သိပ်နာမည်ကြီးတယ်ကွဲ့။

    မြန်မာပြည်အကြောင်းကို သိချင်ရင် “နာဂစ်”ဒဏ်ကို ကြံ့ကြံ့ခံပြီးခြင်းသကာလ “စ”လုံးကိုလွင့်လာတဲ့ အန်ကယ်ကိုမေးကွဲ့။ ဟုတ်ပြီလား။ (ကြုံတုန်း ၀င်ဆရာလုပ်ရတာ။ ဟဲဟဲ။)

    ReplyDelete
  14. အန်ကယ်. အန်ကယ်.. တစ်ပုဒ်မှ မကြားဘူးပါ။

    ReplyDelete
  15. သူပြောတာတွေက အခုမှ ထပေါက်တဲ့ သီချင်းတွေ အန်တီရ...။
    ကျွန်တော်တောင် ဆယ်စက္ကန့်ထဲက ဇော်ပိုင်တစ်ပုဒ် ကြိုက်လို့ ဖုန်းထဲ ထည့်ထားသေးတယ်...။

    ReplyDelete