Thursday, December 18, 2008

အတွေးစဉ် အမျှင်တန်းများ။

  1. မိုက်ခရိုဆော့ဖ်မှ ထုတ်လုပ်သော အိုင်အီး ဗားရှင်းပေါင်းစုံသည် မသမာသူများ ဖေါက်ထွင်းရန် အလွန်လွယ်ကူနေသည့်အတွက် နောက်ဆုံးပေါ် အပ်ပ်ဒိတ်များ ဒေါင်းလုဒ်လုပ်၍ လုံခြုံရေး အဆင့်အတန်းများ မြှင့်တင်ကြန်ရ နိုးဆော်ထားသည်။ အဘယ့်ကြောင့်ပါနည်း။ မိုက်ခရိုဆော့ဖ်သည် အိုအက်စ်စနစ်ကိုသာ အသားပေး ထုတ်လုပ်နေသောကြောင့် အလကားပေးရသော အိုင်အီးကိုမူ အဖြစ်သဘောသာ ထုတ်ပေးလေသလား ဟု ထင်စရာ ဖြစ်ချေသည်။ ထို့ကြောင့် အကျွန်ုပ် မြေခွေးမီးလျှံကို သုံးသည်။ အိုင်အီးသုံးလျင် နေးတစ်မြန်မာ ဖိုရမ်၌ မြန်မာစာ ရိုက်သော် ကာဆာနှင့် ရိုက်ချင်သော နေရာကို လိုက်၍ ချိန်နေရသည်မှာ အလုပ်တစ်ခု။ မြေခွေးမီးလျှံ သုံးလျင် အဆိုပါ ပြဿနာ အလိုအလျောက် ဖြေရှင်းပြီးသား။
  2. အခုတစ်လော ရုံး၌ ဘလော့ဂ်ဖတ်ရသည်မှာ အဆင်မပြေ။ ဘလော့စာမျက်နှာများ ပြိုင်တူ ဖွင့်၍ မရချေ။ တစ်ခုဖွင့်ပြီး တစ်ဝက်မျှသော အချက်အလက်တို့ ပြီးသည်နောက်၌ နောက်ဘလော့တစ်ခုကို ဖွင့်ရချေ၏။ ပြိုင်တူ ဖွင့်မိလျင် ပေ့ခ်ျ အယ်ရာ တက်ချေ၏။ အိမ်နှင့်ရုံးအကြား ကွာခြားချက်။ အိမ်တွင်းသုံး မက်အွန်လိုင်းကား တစ်ပြိုင်နက် ဖွင့်၍ ရသည်။ မြန်တော့ မမြန်ချေ။
  3. ကုန်းပေါ်နေဖြစ်သည့် ကာလတစ်လျှောက်လုံး တင်သမျှသော ရုပ်ရှင်ကို ကြည့်မိ၏။ မူဗီရီဗျူးရေးစားသော် ရလောက်သော ကုန်ကြမ်းများပင်။ ရုံပိုင်ရှင်များအနေဖြင့် ပုံမှန်ဖေါက်သည် ဆု ပေးလျင် အကျွန်ုပ် ဦးစွာ ရချေတော့မည်။ ယနေ့ ဂျင်မ်ကာရေး ပါသော ကားသစ် ရက်စ်မဲန်း ပြမည်ဟု ဆိုသည်။ သွားဦးမည်။ အော် အများတကာတို့ ရီဆက်ရှင်ကာလ၌ အသုံးအစွဲ ချွေတာကုန်၏။ အိမ်တွင်း အိမ်ပြင် မထွက်ပဲ ချက်စား၊ တီဗွီကြည့်ကြကုန်၏။ ငမိုက်သား မောင်ဘွိုင်း အသုံးနှင့် အဖြုန်းကို မခွဲခြားတတ်သေးချေ။
  4. ကမ္ဘာတစ်လွှား ထိခိုက်ကုန်သော ရီဆက်ရှင်သည် ထင်သလောက် ခြင်္သေ့ကျွန်းကို ထိခိုက်ဟန်မတူ။ များများစားစား မတွေ့ရ။ နောက်ဆုံးမတော့ နံရံလမ်း (ဝေါလ်စထရိ) မှ ဦးဆောင် စီးပွားရေး လုပ်ငန်းရှင်ကြီးက ကမကထ ပြု တည်ထောင်သော လိမ်လည်မှုကြီးတွင်မှ အထိနာကြကုန်၏။ အရှေ့ဖျား ခြင်္သေ့ဟု ခေါ်သော ကုမ္ပဏီမှ တစ်ဆင့် အဆိုပါ လိမ်လည်မှုကြီး၌ စတော့ရှယ်ယာများ ၀ယ်ထားကြ၏။ ထိခိုက်မှု ပမာဏ မသိရသေး။ ယခုမှ စီးပွားရေး ဆူနာမီ လာချေပြီတည်း။ ပြင်ဆင်ကြပါကုန်။
  5. ပြီးခဲ့သည့် အပတ်အားလပ်ရက်က ဒေါင်းတောင်းအစ်စ် ပါဆားရဇ်တွင် ကျင်းပသော အလုပ်ရှာပွဲတွင် အဆင့်မြင့် အရာရှိများပါ အလုပ်အကိုင်များ လာရောက် ရှာဖွေကြကုန်သည် ဟူ၏။ မသေချာသော၊ လှုပ်နေသော ကုလားထိုင် အခြေအနေကြောင့် တင်ကြို ရှာထားခြင်း ဖြစ်သည်ဟု ဗျူးကိုကို၊ မမ များက ရေးသားကြ၏။ ပုံမှန် ရနေကြသော လခများထက် အဆပေါင်းများစွာ နိမ့်သော လခ (၅၀%)ကိုသာ တောင်းဆိုကြသည် ဆို၏။ အလုပ်ရှင်ကုမ္ပဏီမှားမှာ အများအားဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖြစ်သည်။ အလုပ်ရှာသူ အများစုမှာ အကြီးတန်း စာရင်းကိုင်၊ ထွေချုပ်၊ စီမံချုပ် စသည့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ ဖြစ်သည်ဟု ဆိုချေ၏။
  6. မတည်ငြိမ်သော ထိုင်းနိုင်ငံရေးကြောင့် ယင်းနှင် ကုန်သွယ်ဖက် ဖြစ်သည့် ခြင်္သေ့ကျွန်းသည်လည်း အနည်းနှင့်အများ ခံစားလိုက်ရသည်။ ကိုလွန်းက ကိုဖိဆစ်အား အခွင့်သာသည့် တစ်နေ့တွင် ခြင်္သေ့ကျွန်းသို့ အလည်အပတ် လာရောက်ရန် ဖိတ်မန္တက ပြုချေ၏။ ဆုံးမသြ၀ါဒများ ပေးချေတော့မည် ထင်သည်။ ခြသေ့င်္ကျွန်းအပေါ် အားကိုးအားထား မပြုသော အကောင်းစား ယိုးဒယားများကား အားမှ လာလည်မည် ဟု အကြောင်းပြန်ကြားလိုက်၏။

ဤတွင် အတွေးစဉ် အမျှင်တန်းကဏ္ဍ ပြီးဆုံး၏။

6 comments:

  1. အဟား.. ဖတ်လို့ကောင်းသဗျား..ကိုဘွိုင်းစ်ကြီးက ဦးဆွေမင်း (ဓနုဖြူ) လေသံနဲ့ခပ်ဆင်ဆင်ရယ်ဗျနော်းP

    ReplyDelete
  2. ကမ္ဘာတလွှားရီဆက်ရှင်နှင့် စီးပွါးရေးဆူနာမီတို့လာချေသော်လည်း တုန်လှုပ်ခြင်းနတ္ထိကင်းသူ ကျွန်ုပ်နှင့်တကွ သင်ရှိသေးကြောင်း သိလိုက်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာ ရှိလှပေသည်။ ဝေါစထရိ၌ စတော့နှင့်ရှယ်ယာများကို အများအပြားဝယ်လိုခဲ့သော်ငြား ခြူးတစ်ပြားမှမရှိ၍ မ၀ယ်ဖြစ်ခဲ့ခြင်း၏အကျိုးကို သင်နှင့်ကျွန်ုပ် ခံစားရချေပြီ။ အေးချမ်းလှပေစွ။ အသုံးအစွဲ၊ အပျော်အပါးမပျက် ဆက်လက်ချီတက်ပါကုန်။ ပြောနေကြာချေပြီ။ ယခုပင်မနှေး အောင်မျိုးကိုသို့ပြေး၍ ကမ္ဘာကြီးအလည်ရပ်သောနေ့ကို သွားရောက်ကြည့်ရှုပါတော့မည်။

    ReplyDelete
  3. အို.. ကိုကေစမ်းချောင်း...။
    ကမ္ဘာကြီးလည်ပတ်မှုသည် လွန်ခဲ့သော အပတ် သောကြာနေ့က တဲန်းမ်ပနစ်စ်တွင် ရပ်တန့်သွားခဲ့သည်။ ကယ်တင်ရှင် Bolt ဟူသော ခွေးလေးကြောင့် တဲန်းပနစ်စ်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ သို့သော် လပြည့်ညက ပေါ်ထွန်းခဲ့သော လရောင် (Twilight)၏ ဆွဲဆောင်မှုကြောင့် နောက်တစ်ဖန် ရင်သိမ့်တုန်ပြန်သည်။ ယခုလောလောလတ်လတ်တွင် ဂျင်မ်ပာရေး၏ ဆွဲဆောင်မှုက သူနှင့်အတူ Yes Yes Yes ဟူသော စကားကို ဆောင်ပုဒ်အလား ရေရွတ်မြည်တမ်းနေပါတော့သည်။ အလွန်ရီရပါသည် အသင် ဂျင်မကာရေး။ Box Office နံပါတ် ၁ ချိတ်ဦးမည့် ကားပင်တည်း...။

    ပေါဖေါ်ပေါဖက် နောက်တစ်ယောက် တိုးပြီချိမ့်တည်း...။

    ReplyDelete
  4. ခရာတံ။ အကျွန်ုပ် ငယ်ငယ်က ဆွေမင်း(ဓနုဖြူ) ကို အလွန်ကြိုက်ခဲ့၏။ တွတ်ပီ၊ ဗိုက်ကလေး၊ မသေးမျှင်၊ မုဆိုး သျှားတဲ့အောင်၊ လူပျိုကြီး စောတင်မောင်၊ ပုဆွဲမိ၊ သူကြီး ဘစီ၊ ကျောင်းဆရာ (ကိုစည်သူ)??၊ အစရှိသူတို့နှင့် ရင်းနှီးကျွမ်းဝင်ကုန်၏။ “မရှောင်လျင် လွတ်သည်” ၊ “ဒီနေ့ တွတ်ပီ ကံမကောင်းပါလား” ဟူသော ဆောင်ပုဒ်ကို တွင်တွင် ရွတ်၏။ ကာတွန်းဆရာ ကွယ်လွန်သော် အတိုင်းမသိ ၀မ်းနည်းမိ၏။ ပို၍ ၀မ်းနည်းမိသည်မှာ ကာတွန်းကျော်၏ ဇာတ်လမ်းတစ်ပုဒ်ကို မြန်မာ့ရာဇဝ၀င်ကို ဖျက်ဆီးခဲ့သော၊ ကျန်စစ်သားကို မယားပေါင်းမြောက်များစွာ ယူသည့် ဘုရင်ဟု နောင်လာနောက်သားများ ထင်မှတ်မှားစေသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက ၀ယ်ယူ၍ တွတ်ပီဇာတ်ဆောင်နေရာကို ဂတုံးမတုံးပဲ ပီပြင်အောင် ရိုက်မည်ဟု ဆိုလာချေသော် အကျွန်ုပ် ရင်ကျိုးပြီတည်း...။

    ReplyDelete
  5. လူမင်းနဲ့ ထွန်းအိနြာဗို.....
    ဘလော့နာမည်ကလဲ ယုံချင်စရာကြီး...ဆိုတာဘာပြောတာလဲ..??????????

    ReplyDelete
  6. sin dan lar ၂ ရက်မလာတာ ခေတ်နောက်ကျသွားပြီ။

    ReplyDelete