Sunday, May 24, 2009

ဒါလီနှင့် နာရီ (၁)

ဒါလီနေ့ - လေးဖြူ


ဒါလီနှင့် နာရီ

ဘတ်စ်ကားတွေမှာ ကျောက်ဆူး မပါလို့သာ တော်တော့သည်။ ပါများ ပါခဲ့လျင် သန်းခေါင်ကျော်တာတောင် အိမ်ပြန်ရောက်လိမ့်မည် မထင်။ လိုင်းကားတိုင်းလိုလို ဒီမှတ်တိုင်မှာ ခရီးသည် စောင့်ရင်းနားနားနေနေ ရပ်တတ်စမြဲ။ ဆင်းသည့်ခရီးသည်က နည်းပြီး တက်သည့် ခရီးသည်များလျင် မြန်မြန်ပြန်ထွက်သည်။ ဆင်းသူများပြီး တက်သူနည်းနေလျင် ကြာတတ်သည်။ ဒါကို စီးနေကျ ခရီးသည်တိုင်း သိပြီးသား။ ထို့ကြောင့် တချို့က ကားဘေးမှာ လာရောင်းသော ရေခဲရေ ၀ယ်သောက်သူသောက်။ သကြားလုံးတို့ အချဉ်ထုတ်တို့ ၀ယ်စားသူစား။ အိပ်ငိုက်သူငိုက်။ လူငယ်လေး တစ်ယောက်ကတော့ ကားသွားနေသလား ကားရပ်နေသလား ဆိုတာတောင် သတိပြုမိပုံ မပေါ်။ ဘ၀အောင်မြင်ရေး လမ်းညွှန် တက်ကျမ်း စာအုပ်ကို စိတ်ဝင်စားစွာ ဖတ်နေ၏။
တစ်ချို့ကတော့ ထုံးစံကို သိပါလျက် “ကြာလိုက်တာ”၊ “ကားကလည်း ဘယ်အချိန်ကျမှ ထွက်မှာလဲ”၊ “အိမ်ရောက်မှ ထမင်းဟင်းချက်ရမှာ၊ ကလေးတွေတော့ ဂျီကျနေလောက်ပြီ” စသည်ဖြင့် အချည်းနှီး ရေရွတ်နေကြ၏။ ဒရိုင်ဘာကဖြင့် ကားပေါ်ကတောင် ဆင်းသွားလိုက်သေးသည်။ မှတ်တိုင်နားက ကွမ်းယာဆိုင်လေးဆီ လျှောက်သွားပြီး ကွမ်းတစ်ယာကို သူ့ဘာသာ စိတ်ကြိုက် ယာစားရင်း ကွမ်းယာသည် မိန်းကလေးနှင့် စကားပြောနေသည်။ စပါယ်ယာကတော့ အော်ဟစ်ပြီး လူခေါ်နေသည်။

ဒီနေရာက လမ်းဆုံဟု ဆိုနိုင်သည်။ လိုင်းကား လေးငါးမျိုးလောက် ဖြတ်သွားသော နေရာ။ ထို့ကြောင့် စည်ကားသည်။ လူရှုပ်သည်။ ဈေးဆိုင်တွေကလည်း များသည်။ ဒီလို နေရာမျိုးမှာ အချိန်းအချက် လုပ်ထားလျင် တစ်ယောက်နှင့် တစ်ယောက် ရှာတွေ့နိုင်ဖို့တောင် မလွယ်။

မှတ်တိုင်နားမှာ ကားစရပ်ကတည်းက မှောင်စပျိုးနေပြီဖြစ်၏။ ခုဆို ပိုပြီးတော့တောင် မှောင်လာပြီ။ အိမ်တွေက မီးထွန်းလိုက်ကြပြီ။ လမ်းဘေးဆိုင်ငယ်ကလေးတွေကတော့ အသေးစား ဘက်ထရီမီးများ ဟိုတစ်ချောင်း ဒီတစ်ပွင့် လင်းလာကြသည်။ ဒရိုင်ဘာသည် ကွမ်းယာဆိုင်မှ စီးကရက်တစ်လိပ်ကို ယူ၍ မီးညှိသည်။ ထို့နောက် ကားဆီ ပြန်လာပြီး တက်ထိုင်လိုက်သည်။ စက်နှိုးသံကြားသောအခါ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ ကားကတော့ ချက်ချင်း မထွက်သေး။ စပယ်ယာက စိတ်ကောက်ပြီး ထွက်သွားသော ချစ်သူအပေါ် နောက်ဆုံး ကြိုးစားသလို လေသံဖြင့်...
“မောင်းမယ်၊ နောက်ကား ၀င်လာပြီ”
ဟု အော်လိုက်၏။ ဒရိုင်ဘာက ဂီယာထိုးသည်။ ကားစပြီး လှုပ်သည့် အချိန်မှာပင်
“ဟိုးထား၊ တစ်ယောက်လိုက်မယ်။”
ဟု စပယ်ယာက အော်သည်။ ကားတုံ့ကနဲ ဖြစ်သွားစဉ် လူတစ်ယောက်သည် သိုင်းသမား တစ်ယောက်လို ကာနောက်ပေါက်မှ စွေ့ခနဲ ခုန်တက်လာသည်။
“ဆွဲ ဆရာ”
စကယ်ယာ၏ အချက်ပေးသံနှင့် တစ်ပြိုင်တည်းပင် ကားက ၀ူးခနဲ ဆောင့်ထွက်သည်။ ထိုအချိန် အခိုက်အတန့် ကလေးအတွင်းမှာ မထင်မှတ်သည့် ကိစ္စ တစ်ခု ဖြစ်သွားသည်။
***

ဒါလီသည် ဘတ်စကား၏ ဘယ်ဘက်ခြမ်းမှာ ထိုင်နေသည်။ ဘယ်ဘက်လက်ကို ပြတင်းဘောင်ပေါ် တင်ထားသည်။ ဘတ်စကား စထွက်သည်မှာ လမ်းပေါ်က လူတစ်ယောက်သည် ဘတ်စကားနားသို့ ဖျတ်ကနဲ ချဥ်းကပ်လာသည်။ ထို့နောက် ဒါလီ၏ လက်ကောက်ဝတ် နေရာကို အုပ်ကိုင်လိုက်သည်။ ဒါလီ လန့်သွားသည်။ တစ်ပြိုင်နက်တည်းတွင် ကိုကိုများ ရုတ်တရက် လာနှုတ်ဆက်တာလားဆိုပြီး ထိတ်ခနဲ ပျော်မလိုတောင် ဖြစ်သွားသေး၏။

ကိုကိုမဟုတ်၊ သူတစ်ခါမှ မမြင်ဖူးသော လူတစ်ယောက်။ ဒါလီ ဖျတ်ကနဲ ကြည့်လိုက်သောအချိန်မှာပင် ထိုသူက လက်ကို ပြန်ရုပ်ပြီး ရှုပ်ရှက်ခတ်နေသော လမ်းသွားလမ်းလာတွေကြား လှစ်ခနဲ ၀င်ရောက်ပျောက်ကွယ်သွား၏။
ထိုအချိန်တွင် ဘတ်စကားသည် ဒုတိယ ဂီယာကို ပြောင်းပြီး ဖြစ်နေပြီ။ ဒါလီသည် ငေးကြောင်နေရာမှ သတိပြန်ဝင်လာပြီး သူ့လက်ကောက်ဝတ် နေရာကို ကြည့်သည်။ ခုမှ သဘောပေါက်သည်။ သူ့လက်ပတ် နာရီလေး မရှိတော့။

“ဟင် မရှိတော့ဘူး”
လွှတ်ကနဲ ရေရွတ်မိသည်။
“ဘာမရှိတာလဲ၊ ဘာလဲ”
ဘေးမှာ ကပ်လျက် ထိုင်နေသော မိန်းမကြီးက မေးသည်။
“ဟို... ဟို နာရီ၊ ကျွန်မနာရီ အဖြုတ်ခံလိုက်ရပြီ။”
“ဟင်... ဟုတ်လား နာရီဖြုတ်ခံရလို့၊ ဒါဆို”
ရှေ့ခုံမှာ ထိုင်နေသော လူကြီးက လှည့်ကြည့်သည်။ နောက်ခုံဘက်ဆီက...
“နာရီဖြုတ်ခံရလို့ ဆိုပါလား”
“နာရီ ဖြုတ်လို့တဲ့”
“ဟို မိန်းကလေး”
“ပါသွားလား”
ကားအတွင်း အမျိုးမျိုး ရေရွတ်သံတွေ ထွက်ပေါ်လာ၏။ ရှေ့ခုံမှ လူကြီးက...
“ဟေ့ ကားရပ်လိုက်လေ၊ ဒီမှာ ပြဿနာ ဖြစ်နေတာ”
“ဟာဒီလောက် ဝေးသွားမှတော့ ဘယ်လိုက်လို့ ရတော့မလဲ၊ ခုလောက်ဆို အဲဒီနားမှာတောင် ရှိမှာ မဟုတ်တော့ဘူး”
စပယ်ယာက ခရီးဖင့်မှာ စိုးရိမ်သော လေသံဖြင့် ပြန်ပြော၏။ ထိုအချိန်မှာ ဒရိုင်ဘာက ကားကို ရပ်လိုက်သည်။
“ဒီအတိုင်း လွှတ်ပေးလိုက်လို့တော့ ဘယ်ဖြစ်မလဲ”
လူငယ်တစ်ယောက်က ၀င်ပြောသည်။

“အင်း... ဟုတ်တယ်။” ဟု တစ်ချို့က သံယောင်လိုက်သည်။
“ဘာဖြစ်ဖြစ် ရဲစခန်းကိုတော့ အကြောင်းကြားရမှာပဲ၊ ပြန်ကွေ့ကွာ”

ရှေ့ခုံမှ လူကြီးက အမိန့်ပေးသလို ပြော၏။ ဒရိုင်ဘာက အင်တင်တင်ဖြင့် ပေကပ်ကပ်ကြည့်၏။ ခရီးသည် တစ်ချို့၏ မျက်နှာပေါ်မှာ အိမ်ပြန်နောက်ကျတော့မှာပဲ ဆိုသော အရိပ်အယောင်တွေ ထင်ဟပ်လာသည်။ ထိုအခါကျမှ ဒါလီက ...
“အို... ရဲစခန်းတော့ မသွားချင်ဘူး” ဟု ငြင်းလိုက်သည်။ ဒရိုင်ဘာလည်း ဆက်ထွက်ရန် ဂီယာထိုးလိုက်၏။ စောစောက ၀င်ပြောသော လူငယ်က..
“ခုလို လျစ်လျူရှုလိုက်ရင် ဒီကောင်တွေ ပိုအတင့်ရဲလာမှာပေါ့”
“ဒါဆို မင်းပဲ လိုက်ဖမ်းလိုက်ပေါ့” ဟု စပယ်ယာက ပြောရာ လူငယ်က ဆတ်ကနဲ လှည့်ကြည့်ပြီး ရှေ့တစ်လှမ်းတိုး၍
“ခင်ဗျားစကားက တာဝန်မဲ့လှချည်လား”

ဒါလီ မနေသာတော့။
“တော်ပါတော့၊ ကျွန်မနာရီကလည်း ဘယ်လောက်မှ မတန်ပါဘူး၊ အဟောင်းလေးပါ၊ ပြီးတော့ ပြန်လှည့်သွားနေရရင် အားလုံး နှောင့်နှေးကုန်လိမ့်မယ်”
“ပြန်ရဖို့လည်း မလွယ်ပါဘူး။”
“အင်း.. ဒါလဲ ဟုတ်တာပဲ၊ ကဲ မထူးပါဘူး၊ ဆက်သာ မောင်းတော့”
လူကြီးက ၀င်ပြောသည်။ လူငယ်က သိပ်ကျေနပ်ပုံ မပေါ်။
“မနက်ကျရင် ရဲစခန်းဝင်ပြီး တိုင်ချက် ဖွင့်ဖို့တော့ ကောင်းတယ်” ဟု ပြောနေပြန်၏။ ဒါလီ့ဘေးမှ မိန်းမကြီးက
“ဘယ်လောက်တန်လဲ” ဟု မေးသည်။
ဒါလီက သိပ်မတန်ပါဘူးဟု ပြန်ဖြေသည်။ “ဘာအမျိုးအစားလဲ” ဟု ထပ်မေးနေသေးသည်။ ဒါလီ မကြားချင်ယောင်ဆောင် နေလိုက်ရသည်။
“ဒီကောင်တွေက သိပ်လျင်တာဗျ။ နာရီပေါ်ကို လက်နဲ့ အုပ်ကိုင်ပြီး အိမ်နဲ့ကြိုး ဆက်နေတဲ့နေရာကို ညှစ်ချလိုက်တာ။ ဒီအခါ ပင်ကလေးတွေက ကွေးပြီး နဖါးအိမ်က လွှတ်ထွက်သွားတာပေါ့။ ပြောတော့သာ တစ်ကယ်လွယ်တာ တစ်ကယ်ကျတော့ လက်ချောင်းတွေက သန်လည်းသန်မှ မြန်လည်းမြန်မှ၊ အဲဒီလို ဖြစ်အောင် တော်တော် ကျင့်ယူရတာ”
နောက်ဆုံးခုံတန်းမှာ ထိုင်နေသော ကပြားတစ်ယောက် သင်တန်းပေးနေသည့် လေသံဖြင့် အာဘောင် အာရင်းသန်သန် ပြောနေသည်။ လူငယ်က...
“ဘာလဲ ခင်ဗျားလည်း အဲဒီသင်တန်း တက်ဖူးလို့လား” ဟု ရုတ်တရက် ဖြတ်မေးလိုက်၏။ ထိုသူက..
“ဟာ မဟုတ်တာ၊ ကျွန်တော်ကိုယ်တိုင် အဖြုတ်ခံရဖူးလို့ သိနေတာပါ။ ကျွန်တော့်နာရီကမှ အသစ်ကြီးဗျ။ ၀ယ်တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။”

ကုလားမကြီး တစ်ယောက်က “အရေးထဲ ကြွားနေရသေးတယ်”ဟု ခပ်တိုးတိုး ရေရွတ်၏။ ထို့နောက် ခရီးသည်များလည်း ခါးပိုင်နှိုက်၊ ဆွဲကြိုးဖြတ်၊ အလစ်သုတ် စသော အကြောင်းအရာများကို တချို့လည်း ကိုယ်တွေ၊ တစ်ချို့လည်း ကြားဖူးနာားဝ ရှိတာတွေကို ကိုယ်တွေ့လိုလို လုပ်၍ နီးစပ်ရာ အချင်းချင်း စကားစပ်မိနေကြလေ၏။ ထိုအကြောင်းအရာ အားလုံးသည်မိမိကို မူတည်ပြီး ဖြစ်လာရခြင်းကြောင့် ဒါလီသည် အနေရခက်နေ၏။ ပြောရင်းဆိုရင်းက တစ်ချက် တစ်ချက် သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာ ပိုဆိုးသည်။ အရေးထဲမှာ ဘေးနားက မိန်းမကြီးက ...
“အဲဒီကောင်ရဲ့ မျက်နှာကို မှတ်မိလား” ဟု မေးနေပြန်သည်။ သူခေါင်းခါပြလိုက်၏။ ပြောမယ်ဆိုလျင်လည်း “ကိုကို မဟုတ်ဘူးဆိုတာပဲ မှတ်မိတယ်” ဟု ဆိုရပေလိမ့်မည်။
တစ်ကယ်လို့ ကိုကိုသာ ဒီနေ့လာကြိုခဲ့လျင် ခုလို ဖြစ်မှာ မဟုတ်။ ဒီလိုဆိုတော့ ကိုကိုက အလစ်သမားရန်ကို ကာကွယ်နိုင်လို့လားဟု ထင်စရာ ရှိ၏။ မဟုတ်။ ကိုကိုနှင့်အတူ ဘတ်စကား စီးသည့်အခါတိုင်း နှစ်ယောက်တွဲ ထိုင်ခွင့်ရလျင် ကိုကိုက ပြတင်းပေါက်နှင့် ကပ်လျက်မှာသာ ထိုင်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဒါဆို ပြတင်းပေါက်ဘောင်ပေါ် လက်တင်စရာလဲ မလိုတော့။ နာရီ အဖြုတ်ခံရမှာလဲ မဟုတ်တော့။

***
(ဆက်ရန်)


၂၀၀၀ လောက်တုန်းက ဖတ်ဖူးတဲ့ မင်းလူရဲ့ ၀တ္ထု တစ်ပုဒ်ပါ။ လေးဖြူရဲ့ သီချင်း “ဒါလီနေ့” ကို နားထောင်မိတော့ ဒီဝတ္ထုကို သတိရမိတာနဲ့ ပြန်ဝေမျှချင်လို့ တင်လိုက်တာပါ။ ရိုက်ပြီးသလောက်ကို တစ်ပိုင်းချင်း တင်ပေးဖို့ စိတ်ကူးထားပါတယ်။ သီချင်းကို အပေါ်ဆုံးမှာ တင်ထားပေးပါတယ်။

14 comments:

  1. ပြောရင်ယုံမှာမဟုတ်ဘူး။

    (ဒါလီသည် ဘတ်စကား၏ ဘယ်ဘက်ခြမ်းမှာ ထိုင်နေသည်။ ဘယ်ဘက်လက်ကို ပြတင်းဘောင်ပေါ် တင်ထားသည်။ )

    အဲဒီစာသားကလေးကိုမြင်တာနဲ့မင်းလူကိုသတိရသွားတယ။်

    ReplyDelete
  2. ဝတ္ထုကိုကြည့်ရိုက်နေတာလား.အလွတ်ရိုက်နေတာလား။

    ReplyDelete
  3. အပေါ့်ဆုံးက သီချင်းနားထောင်လို့မရဘူး။

    ReplyDelete
  4. ဒီစာအုပ်ရှိတယ်၊ အင်္ဂလိပ်လို ဘာသာပြန်ပါလား? အစုတ်ပလုတ်ရည်းစားတွေပဲ ကြုံနေတဲ့ တရုတ်မသူငယ်ချင်းလေးတွေ ဖတ်ခိုင်းချင်လို့

    ReplyDelete
  5. အဟား
    “ကိုကို မဟုတ်ဘူးဆိုတာပဲ မှတ်မိတယ်”
    ဒါလေးတော့ သဘောအကျဆုံးပဲ ပီအိုက်ရ
    နာရီပါသွားတာတောင် သူ့ ကသူ့ ကိုကို မမေ့ဘူး
    စောင့်နေမယ် ဆက်ရန်ကို

    ReplyDelete
  6. ဖတ်ဖူး၏။ ပြန်ဖတ်သွားသည်။

    ReplyDelete
  7. စို... စို နာရီ ဖစ်နေဒယ် ကိုဘ...
    p နဲ့ o မှားရိုက်တယ် ထင်တယ်..။

    ReplyDelete
  8. စောင့်ဖတ်နေပါမည်...။

    ReplyDelete
  9. မဖတ်ဖူးပါ။ဖတ်သွား၏။ကျေးဇူး။

    ပုံ/ဘီလူး

    ReplyDelete
  10. ဖတ်ဖူးတယ် ko boyz ရေ မင်းလူဆိုရင် အရမ်းကြိုက်လွန်းလို့ ဆက်ရေးပါဦး ပြီးရင် အိမ်လာခဲ့ဦး သိလား ဘိုင်

    ReplyDelete
  11. နာရီအစုတ် နဲ့ မကောင်းတဲ့ရည်းစား အကြောင်းလားဟင်..
    သိသလို မသိသလို ဖြစ်နေလို့

    ReplyDelete
  12. အားလုံးပြောတာ မှန်ပါတယ်။
    မင်းလူရဲ့ ၀တ္ထု အဟောင်းလေးပါ။ မီးမီးချစ်ပြောတဲ့ နာရီအစုတ်နဲ့ အတ္တကြီးတဲ့ ချစ်သူ တစ်ယောက် အကြောင်းပါ။ လေးဖြူရဲ့ ဒါလီနေ့ သီချင်းကို နားထောင်ရင်း ဒါလီ၊ နာရီ ဆိုတာ သတိရလာတာနဲ့ အဲဒီ မင်းလူ ၀တ္ထုကို ကောက်ရိုက်လိုက်တာပါ။ ဖတ်ရတာ လွယ်သလောက် ပြန်ရိုက်ရတာ ပင်ပန်းတယ်။ ရိုက်ထားလက်စ တွေ မကုန်သေးတာမို့ အကုန်ရိုက်ပြီးမှပဲ ပြန်တင်ပေးဖို့ စိတ်ကူး ရှိနေပါတယ်။

    ဒီကြားထဲ ခရီးတစ်ခု ၃ ပတ်ကြာ ထွက်ဖြစ်ဦးမှာမို့ ဘလော့ဖက်ကို ခြေဦးမလှည့်နိုင်သေးဘူး ထင်ပါတယ်။

    ReplyDelete
  13. please continue when you are done typing. Thanks.

    ReplyDelete